သားဥအိမ်ဆိုတာ ဘာလဲ ? အမျိုးသမီးတစ်ယောက်ဘဝမှာ ဘယ်လောက်အရေးပါသလဲ ?
သားဥအိမ်ဆိုတာဟာ အမျိုးသမီးတွေရဲ့ မျိုးဆက် (မျိုးဥ)ကို လစဥ် ထုတ်လုပ်ပေးတဲ့ ကိုယ်တွင်းအင်္ဂါအမျိုးအစားဖြစ်ပါတယ်။ သားဥအိမ် ဘယ်ညာဆိုပီး (၂)ဘက်ပါသလို သူရဲ့ လုပ်ငန်းဆောင်တာကလည်း အရွယ်ရောက်ပီးအမျိုးသမီး ဘဝကနေ သွေးဆုံးချိန်ထိ တစ်လတစ်ခါ မျိုးဥကြွေပေးခြင်းအမှုကို ထမ်းဆောင်ပါတယ်။ မျိုးဥကြွေခြင်းနဲ့အတူ ဟော်မှုန်းများလည်း ထုတ်ပေးပါသေးတယ်။
သားဥအိမ်မှာဖြစ်တဲ့ ရေအိတ်ဆိုတာဘာလဲ? ကင်ဆာလား? အလုံအကြိတ်ပဲလား?
သားဥအိမ် ရေအိတ်အကြောင်း အခုပြောမှာကတော့ တစ်လုံးထဲရှိတဲ့ ရေအိတ်ကိုပြောခြင်းပါ။ သေးသေး လုံးလုံး ပုတီးစေ့လေးလို (၂)လုံးထက်အများကြီးရှိနေခြင်းကိုမဆိုလိုပါ။
ဖြစ်တတ်သော သားဥအိမ် အရည်လုံး အမျိုးအစားများမှာ
(၁) Functional Cysts ( သားဥအိမ်မှာပုံမှန်လုပ်ငန်းလုပ်ဆောင်ပီးနောက်ကျန်ရစ်သော အလုံး)နဲ့
(၂) အခြားသောအရည်အိတ်များ ဆိုပြီးခွဲခြားထားပါတယ်
…
…
(၁) Functional Cysts
Functional Cysts ထဲတွင် Follicular cyst (မမျိုးဥမကြွေဘဲ ကျန်ရှိသော အရည်အိတ်)နှင့် Corpus luteum cyst ( မမျိုးဥကြွေပီးနောက် ကျန်ရှိနေသော အရည်အိတ်)တို့ ပါဝင်ပါတယ်
– Follicuar cyst များမှာ မမျိုးဥမကြွေဘဲ တဖြေးဖြေး ကြီးထွားလာတတ်သော ရေအိတ်အမျိုးအစားဖြစ်ပါသည်။
– Corpus luteum cyst များမှာ မမျိုးဥကြွေပီးနောက် ဟော်မုန်းများထုတ်ပေးပြီး ကိုယ်၀န်မဆောင်ခဲ့ပါက အချိန်တန်လျှင် တဖြေးဖြေး ကွယ်ပျောက်သွားတတ်ပါတယ်။ တစ်ခါတစ်ရံ မကွယ်ပျောက်ဘဲကျန်ရှိကာ သားဥအိမ်ရေအိတ် ဖြစ်တတ်ပါတယ်။
(၂) အခြားသောရေအိတ်အမျိုးအစားများတွင်
– Dermoid cyst ခေါ် Teratoma သည် ရာသီထိန်ပီး ကြီးထွားလာသောအလုံးမျိုးဖြစ်ပါသည်။ ဆရာဝန်နှင့်ပြသပြီး ခွဲစိတ်ကြည့်တဲ့အခါ သွား၊ဆံပင်နဲ့ အရေပြား စတာတွေကိုတွေ့ရတတ်ပါတယ်။ အရပ်ထဲမှာ အောက်လမ်းနဲ့ လုပ်တယ် ဘာညာ ပြောဆိုတာကြားဖူးပါလိမ့်မယ်…ရုပ်ရှင်တွေထဲ မြင်ဖူးလိမ့်မယ်…အမှန်တကယ်က အသက်ရလာတဲ့ အပျိုကြီးတွေမှာ ဖြစ်တတ်တဲ့ သဘာဝတစ်မျိုးဖြစ်ပါတယ်။
– Cystadenoma ဆိုတာကတော့ သားဥအိမ် အပေါ်လွှာကနေကြီးထွားလာတတ်တဲ့ အလုံးအမျိုးအစားပါ။ Cystadenoma ထဲမှာ အရည်ကြည်/ ပျစ်ချွဲချွဲ အရာဝတ္ထုတွေ အပြည့်ပါတတ်ပါတယ်။Cystadenoma အလုံးဟာ တဖြေးဖြေးနဲ့ ကြီးထွားလာတတ်ပါသည်။
– Endometrioma (Endometriosis) ဆိုတာလည်း ရှိပါသေးတယ်။ သားအိမ်ထဲက တစ်ရှူးတချို့ကို သားအိမ်ပြင်ပမှာတွေ့ခြင်းပါ။ သားအိမ်အတွင်းသားတစ်ရှူးတွေကို သားဥအိမ်ထဲမှာ သွားတွေ့ရတဲ့အခါ endometrioma လို့ခေါ်ပြီး သားဥအိမ် အရည်အိတ်အဖြစ်တည်ရှိနေတတ်ပါတယ်။
သားဥအိမ် ရေအိတ်အမျိုးအစားများတွေထဲမှာ Dermoid cysts နဲ့ Cystadenoma တို့ဟာ သားဥအိမ်ကို နဂိုရှိနေကြနေရာမှ ရွေ့သည်အထိကြီးထွားလာတတ်ပြီး နောက်ဆုံး သားဥအိမ် လိမ်ကျစ်ကာ အလွန်အမင်း နာကျင်ခြင်းကို ခံစားရတတ်ပါတယ်။
သားဥအိမ် ရေအိတ်ဆိုတာတွေဟာ ဘယ်လိုတွေက စဖြစ်လာခဲ့တာလဲ
သားဥအိမ်ရေအိတ် ဖြစ်ပေါ်လာပုံများ
(၁) ဟော်မုန်းမညီမျှခြင်းကြောင့် / ကလေးလိုချင်သူများ မျိုးဥ ကျွေဆေးသောက်ပြီးနောက် တစ်ခါတလေ ဖြစ်တတ်ပါတယ်
(၂) အမျိုးသမီးများ ကိုယ်၀န်စဆောင်စဥ် Corpus Luteum Cyst အဖြစ်ကျန်ရှိနေပီး အချိန်တန်သော်လည်းမကွယ်ပျောက်ဘဲ အရည်အိတ်အဖြစ် ဖြစ်ပေါ်နေတတ်ပါတယ်
(၃) Endomeiosis လိုခေါ်သော သားအိမ် အတွင်းသားမျက်နှာပြင်မှ တစ်ရှူးများ သားဥအိမ်တွင် ရောက်ရှိတွယ်ဆက်နေပီး ရေအိတ်အဖြစ် ဖြစ်ပေါ်နေတတ်ပါတယ်
(၄) ဆိုးရွားသော တင်ပဆုံခွက်တွင်း ပိုးကူးစက်မှုကြောင့် သားဥအိမ်ကို ပိုးများပျံ့နှံ့ကာ သားဥအိမ် ရေအိတ်အဖြစ် ဖြစ်ပေါ်နေတတ်ပါတယ်။
(၅) ယခင်က သားဥအိမ်ရေအိတ်ရောဂါခံစားရဖူးသူ အမျိုးသမီးတွေမှာ နောက်တစ်ခါ ရေအိတ်ဖြစ်ပေါ်တတ်ပါသည်။
သားဥအိမ်ရေအိတ်ကို ဘယ်လိုကာကွယ်မလဲ
သားဥအိမ်ရေအိပ်အများစုကို ကာကွယ်နိုင်သော နည်းလမ်းမရှိပါ။
အချို့သောရေအိတ်တွေဟာ အပျိုကြီးများမှာပဲ ဖြစ်ပေါ်တတ်တာကိုတော့ သတိမူသင့့်ပါတယ်
အမျိုးသမီးများရာသီစက်ဝန်း မူမမှန်လာခြင်း(ဓမ္မတာ ၇ရက်အထက် လာခြင်း၊ သာမာန်ပမာဏနှင့်မတူဘဲ အလွန်အမင်းများလာခြင်း၊ သာမာန်ဖြစ်ဖြစ်နေကျနဲ့မတူဘဲကိုက်ခဲခြင်း) စတာတွေကို သေသေချာချာ မှတ်သားပြီး သားဖွားမီးယပ်ဆရာဝန်များနှင့်တိုင်ပင်ပါ
ပုံမှန် စမ်းသပ်စစ်ဆေးမှုများ ခံယူပါက စောစောသိ စောစောကုသပြီး ကြီးထွားမှုကိုထိန်းကာ တဖြေးဖြေး သက်သာပျောက်ကင်းသွားနိုင်ပါတယ်
သားဥအိမ်ရေအိပ် မပျောက်ကွယ်ဘဲ ကြီးထွားလာနေပါက အချိန်မှီ ခွဲစိပ်ကုသမှု ခံယူမှသာ နောက်ဆက်တွဲ များမှ ကာကွယ်နိုင်ပါလိမ့်မည်။
နောက်ဆက်တွဲတွေကတော့….
သားဥအိမ်လိမ်ကျစ်သွားခြင်း (Ovarian torsion )နှင့် သားဥအိမ် ပေါက်ထွက်ခြင်း (Cyst rupture) တို့ကိုခံစားရနိုင်ပါတယ်
နောက်ဆက်တွဲ ခံစားရမှုများကို ဘယ်လို ကာကွယ်မလဲ
နောက်ဆက်တွဲ ဆိုးကျိုးများပေါ်ပေါက်လာနိုင်ကြောင်း သတိထားကာ သားဖွားမီးယပ်အထူးကုများနှင့် ပြသတိုင်ပင်ကာ အမြဲမပျက် ဆရာ၀န်ချိန်းဆိုထားတဲ့အတိုင်း (သို့) တစ်ခုခု ထူးခြားလာရင်ချက်ချင်း ပြန်ပြသပါ
သားဥအိမ်ရေအိတ်ဟာ ကြီးထွားလာပြီး ထိမိခိုက်မိခဲ့ရင် အချိန်မရွေး ပေါက်ထွက်နိုင်တာကြောင့် လိုအပ်ရင် ခွဲစိတ်ကုသမှုခံယူဖို့ တွေဝေကြောက်လန့့်မနေသင့့်ပါကြောင်း ပြောကြားရင်း…
” အမျိုးသမီးများအားလုံး သားဥအိမ်ရေအိတ်ရောဂါမှ ကင်းဝေးကြပါစေ “
Reference
https://www.mayoclinic.org/…/symptoms-causes/syc-20353405
NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ
တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဥ် မနက် ၈နာရီမှ ည၁၀နာရီအထိ )
Ministry of Health,
National Unity Government.

Published on: 8 October 2022
Last Updated: 8 October 2022