ပန်းနာရင်ကြပ်ရောဂါ (Asthma)

===================================

❓ပန်းနာရင်ကြပ်ဆိုတာဘာလဲ

– ပန်းနာရင်ကြပ်ခြင်းဆိုတာဟာ သူများတွေထက်မိမိတို့ရဲ့လေပြွန်(bronchus)က ပိုတုန့်ပြန်မှုအားကောင်းပြီး ယာယီကျဥ်းသွားတာပါ

– ကျဥ်းသွားတယ်ဆိုတာဟာ

(၁) လေပြွန်ရောင်ခြင်း

(၂) လေပြွန်ပတ်လည်ရှိ ကြွက်သားညှစ်ထားခြင်း

(၃) လေပြွန်အတွင်း အချွဲ(mucous) များနေခြင်း

တို့ကြောင့်ဖြစ်ပါတယ်။

❓ဘယ်လိုအရာတွေက လေပြွန်ကျဥ်းတာကိုလှုံ့ဆော်ပေးတာလဲ

– ဓာတ်မတည့်ခြင်း (ဖုန်မှုန့်၊ ပိုလန်၊ မှို)

– အလုပ်လုပ်ရာတွင် အိမ်သုတ်ဆေး၊ ဖျန်းဆေး၊ ဓာတုဆေးဝါး တို့နဲ့ထိတွေ့ခြင်း၊ ရှူမိခြင်း

– ဆေးလိပ်ငွေ့နှင့် အခြားသောအငွေ့များ(ခြင်ဆေး၊သစ်ရွက်မီးရှို့ခြင်း၊ ဖယောင်းတိုင်)

– ရာသီဥတုအပြောင်းအလဲမြန်ခြင်း၊ အအေးမိခြင်း

– အေးတဲ့အချိန်တွင် အားကစားပြုလုပ်ခြင်း

– မတည့်သောအစာများ စားမိခြင်း(ပင်လယ်စာ၊

မြေပဲ)၊ ဆိုးဆေး၊ ရသာမှုန့်ပါသောအစာများစားမိခြင်း

– စိတ်ဖိစီးမှုများခြင်း

– အချို့သောဆေးများ(aspirin)

တို့ကြောင့်ဖြစ်စေပါတယ်။

– ကလေးတွေမှာဆိုရင်တော့ မိသားစုမျိုးရိုးမှာလည်း ပန်းနာရင်ကြပ်ဖြစ်တဲ့ရာဇဝင်ရှိတတ်ပြီး နို့ပွေး၊ နှင်းခူ၊ မနက်မနက်နှာရည်ကျတာတွေနဲ့တွဲဖြစ်တတ်ပါတယ်။

❓ရင်ကြပ်ခြင်းရဲ့လက္ခဏာတွေက ဘာတွေလဲ

– ရင်ဘတ်တင်းကြပ်ခြင်း

– မောခြင်း

– အသက်ရှူရင် တရွှီရွှီမြည်နေခြင်း

– ချောင်းဆိုခြင်း(ညဘက်တွင်ပိုဆိုးတတ်ပါတယ်)

❓ဘယ်လိုလက္ခဏာတွေပြရင် အသက်အန္တရာယ်ရှိနေပြီလဲ

❗️ပြင်းထန်တဲ့ရင်ကြပ်ခြင်း(acute severe asthma)မှာဆိုရင်

– အသက်ရှူမြန်တာ

– ရင်တုန်တာ

– မောပြီး စာတစ်ကြောင်းကိုပြီးအောင်မ​ပြောနိုင်တာတွေဖြစ်တတ်ပါတယ်။

❗️အသက်အန္တရာယ်ရှိသောရင်ကြပ်ခြင်း (life threatening asthma)မှာဆိုရင်တော့

– ကယောင်ကတမ်းဖြစ်တာ၊ သတိမေ့သွားတာ

– အသက်ရှူအရမ်းနှေးသွားတာ

– အရမ်းမောပြီး နှုတ်ခမ်းနဲ့ ခြေလက်တွေ ပြာနှမ်းသွားတာ

– နှလုံးခုန်နှေးသွားတာ၊ သွေးပေါင်ကျတာစသည်တွေဖြစ်တတ်ပါတယ်။

*** ဒီလိုလက္ခဏာတွေနဲ့ကြုံလာရင်တော့ နီးစပ်ရာဆေးရုံဆေးခန်းကိုအမြန်ဆုံးပို့ပေးပါ ***

❓ရင်ကြပ်တာကို ဘယ်လိုကုသကြမလဲ

✔️အဓိကကတော့ ရင်ကြပ်ခြင်းကိုလှုံ့ဆော်ပေးတဲ့အရာတွေကို ရှောင်ခြင်းဟာအကောင်းဆုံးပါ

✔️ကုသနည်းကို ရင်ကြပ်သူအပြင် အနီးအနားရှိသူတွေပါသိထားသင့်ပါတယ်

✔️ကုသနည်းကတော့ ရောဂါအခြေအနေပေါ်မူတည်ပြီးအဆင့်အမျိုးမျိုးရှိပါတယ်

(၁) အသက်ရှူလမ်းကြောင်းကို တိုက်ရိုက်ကုသနိုင်တဲ့ ဂေါက်တံရှူတာကနေစပါတယ်။

ဂေါက်တံအမျိုးအစားဟာအကြမ်းအားဖြင့် (၂) မျိုးရှိပါတယ်

– ကြပ်နေတဲ့အချိန်ရှူရတဲ့ reliever

– မကြပ်အောင်ကာကွယ်တဲ့ preventer

၂မျိုးလုံးပေါင်းထားတာ တွေလည်းရှိပါတယ်

(၂) ဂေါက်တံလေးတွေနဲ့ရှူသော်လည်း မသက်သာမှသာ

သောက်ဆေးများ ထပ်ထည့်ပေးပါတယ်

❓ဒါဆိုဂေါက်တံလေးနဲ့ နည်းလမ်းမှန်အောင်ဘယ်လိုရှူကြမလဲ

– ဆေးဘူးကို ဂေါက်တံထဲ ထည့်လိုက်ပါ

– ဂေါက်တံမှာပါတဲ့အဖုံး ဖွင့်လိုက်ပါ

– ဂေါက်တံကို ဆေးအနည်မထိုင်အောင် ၂စက္ကန့်လောက် ခါလိုက်ပါ

– ဂေါက်တံကိုထောင်ပြီး ပါးစပ်နေရာကိုငုံလိုက်ပါ

– အသက်ဖြည်းဖြည်း ရှူထုတ်လိိုက်ပါ

– ခေါင်းကိုအနောက်ဖက်အနည်းငယ် မော့လိုက်ပါ

– အသက်ကိုပါးစပ်နဲ့ဖြည်းဖြည်းရှူသွင်းပြီး ရှူနေဆဲတစ်ဝက်လောက်မှာ ဆေးကိုဖိချလိုက်ပါ

– ဆက်ပြီး (၃)စက္ကန့်လောက် ပါးစပ်နဲ့အဆုံးထိအသက်ရှူသွင်းလိုက်ပါ

– ဂေါက်တံကိုပါးစပ်မှခွာပြီး (၁၀)စက္ကန့်လောက်အသက်ရှူအောင့်ထားပါ

– ပြီးမှဖြည်းဖြည်းချင်းရှူထုတ်လိုက်ပါ

– နောက်တစ်မိနစ်လောက်နေမှ လိုအပ်သလိုဂေါက်တံပြန်ရှူပါ

❗️မကြပ်အောင်ကာကွယ်တဲ့ Preventer ဆေးရှူပြီးတိုင်း ပါးစပ်ကိုရေနဲ့သေချာပလုတ်ကျင်းပေးပါ

( ဆေးကကိုယ်ခံအားကျစေကာ ပါးစပ်မှာမှက်ခရုဖြစ်စေနိုင်ပါတယ် )

✔️ဂေါက်တံနှင့်တိုက်ရိုက်ရှူလို့အဆင်မပြေတဲ့သူများဆိုရင် spacer တပ်ပြီးရှူလို့လည်းရပါတယ်

❓တစ်နေ့ကို ဂေါက်တံနဲ့ ဘယ်နှခေါက်ရှူလို့ရမလဲ

– ပုံမှန်အားဖြင့်တော့ ရင်ကြပ်နေတဲ့အချိန်ဆိုရင်အကြပ်သက်သာဆေး Reliever က တစ်နေ့ကို (၄)နာရီခြားပြီး တစ်ခါရှူရင် တစ်ခေါက် နှစ်ခေါက်ထိရပါတယ်

– ရှူနေသော်လည်းမသက်သာတာ၊ ဆရာဝန်ပုံမှန်ရှူခိုင်းတာထက်ပိုရှူမှသက်သာတာ ဆိုရင်တော့ ရှူနည်းမမှန်တာ (သို့မဟုတ်) ဆေးထပ်တိုးရမှာဖြစ်တဲ့အတွက် ဆရာဝန်နဲ့ပြန်တိုင်ပင်ပေးပါ။

Reference 📚

Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.224,225,226

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

👉Telegram အကောင့်ရှိရုံဖြင့်…

တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

( နေ့စဥ် မနက် ၈နာရီမှ ညနေ၆နာရီအထိ )

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

ချက်ချင်း တန်းစီ၍ ဆေးခန်းပြရန်အတွက် ( https://t.me/TelehealthMM )ကို နှိပ်ပါ

Ministry oh Health,

National Unity Government.

Published on: 4 June 2022
Last Updated: 4 June 2022