စကားထစ်တဲ့ကလေး ( June, 2022 )

စကားထစ်တဲ့ကလေး အယောက် ၁၀၀ မှာ ၂၅ ယောက်လောက်က အသက်ကြီးတဲ့အထိ အကျင့်ပါသွား နိုင်ပါတယ်။ စောစောသိပြီး စောစော ပြုပြင်ပေးနိုင်ရင် အများစုက ပြန်ကောင်းသွားနိုင်ပါတယ်။

နုနယ်တဲ့ကလေးတစ်ယောက်ဘဝမှာ စကားထစ်တာကြောင့် စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေကတစ်ဆင့် ကြီးတဲ့အထိ လူတောမတိုးဝံ့တဲ့ဘဝမျိုး မဖြစ်ရအောင် ကူညီဖေးမပေးနိုင်ဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် ကလေးရဲ့ ပတ်ဝန်းကျင်မှာအချိန်အများဆုံး ရှိမယ့်သူတွေဖြစ်တဲ့ မိဘ၊ ဆရာ၊ ဆရာမတွေအတွက် ဒီ post ကို ရည်ရွယ်ပြီး ရေးသားတာဖြစ်ပါတယ်။

❓စကားထစ်ရခြင်းကို ဖြစ်ပေါ်စေတဲ့ အကြောင်းအရင်းတွေက ဘာတွေလဲ

စကားထစ်တာကို အကြမ်းအားဖြင်း ၃ မျိုးခွဲခြားလို့ရပါတယ်။

👉 ဖွံ့ဖြိုးမှုနဲ့ပတ်သတ်ပြီးဖြစ်ပေါ်တဲ့ စကားထစ်ခြင်း

ဒီအမျိူးအစားကတော့ အဖြစ်အများဆုံးပါ။ ကလေးပြောချင်တာ၊ ဖြစ်ချင်တာတွေကို စကားလုံးအနေနဲ့ ဖွင့်ဟပြောနိုင်ဖို့ သူ့ဦးနှောက်ထဲမှာ အလုပ်လုပ်တာက အနည်းငယ်နောက်ကျသွားတဲ့အတွက် စကားထစ် သွားတာပါ။ အသက် ၂ နှစ်ကနေ ၅ နှစ်အတွင်း ဖြစ်တတ်ပါတယ်။ ပင်ပန်းနေချိန်၊ စိတ်လှုပ်ရှားချိန်၊ စိတ်ပင်ပန်းချိန်တွေမှာ ပိုဖြစ်တတ်ပါတယ်။ မျိုးရိုးလိုက်တတ်ပါတယ်။

👉 ဦးနှောက်အာရုံကြောထိခိုက်ပြီးဖြစ်ပေါ်တဲ့ စကားထစ်ခြင်း

လေဖြတ်တာ၊ ဦးနှောက်ကို ထိခိုက်သွားတာမျိုးဖြစ်တာရဲ့ နောက်ဆက်တွဲအနေနဲ့ ပီပီသသ မှန်မှန်ကန်ကန် စကားပြောတာကို ဖြစ်စေတဲ့ ဦးနှောက်၊ အာရုံကြောတွေ၊ ကြွက်သားတွေ အချိတ်အဆက် ပုံမှန် မဖြစ်တော့တဲ့အတွက်ကြောင့် ဖြစ်တာပါ။

👉 စိတ်ကြောင့် စကားထစ်ခြင်း

ဒီအမျိူးအစားကတော့ ဖြစ်တာအရမ်းနည်းပါတယ်။ နင့်နင့်နဲနဲ စိတ်ထိခိုက်စရာကြုံပြီး စကားထစ် သွားတာပါ။ ဘယ်လိုဖြစ်တာလဲ။ ဘာပြောချင်လဲစိတ်ထဲမှာသိပေမယ့် ပုံမှန်လူတွေလို စကားကို ညက်ညက်ညောညော မပြောနိုင်ဖြစ်ရတာပါ။ အောက်မှာဖော်ပြထားတဲ့ အပြုအမူမျိုးတွေ ဖြစ်တတ်ပါတယ်။ – အသံတစ်ခု/ စကားလုံးတစ်ခု/ စကားစု တစ်ခုကိုအထပ်ထပ် ပြန်ပြောတာ (ငါ ငါ ငါ ငါ ငါ စားချင်တယ်)။

– အသံတစ်ခုကို အရှည်ဆွဲပြီးပြောတာ ( ငါ့ ညီ…………….မလေး ဘယ်မှာလဲ)။

– စကားပြောခါနီးမှာ အချိန်အခိုက်အတန့်တစ်ခုအထိ အသံမထွက်ဘဲဖြစ်နေတာ၊ မျက်တောင်ပုတ်ခတ် ပုတ်ခတ် လုပ်တာ၊ မျက်ကြောဆွဲတာ၊ နှုတ်ခမ်းရွဲ့သွားတာ၊ ခေါင်းဆတ်ကနဲ ဆတ်ကနဲ လှုပ်တာမျိုးတွေ နဲ့လည်း တွဲပြီးတွေ့ရတတ်ပါတယ်။

❓စကားထစ်ခြင်းရဲ့နောက်ဆက်တွဲ ဖြစ်နိုင်တဲ့ပြဿနာတွေက ဘာတွေလဲ?

👉 တစ်ခါတလေ စကားထစ်တဲ့လူကို ကိုယ်က ဘာရယ်မဟုတ်ဘဲ စ နောက်လိုက်တာပါ။ ဒါပေမယ့် စကားထစ်နေတဲ့သူအတွက် လူပေါင်းများစွာရဲ့ ပျက်ရယ်ပြုတာ၊ စိတ်မရှည်တာတွေ ခံနေရတာတွေကို မကြာခဏ ခံရဖန်များလာတဲ့အခါ အောက်ပါအကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်စေတတ်ပါတယ်။

– ကိုယ့်ကိုယ်ကို ယုံကြည်မှုအားနည်းလာတာ
– ကျောင်းတက်ဖို့ရှက်လာတာ
– တခြားလူတွေနဲ့ စကားပြောဖို့ရှက်လာတာ
– လူတောမတောဝံ့တော့ဘဲ သိမ်ငယ်စိတ်ဝင်တာ
စတာတွေကတစ်ဆင့် ကျောင်းမှာစာမလိုက်နိုင်တော့တာ၊ ပညာရေးဆုံးခန်းတိုင်အောင် မသင်ကြား နိုင်တော့တာ၊ လူမှုရေး၊ စီးပွါးရေး အစစအရာရာ ထိခိုက်သွားတာမျိုးတွေဖြစ်နိုင်ပါတယ်။ ကောက်ရိုးတန်ချိန်ပေါင်းများစွာထမ်းထားရတဲ့ မြင်းလေးအတွက် ကိုယ်ထပ်တင်လိုက်တဲ့ ကောက်ရိုးလေး တစ်မျှင်က ခါးကျိုးသွားစေနိုင်သလို မိမိရဲ့ စ နောက်လိုက်မှုတစ်ခုက ဖိစီးမှုများစွာ ခံစားနေရတဲ့ စကားထစ်သူ တစ်ယောက်ကို သူ့ဘဝရဲ့ အရေးပါတဲ့ အစိတ်အပိုင်းအကြီးကြီးတွေအထိ ထိခိုက် သွားစေနိုင်ပါတယ်။

❓စကားထစ်သူကို ဘယ်လိုကူညီပေးလို့ရမလဲ?

👉 စကားထစ်တာအတွက် ဒီဆေးသောက်ရင် ပျောက်ကိုပျောက်မယ်ဆိုတဲ့ ကုသမှု အတိအကျမရှိတဲ့အတွက် မိဘ၊ ကျောင်းဆရာ၊ ဆရာမတွေ၊ သူငယ်ချင်းအပေါင်းအသင်းတွေ စတဲ့ ပတ်ဝန်းကျင်ကသူတွေရဲ့ စကားထစ်ခြင်းအပေါ် နားလည်မှု၊ ကိုယ်ချင်းစာတရားနဲ့ ကူညီမှုတွေက အရမ်းအရေးကြီးပါတယ်။ အကောင်းဆုံးကတော့ Speech therapist လို့ခေါ်တဲ့ စကားပြောတာကို အထူးပြုလေ့လာတတ်ကျွမ်းတဲ့ ပညာရှင်တွေနဲ့ တိုင်ပင်ပါ။

✅ ပုံမှန်ကလေးတယောက်လိုပဲဆက်ဆံပေးပြီး ကလေးစကားဆုံးတဲ့ အထိ နားထောင်ပေးပါ။

✅ ကလေး ဘာပြောလဲဆိုတာကိုနားထောင်ပေးပါ။ ဘယ်လိုပြောလဲဆိုတာကို လိုက်ကြည့်မနေပါနဲ့။

✅ ကလေးကို စကားဖြည်းဖြည်းပြောနိုင်ဖို့လေ့ကျင့်ပေးပါ။ ဖြည်းဖြည်းပြောတဲ့အခါ စိတ်ဖိစီးမှုနည်းလာပြီး စကားထစ်တာလည်း တဖြည်းဖြည်း သက်သာလာနိုင် ပါတယ်။ အောက်ပါအတိုင်းလေ့ကျင့်ပေးပါ။

– ကလေးကို သူ့ဘာသာသူ သီးသန့်တစ်ယောက်တည်း အသံထွက်ပြီး စာအုပ်တစ်အုပ်ကို ဖြေးဖြေးခြင်း ဖတ်ခိုင်းပါ။ ( ကလေးလေ့ကျင့်နေတဲ့အချိန် ခိုးနားထောင်တာမျိုး၊ ကိုယ့်ရှေ့မှာ (သို့) တခြားလူတွေရှေ့မှာ ဖတ်ခိုင်းတာမျိုးက စိတ်ဖိစီးမှုပိုဖြစ်စေပြီး ပိုဆိုးစေပါနိုင်တယ်။) အဆင်ပြေပြီဆိုရင် စာအုပ်ဖတ်တဲ့ နှုန်းနဲ့ စကားကို ဖြည်းဖြည်းအေးအေး ပြောခိုင်းပါ။

– စကားစုတစ်ခု၊ စာတစ်ကြောင်းဖတ်ပြီးရင် ခဏနားစေပြီး ပြန်ပြောတဲ့ အကျင့်လုပ်ခိုင်းပါ။ ( မေမေ……သားသား…..ထမင်း….စားချင်တယ် စသဖြင့်)။

– ခက်ခဲတဲ့ စကားလုံးတွေကိုရှောင်ပြောတတ်အောင် သင်ပေးပါ။ ကလေးတစ်ယောက်ချင်းစီအတွက် ခက်ခဲတဲ့စကားလုံးတွေက မတူနိုင်ပါဘူး။ ( “ပလာတာ စားချင်တယ် ပြောဖို့အတွက် “ပလာတာ”ကို မပြောနိုင်ဘဲ ထစ်နေရင် စကားလုံးတစ်လုံးအတွက် ဖိအားမဖြစ်စေဘဲ “သားသား ဒါစားချင်တယ်” ဆိုတာမျိုးသင်ပေးဖို့ပါ )

✅ စိတ်ငြိမ်အောင် သင်ပေးတာကလဲ စိတ်လှုပ်ရှားတာ၊ စိတ်ဖိစီးတာတွေကို သက်သာစေရုံမက စကားထစ်တာကို ကုသနိုင်တဲ့နည်းလမ်းမှာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ မိဘ/ ဆရာ၊ ဆရာမများ အနေနဲ့ စကားထစ်နေတဲ့ကလေး ပြောချင်တာကို စိတ်ရှည်ရှည်နဲ့ စကားဆုံးအောင်နားထောင်ပေးပြီး စကားထစ်တာ အပြစ်မဟုတ်ကြောင်း၊ လက်ခံပေးကြောင်း၊ စိတ်အေးအေးနဲ့ပြောရင် တဖြည်းဖြည်း အဆင်ပြေသွားမှာဖြစ်ကြောင်း အားပေးစကားမျိုးပြောဆိုပေးပါ။

✅ ကလေး ပြောတဲ့ စကားကိုနားလည်ကြောင်း အသိအမှတ်ပြုတဲ့အနေနဲ့ သူ့စကားကို ပြန်ပြောပါ။

✅ လူကြီး ကိုယ်တိုင်ကလည်း စကားကိုဖြေးဖြေးပြောပြရင် ကလေးကပါ ဖြေးဖြေးပြောတတ်လာပါမယ်။

❌ စကားထစ်နေတာကို နောက်ကနေ လိုက်ပြင်ပေးနေတာ၊ ကလေးကို စကားဆုံးအောင်ပြောခွင့်မပေးဘဲ စိတ်မရှည်ဘဲ ကြားဖြတ်ပြောဆိုတာ၊ လူအများကြားထဲရောက်တဲ့အချိန် ကလေးကို ပုံမှန်စကားသံမျိုး ထွက်အောင် အတင်းအဓမ္မ စကားပြောပြခိုင်းတာမျိုးမလုပ်ပါနဲ့။

❌ ကလေး စကားပြောနေတုန်း အသက်ရှုဖို့၊ ဖြေးဖြေးပြောဖို့ စသဖြင့် သတိပေးတာမျိုးလုပ်ရင် ပိုဆိုးတတ်ပါတယ်။

❗️သတိပြုရန်

တခြားကလေးတွေ၊ လူကြီးတွေက ကလေးစကားထစ်တာကို စတာ နောက်တာ လုံးဝခွင့်မပြုပါနဲ့။ တခြားလူတွေက စကားထစ်တာနဲ့ပတ်သတ်ပြီး ကလေးရှေ့မှာ မှတ်ချက်ပေးတာ ၊ ပြင်ပေးတာမျိုး လုပ်ခွင့်မပြုပါနဲ့။

References 📚

📎Johns Hopkins Medicine: Stuttering in Children

📎The Sydney Children’s Hospitals network: Stuttering Medical News Today: How to stop or reduce a stuttering

❤️ NUG, MOH…တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းများ ပြသရန် ( နေ့စဥ် မနက် ၈နာရီမှ ညနေ၆နာရီအထိ )

ကြိုတင်ဘိုကင်ယူရန်အတွက် ( https://m.me/telehealthmm )ကိုနှိပ်ပါ။

ချက်ချင်းဆေးခန်းပြရန်အတွက်( https://t.me/TelehealthMM )ကိုနှိပ်ပါ

Ministry of Health,

National Unity Government.

Published on: 25 June 2022
Last Updated: 25 June 2022