အရေပြားကင်ဆာ (Skin Cancer)

အရေပြားကင်ဆာ (Skin Cancer)

🔷 အရေပြားကင်ဆာဖြစ်စေသော အကြောင်းရင်းတွေကတော့ ….

🔅 အဓိက အကြောင်းရင်းကတော့ နေရောင်ခြည်မှာရှိတဲ့ အရေပြားကိုအန္တရာယ်ဖြစ်စေနိုင်တဲ့ ခရမ်းလွန်ရောင်ခြည်နဲ့ အချိန်ကြာမြင့်စွာ ထိတွေ့လို့ ဖြစ်တာပါ။

🔅ဓါတ်ရောင်ခြည်ကုထုံးတွေကြောင့်နဲ့ အမာရွတ်တွေကနေလည်း အရေပြားကင်ဆာဖြစ်လာနိုင်ပါတယ်။

🔅 အချို့သော ဓာတုပစ္စည်းတွေ (ဥပမာ- arsenic၊ polycyclic hydrocarbon) တွေကြောင့်လည်း အရေပြားကင်ဆာ ဖြစ်နိုင်ပါတယ်။

🔷 အရေပြားကင်ဆာ အဓိက (၃) မျိုးကတော့…..

🔹ကုသရလွယ်ကူတဲ့ Basal Cell Carcinoma

🔅 အဖြစ်များဆုံးပေမယ့် အန္တရာယ်အနည်းဆုံး ဖြစ်ပါတယ်။

🔅 နေရောင်ခြည်အပြင် ဓာတ်ရောင်ခြည်တွေကြောင့်လည်း ဖြစ်တတ်ပါတယ်။

🔅 မျက်နှာနဲ့ လည်ပင်းမှာ ဖြစ်တာ များပါတယ်။

🔅 ဖြစ်တဲ့နေရာမှာပဲ လှိုက်စားပြီး တခြားနေရာတွေကို ပျံ့နှံ့လေ့မရှိတာမို့ ကုသရ လွယ်ကူပါတယ်။

🔅 အသက် (၅၀) ကျော် အရွယ်တွေမှာ အများဆုံး ဖြစ်တတ်ပါတယ်။

🔹ပျံ့နှံ့တတ်တဲ့ Squamous Cell Carcinoma

🔅 အန္တရာယ်ရှိတဲ့ အရေပြားကင်ဆာ အမျိုးအစားဖြစ်ပြီး နေရောင်ခြည်အပြင် အမာရွတ်တွေကနေတစ်ဆင့် ကင်ဆာပြောင်းလဲနိုင်ပါတယ်။

🔅 နေရောင်ခြည်အဓိက ထိတွေ့တဲ့ လက်၊ လက်ဖျံ၊ မျက်နှာနဲ့ လည်ပင်းတွေမှာ အဖြစ်များပါတယ်။

🔅 ဒါ့အပြင် အောက်နှုတ်ခမ်း၊ နားရွက်နဲ့ ဆံပင်ပါးတဲ့သူ (ဒါမှမဟုတ်) ဆံပင်မရှိတဲ့သူတွေရဲ့ ဦးရေခွံမှာလည်း ဖြစ်တတ်ပါတယ်။

🔅 ဆေးကုသမှုမခံယူဘဲ အချိန်ကြာသွားတဲ့အခါ ခန္ဓာကိုယ်ရဲ့ အခြားအစိတ်အပိုင်းတွေကိုပါ ကင်ဆာ ပျံ့နှံ့သွားတတ်ပါတယ်။

🔅 အသက် (၆၀) ကျော် အရွယ်တွေမှာ အဖြစ်အများဆုံးဖြစ်ပြီး နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့တာများတဲ့ အပြင်ထွက်အလုပ်လုပ်ရတဲ့ သူတွေမှာ ပိုဖြစ်တတ်ပါတယ်။

🔅 အသားအရောင်အားဖြင့် အသားဖြူတဲ့သူတွေမှာ ပိုဖြစ်တတ်ပါတယ်။

🔅 အရေပြားပေါ်မှာ ထူပြီး မာကြောတဲ့ အဖုအကျိတ် (Lump) တွေ စဖြစ်ပြီး တဖြည်းဖြည်းနဲ့ ကင်ဆာနာ ဖြစ်လာတတ်ပါတယ်။

🔅 ကင်ဆာရောဂါအတွက် ဓာတ်ရောင်ခြည်ကုထုံး (Radiation therapy) ကုသမှုခံယူထားတဲ့ နေရာတွေရဲ့ အနီးတဝိုက်က အရေပြားတွေမှာလည်း Squamous Cell Carcinoma ဖြစ်တတ်ပါတယ်။

🔹 နေရာမရွေးဖြစ်တတ်တဲ့ Melanoma

🔅 ဒီကင်ဆာအမျိုးအစားကတော့ အရေပြားကင်ဆာတွေထဲ တွေ့ရအနည်းဆုံးဖြစ်ပေမယ့် အန္တရာယ်အများဆုံး အမျိုးအစားဖြစ်ပါတယ်။

🔅 မှဲ့ (Mole)တွေမှာ စဖြစ်တတ်လို့ မှဲ့ကင်ဆာလို့ လူသိများပါတယ်။

🔅 ဒါပေမယ့် မှဲ့တိုင်းကတော့ ကင်ဆာပြောင်းလေ့မရှိပါဘူး။ တစ်ချို့ မှဲ့တွေကသာ မှဲ့ကင်ဆာ (Melanoma) ဖြစ်သွားတာပါ။

🔅 ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမှာမဆို မှဲ့ကင်ဆာ စဖြစ်နိုင်ပြီး စဖြစ်တဲ့နေရာကနေ တခြားနေရာတွေကိုလည်း ပျံ့နှံ့နိုင်ပါတယ်။

🔅 မှဲ့ကင်ဆာ အဖြစ်ပြောင်းလဲနေလားဆိုပြီး သံသယဖြစ်နိုင်တဲ့ မှဲ့တွေကတော့…

နဂိုပုံစံကနေ ပုံစံပြောင်းလာတဲ့ မှဲ့

မှဲ့ရဲ့ အနားတွေ ညီညီညာညာ မဖြစ်တော့ဘဲ ပြောင်းလာတဲ့ မှဲ့

အရောင်မညီတာ (ဒါမှမဟုတ်) အရောင်တပြေးညီမဟုတ်တဲ့ မှဲ့

အရွယ်အစားကြီးမားလာတဲ့ မှဲ့

အနာမှဖြစ်လာတဲ့ မှဲ့ …. တို့ဖြစ်ပါတယ်။

🔅 အရွယ်အစားကြီးလာတာ၊ ယားလာတာ၊ သွေးထွက်တာတွေဟာ ကင်ဆာမှဲ့ရဲ့ ရောဂါလက္ခဏာတွေဖြစ်ပါတယ်။

🔷 ဘယ်နေရာတွေကို သတိထားသင့်လဲ?

🔅 နေရောင်ခြည်နဲ့ထိတွေ့မှုများတဲ့ မျက်နှာ၊ နားရွက်တွေ၊ လည်ပင်း၊ ပခုံးတွေ၊ လက်မောင်းတွေနဲ့ လက် (အထူးသဖြင့် လက်အနောက်ပိုင်း) တွေကို သတိထားသင့်ပါတယ်။

🔅 မှဲ့ကင်ဆာ (ခေါ်) Melanoma ကတော့ ခြွင်းချက်ဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမှာမဆို ဖြစ်နိုင်ပါတယ်။

🔷 ဘယ်သူတွေမှာ အရေပြားကင်ဆာ ဖြစ်နိုင်ခြေ ပိုများလဲ?

🔅 အသက်ကြီးတဲ့သူတွေမှာ ပိုဖြစ်နိုင်ပါတယ်။ (အသက်ကြီးလာတာနှင့်အမျှ အရေပြားကင်ဆာ ဖြစ်နိုင်ခြေလည်း များလာပါတယ်။)

🔅 ပူအိုက်သောဒေသတွေမှာနေပြီး အသားဖြူတဲ့သူတွေနဲ့ အသားလတ်တဲ့သူတွေ (White and fair-skinned) ဟာ အရေပြားကင်ဆာ ဖြစ်နိုင်ခြေအများဆုံးရှိပါတယ်။

🔅 အထူးသဖြင့် တင်းတိပ်၊ မှဲ့ များတဲ့သူတွေနဲ့ အသားဖြူတဲ့သူတွေဟာ အရေပြားကင်ဆာ ဖြစ်နိုင်ခြေများပါတယ်။

🔅 Celtic (စကော့တလန်၊ အိုက်ယာလန်နဲ့ ဝေလ) ဖွား လူတွေမှာ အများဆုံး တွေ့ရပါတယ်။ အာဖရိက၊ အိန္ဒိယနဲ့ အာရှဖွားတွေမှာ သိပ်မတွေ့ရတတ်ပါဘူး။ သြစတေးလျသားတွေမှာလည်း အရေပြားကင်ဆာဖြစ်တာ နည်းပါတယ်။

🔅 အသားညိုလေလေ အရေပြားကင်ဆာ ဖြစ်နိုင်ခြေနည်းလေလေ ဖြစ်ပါတယ်။

🔅 မိသားစုထဲမှာ အရေပြားကင်ဆာ မျိုးရိုးရှိရင်လည်း ပိုဖြစ်နိုင်ပါတယ်။

🔅ကင်ဆာရောဂါအတွက် ဓာတ်ရောင်ခြည်ကုထုံး (Radiation therapy) ကုသမှုခံယူထားတဲ့ နေရာတွေရဲ့ အနီးတဝိုက်က အရေပြားတွေမှာလည်း အရေပြားကင်ဆာ ဖြစ်တတ်ပါတယ်။

🔅 Sunspots (solar keratoses) တွေဟာ အရေပြားမှာဖြစ်တဲ့ ခြောက်သွေ့ပြီး ကြမ်းတမ်းတဲ့ အစက်အပြောက်တွေဖြစ်ပြီး အရေပြားကင်ဆာအဖြစ် ပြောင်းနိုင်လို့ အထူးသတိထားဖို့ လိုပါတယ်။

🔷 အရေပြားကင်ဆာကို ဘယ်လို ကာကွယ်နိုင်မလဲ?

🔸 နေအပြင်းဆုံးအချိန်တွေမှာ တိုက်ရိုက် နေရောင်ခြည်ထိ​တွေ့မှုကို ရှောင်ကြဉ်ပါ။

🔸 နေပူထဲ ထွက်ရတဲ့အခါ နှုတ်ခမ်းကျယ်ပြန့်တဲ့ဦးထုပ် (မျက်နှာကိုနေရောင်မထိအောင် ကာကွယ်ပေးနိုင်တဲ့ဦးထုပ်) အမြဲဆောင်းပါ။ ချောင်ချောင်ချိချိ ရှိတဲ့ တီရှပ်၊ ဘောင်းဘီတို့ကို ဝတ်ဆင်ပါ။

🔸 တိမ်ထူထပ်တဲ့နေ့တွေမှာ တန်ပြန်လာတဲ့ နေရောင်ခြည်နဲ့ အရေပြား ခြောက်သွေ့စေတဲ့လေကို သတိထားပါ။

🔸 SPF (sun protection factor) 30 နဲ့ အထက်ရှိတဲ့ နေပူခံလိမ်းဆေးတွေကို အသုံးပြုပေးပြီး ပှံမှန် အသစ်လိမ်းပေးပါ။

🔸 တောင်ပေါ်ဒေသတွေမှာ မိမိကိုယ်ကို နေရောင်ခြည်မှ ကာကွယ်ဖို့ လက်အရှည် (sleeves) ပါတဲ့ ရှပ်အင်္ကျီ (ဒါမှမဟုတ်) အဝတ်အစားဝတ်ပါ။

🔸 အရေပြားကို နေပူမလောင်ပါစေနဲ့။

🔸 ကလေးတွေရဲ့ အရေပြားဟာ လူကြီးတွေရဲ့ အရေပြားထက် ပိုထိခိုက်လွယ်တာမို့လို့ ကလေးတွေကို နေပူလောင်တာကနေ ကာကွယ်ပေးပါ။

🔷 အရေပြားကင်ဆာ ရှိ၊မရှိ ဘယ်လိုသိမလဲ ?

🔅 ကိုယ့်ခန္တာကိုယ် ကို ကိုယ့်ဘာသာ အမြဲစစ်ဆေးပါ။

🔅 ခန္ဓာကိုယ်မှာ မွေးရာပါ မှဲ့များ၊ အမှတ်များရှိလျှင် အရောင်၊ပုံစံများကို သေချာကြည့်ရှု မှတ်သားထားပါ။ ဓါတ်ပုံရိုက်ထားလျှင် ပိုကောင်းပါတယ်။

🔅 အရေပြားပေါ်မှာ အစက်အပြောက်တွေ၊ မှဲ့တွေ အသစ်ထွက်လာတာရှိ၊မရှိ အမြဲစစ်ဆေးပါ။

🔅 အသစ်ထွက်လာတဲ့မှဲ့တွေ၊ အစက်တွေရှိရင် (ဒါမှမဟုတ်) မူလရှိနေတဲ့ မှဲ့တွေ၊ အစက်တွေ၊ အမာရွတ်တွေက ပုံမမှန်တော့ဘူးလို့ သံသယရှိရင် အရေပြားဆရာဝန်နဲ့ ပြသပြီး ကုသမှုခံယူပါ။

*****

💓 အရေပြားကင်ဆာဆိုတာ စောစောသိလေ ကုသရတာ ရိုးရှင်းလေ ဖြစ်ပြီး ကုသမှုရလဒ်ကောင်းနိုင်တာမို့ ကိုယ့်အရေပြားလေးတွေကို နေ့စဉ်ပုံမှန် သေချာစစ်ဆေးကြရအောင်နော် 💓

Reference:

Murtagh,J ,2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.327

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

👉 တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

( နေ့စဥ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine

#teleconsultation#တယ်လီကျန်းမာ

Ministry of Health,

National Unity Government.

Published on: 18 February 2023
Last Updated: 18 February 2023