လေထုညစ်ညမ်းမှုအန္တရာယ် (Air Pollution) နှင့် သင့် ကျန်းမာရေး (မတ်လ၊ ၂၀၂၃ ခုနှစ်)

လေထုညစ်ညမ်းမှုအန္တရာယ် (Air Pollution) နှင့် သင့် ကျန်းမာရေး (မတ်လ၊ ၂၀၂၃ ခုနှစ်)

💨 လေထုညစ်ညမ်းမှု ဘာကြောင့် ဖြစ်ရသလဲ?

လေထုညစ်ညမ်းမှုဆိုသည်မှာ လူတို့၏ ကျန်းမာရေးကို ဘေးအန္တရာယ်ဖြစ်စေသည့် အရာဝတ္ထု သို့မဟုတ် အမှုန်များနှင့် ဓာတ်ငွေ့များ ရောနှောနေသော ဒြပ်ပေါင်းများ လေထုထဲ၌ တည်ရှိနေခြင်းကို ဆိုလိုသည်။ လေထုညစ်ညမ်းစေသော အရာဝတ္ထုများကို သဘာဝကြောင့်သာမက လူသားတို့ကြောင့်ပါ ထုတ်လွှတ် နေသည်။

လေထုညစ်ညမ်းမှုကို ဖြစ်စေသောအရာများ ထုတ်လွှတ်မှုလျှော့ချရေး နိုင်ငံတကာ ကတိကဝတ်များတွင် သတ်မှတ်ထားသည့် လေထုညစ်ညမ်းမှု ဖြစ်စေသောအရာများမှာ (PM 2.5) ဟု ခေါ်သည့် သေးငယ်လွန်းသော အမှုန်အမွှားများ၊ အမိုးနီးယား (NH3)၊ နိုက်ထရိုဂျင် ဒိုင်အောက်ဆိုဒ် (NO2)၊ ဆာလဖာ ဒိုင်အောက်ဆိုဒ် (SO2) နှင့် မီသိန်းအဖြစ် မပြောင်းလဲနိုင်သော အော်ဂဲနစ်ဒြပ်ပေါင်းများ (NMVOCs) တို့ ဖြစ်သည်။ အခြားသော ပတ်ဝန်းကျင် (ပြင်ပ) လေထုညစ်ညမ်းမှုဖြစ်စေသော အရာများတွင် အိုဇုန်းနှင့် ကာဗွန် မိုနောက်ဆိုဒ် (CO) တို့ ပါဝင်သည်။

ပတ်ဝန်းကျင်လေထုညစ်ညမ်းမှုသည် သယ်ယူပို့ဆောင်ရေး၊ စက်မှုလုပ်ငန်း၊ စိုက်ပျိုးရေး၊ စွမ်းအင်ထုတ်လုပ်ခြင်းနှင့် အိမ်တွင်းအပူပေးစနစ် အစရှိသည်တို့မှ အစပြုသည်။ လေထုတွင်း လေထုညစ်ညမ်းမှုပမာဏသည် အချိန်ကာလနှင့် နေရာဒေသအလိုက် ကွဲပြားခြားနားသော်လည်း များသောအားဖြင့် လေထုညစ်ညမ်းမှုအစပြုသော အရင်းအမြစ်နှင့် နီးလေလေ ညစ်ညမ်းမှုပိုများလေလေ ဖြစ်သည်။ အထူးသဖြင့်မြို့ပြဒေသများတွင် အမှုန်အမွှားများနှင့် နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ် ပါဝင်မှု အထူးမြင့်မားနိုင်သည်။

အိမ်တွင်း/အဆောက်အအုံတွင်း လေထုညစ်ညမ်းမှုသည်လည်း ညစ်ညမ်းသော လေထုနှင့် ထိတွေ့မှုဖြစ်ခြင်း၏ အဓိက ပင်မအခြင်းအရာဖြစ်သည်။ လူတစ်ယောက်သည် ပျမ်းမျှအားဖြင့် အိမ်ထဲ/အဆောက်အအုံထဲတွင် ၈၀% ခန့် အချိန်ကုန်ဆုံးသောကြောင့် အိမ််တွင်း/အဆောက်အအုံတွင်း လေထုညစ်ညမ်းမှုသည် ထည့်သွင်းစဥ်းစားရန် အရေးပါပေသည်။

💨 လေထုကိုညစ်ညမ်းစေသော ပစ္စည်းများနှင့် ရင်းမြစ်များ

⚛ ကာဗွန်မိုနောက်ဆိုဒ်၊ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ်နှင့် မီးသွေး၊ ဂတ်စ်၊ ရေနံနှင့် သစ်သား စသည့် ကာဗွန်ပါသော လောင်စာဆီများကို လောင်ကျွမ််းပြီး အသုံးပြုသည့် အိမ်တွင်းသုံးစက်ပစ္စည်းများ (ရေနွေးငွေ့စက်ဘွိုင်လာများ၊ အပူပေးစက်၊ မီးရှို့/မီးမွှေးခြင်းများ၊ လျှပ်စစ်မီးဖိုများနှင့် ဂတ်စ်မီးဖိုများ) စသည်မှ ထုတ်လွှတ်သော အမှုန်များ
⚛ သန့်ရှင်းရေးနှင့် တစ်ကိုယ်ရေသုံး ထုတ်ကုန်ပစ္စည်းများ၊ ဆောက်လုပ်ရေးပစ္စည်းများနှင့် အိမ်သုံးကုန်ပစ္စည်းများ (သုတ်ဆေးများ၊ ကော်ဇောများ၊ ကြွေထည်ပရိဘောဂများ၊ သန့်ရှင်းရေးပစ္စည်းများ၊ လေထုသန့်စင်ဆေးများနှင့် ပေါလစ်ဆီများ) မှ ထုတ်လွှတ်သည့် အော်ဂဲနစ်ဒြပ်ပေါင်းများ
⚛ ပတ်ဝန်းကျင်ရှိ ဆေးလိပ်၊ စီးကရက်ငွေ့များနှင့် တစ်ဆင့်ခံ ဆေးလိပ်ငွေ့များ

လေထုညစ်ညမ်းစေသော အရာများတွင် ကျောက်တုံးများနှင့် မြေကြီးများဆီမှ သဘာဝအလျောက် ဖြစ်ပေါ်သည့် ယူရေနီယမ် (uranium) နှင့် ရေဒီယမ် (radium) ဒြပ်သတ္တုများ အနည်းငယ် ပျက်စီးယိုယွင်းရာမှ ထွက်ပေါ်လာသော အရောင်၊ အဆင်းနှင့် အနံ့မရှိသည့် ရေဒီယိုသတ္တိကြွ ဓာတ်ငွေ့တစ်မျိုးဖြစ်သည့် ရေဒွန် (radon) လည်း ပါဝင်သည်။ ၎င်းရေဒွန်နှင့် ပမာဏအများအပြား ထိတွေ့မှု၏ အဓိကအန္တရာယ်သည် အဆုတ်ကင်ဆာဖြစ်နိုင်ခြေ ပိုများလာခြင်းဖြစ်သည်။ ၎င်းသည် ယေဘုယျအားဖြင့် ပြင်ပလေထုထဲ၌ ပြဿနာမဟုတ်သော်လည်း အဆောက်အအုံများထဲတွင် စုပုံနေလေ့ရှိသည်။

💨 လေထုညစ်ညမ်းမှုက ကျန်းမာရေးအပေါ် ထိခိုက်စေမှုများ

လေထုညစ်ညမ်းမှုဖြစ်စေသော အရာများ၏ ကျန်းမာရေးအပေါ် သက်ရောက်မှုသည် လူတစ်ဦးချင်းစီ၏ ထိုညစ်ညမ်းသော အရာများကို ထိတွေ့မှု အန္တရာယ်အဆင့်အလိုက် အချက်များစွာအပေါ် မူတည်နေသည်။ ၎င်းတို့တွင် အသက်၊ လိင်၊ အစားအသောက်၊ မိသားစု မျိုးရိုးရာဇဝင်၊ ဘဝနေထိုင်မှုပုံစံ နှင့် လက်ရှိကျန်းမာရေးအခြေအနေ တို့အပြင် လူတစ်ဦးချင်းစီ၏ လေထုညစ်ညမ်းမှုပစ္စည်းများနှင့် ထိတွေ့ပုံ၊ ပမာဏ၊ ကြာချိန် စသည်တို့ ပါဝင်သည်။

လေထုညစ်ညမ်းမှုသည် မျက်စိ၊ နှာခေါင်းနှင့် လည်ချောင်း၊ နှလုံးနှင့် ဆက်စပ်သွေးကြောများနှင့် အဆုတ်နှင့် အသက်ရှုလမ်းကြောင်းစနစ်တို့အပေါ် ထိခိုက်နိုင်သည်။

ကာလတို ထိတွေ့မှု (နာရီပိုင်း သို့မဟုတ် ရက်ပိုင်း) သည် အဆုတ်လုပ်ငန်းဆောင်တာများ၊ ချောင်းဆိုးခြင်း၊ ချွဲကျပ်/အသက်ရှူကျပ်ခြင်း နှင့် အသက်ရှူမဝခြင်း၊ ရင်ကျပ်ပန်းနာရောဂါ ပိုဆိုးလာခြင်းနှင့် အသက်ရှူလမ်းကြောင်း နှင့် နှလုံးနှင့်သွေးကြောဆိုင်ရာကြောင့် ဆေးရုံတက်ရမှုပိုများလာခြင်းနှင့် သေဆုံးသည်အထိ ကျန်းမာရေးအပေါ်ရိုက်ခတ်မှုစသဖြင့် မျိုးစုံဖြစ်စေနိုင်သည်။

ရေရှည် (နှစ်ပေါင်းများစွာ သို့မဟုတ် ဘဝတစ်လျှောက်) ထိတွေ့မှုသည် နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါများ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများနှင့် အဆုတ်ကင်ဆာများကြောင့် လူ့သက်တမ်း တိုလာစေသည်။ များမကြာမီက သုတေသနလေ့လာမှုများအရ လေထုညစ်ညမ်းမှုသည် ဦးနှောက်အပေါ်လည်း ထိခိုက်မှုရှိပြီး Dementia ကဲ့သို့ အသိမှတ်ဉာဏ်လျော့ပါးလာခြင်းနှင့် သိမြင်မှုကျဆင်းလာခြင်း စသည်တို့နှင့် ဆက်စပ်မှုရှိကာ ဆီးချိုရောဂါနှင့်လည်း နှီးနွယ်မှုရှိပြီး ကိုယ်ဝန်ဆောင်ကာလ အစောပိုင်းတွင် သက်ရောက်မှုရှိခြင်းကြောင့် မွေးကင်းစကလေး ကိုယ်အလေးချိန်နည်းခြင်းနှင့် ဖွံ့ဖြိုးမှုဆိုင်ရာပြဿနာများကဲ့သို့သော မွေးဖွားလာသော ကလေးများတွင် အမျိုးမျိုးသော ရောဂါပြဿနာများ ဖြစ်ပေါ်လာစေနိုင်သည်။

💨 ထိခိုက်လွယ်သော အုပ်စုများ

လေထုညစ်ညမ်းမှုကြောင့် မည်သူမဆို ကျန်းမာရေးထိခိုက်နိုင်သည်။ အချို့သောသူများသည် အခြားသူများထက် ပိုထိခိုက်လွယ်ကြသည်။ ၎င်းအုပ်စုတွင်

⚛ ကလေးများ
⚛ သက်ကြီးရွယ်အိုများ
⚛ နှလုံးသွေးကြော သို့မဟုတ် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါအခံရှိသူများ
⚛ ကိုယ်ဝန်ဆောင်အမျိုးသမီးများ
⚛ ပျားပန်းခတ်မျှ ရှုပ်ထွေးနေသော လမ်းမကြီးများနှင့်နီးပြီး လေထုညစ်ညမ်းမှုများသည့် နေရာများတွင် နေထိုင်သူများ
⚛ ဝင်ငွေနည်းပါးသူများ

💨 ရှေ့တန်းကျန်းမာရေးဝန်ထမ်းများက အရေးတယူ လုပ်ဆောင်ရမည့်အရာများ

ကျန်းမာရေးစောင့်ရှောက်မှုပေးသည့် တတ်ကျွမ်းပညာရှင်များအနေဖြင့် အရေးကြီးသတင်းစကားများ ဖြန့်ဝေခြင်းနှင့် လေထုညစ်ညမ်းမှု မြင့်မားသည့် အချိန်များတွင် သက်ရောက်မှု ခံစားရနိုင်သည့် လူထုထံသို့ ထိတွေ့မှုလျှော့ချရန် နည်းလမ်းများနှင့်ပတ်သက်၍ အောက်ပါအကြံပြုချက်များကို မျှဝေပေးခြင်းဖြင့် တစ်ဦးချင်းစီအပေါ် အကျိုးသက်ရောက်မှု ဖော်ဆောင်ပေးနိုင်သည်။

⚛ လေထုညစ်ညမ်းမှုများနေသည့် အချိန် သို့မဟုတ် နေရာများ၌ အားသွန်ခွန်စိုက်လုပ်ရသည့် အလုပ်များ (အားကစားလုပ်ခြင်း) ကို ကန့်သတ်ခြင်း သို့မဟုတ် ရှောင်ရှားခြင်း (မျက်စိ၊ လည်ချောင်းနာခြင်း၊ သို့မဟုတ် ချောင်းဆိုးခြင်းစသည့် လက္ခဏာများ ခံစားလာရပါက ဤအချက်ကို ပိုအလေးပေးသင့်သည်)
⚛ လိုအပ်ပါက ရင်ကျပ်ပန်းနာသက်သာစေသော ဆေးဝါးများကို ပိုမိုအသုံးပြုရန်
⚛ ကားကျပ်နေချိန် လမ်းမကြီးများကို မျက်နှာမူထားသည့် နေအိမ်များအနေဖြင့် တံခါးမကြီးများနှင့် ပြတင်းပေါက်များကို ပိတ်ထားခြင်းဖြင့် ညစ်ညမ်းနေသော အပြင်လေ ဝင်ရောက်လာနိုင်မှုနှင့် ထိတွေ့မှုကို လျှော့ချခြင်း

Source: https://www.gov.uk/government/publications/air-pollution-applying-all-our-health/air-pollution-applying-all-our-health

Ministry of Health,

National Unity Government.

nugmoh #airpollution #air #pollution #pollutants

Published on: 13 March 2023
Last Updated: 13 March 2023