Peanut Allergy (March, 2023)

” အစားအစာ (မြေပဲ) နှင့် ဓာတ်မတည့်ခြင်း (Peanut Allergy) “

🔸ဓာတ်မတည့်ခြင်းဆိုတာ အစားအစာ အပါအဝင် အချို့အရာတွေကို ခန္ဓာကိုယ်ခုခံအားစနစ်ကနေ လွန်ကဲစွာတုံ့ပြန်ခြင်းဖြစ်ပြီး ခန္ဓာကိုယ်မှ Histamine ဟုခေါ်သော ဓာတုပစ္စည်းတစ်မျိုး ထွက်လာခြင်းကြောင့် ဖြစ်ပါတယ်။

🔸အစားအစာ ဓာတ်မတည့်ခြင်းက အများအားဖြင့် မွေးကင်းစနဲ့ ကလေးဘဝအရွယ်မှာ စဖြစ်လေ့ရှိပြီး နို့နဲ့ အခြားနို့ထွက်ပစ္စည်း၊ ဥ (ဒါမှမဟုတ်) မြေပဲကြောင့် အဖြစ်များပါတယ်။

🔸 ဓာတ်မတည့်တာကို ဖြစ်စေတတ်တဲ့ အခြားအစားအစာတွေကတော့ လိမ္မော်သီး၊ ပဲပိစပ်၊ အခွံမာသီး၊ ချောကလက်၊ ငါးနဲ့ ဂျူံတို့ ပါဝင်ပါတယ်။
..
..

🔷 မြေပဲနှင့် ဓာတ်မတည့်ခြင်း (Peanut allergy) ဆိုတာ…..

🔸မြေပဲမှာပါတဲ့ ပရိုတင်းကို ခန္ဓာကိုယ်ခုခံအားစနစ်က တုံ့ပြန်မှုတစ်ခုဖြစ်ပြီး အထူးသဖြင့် ကလေးတွေမှာ ပိုအဖြစ်များပါတယ်။ အသက်အန္တရာယ် စိုးရိမ်ရတဲ့ထိ ရောဂါလက္ခဏာ ပြင်းပြင်းထန်ထန် ဖြစ်နိုင်ပါတယ်။

🔸 ဩစတြေးလျနိုင်ငံမှာဆိုရင် ကလေး အယောက် (၅၀) မှာ (၁) ဦးနှုန်းနဲ့ မြေပဲဓာတ်မတည့်တာကို တွေ့ရတတ်ပါတယ်။

🔸 မြေပဲနဲ့မတည့်တဲ့ လက္ခဏာတွေကို အများအားဖြင့် ကလေးအသက် (၃) နှစ်အတွင်းမှာ စတင် ပေါ်လာတတ်ပါတယ်။ ရင်ကျပ်ရောဂါနဲ့ နှင်းခူရောဂါရှိတဲ့ ကလေးတွေမှာ မြေပဲဓာတ်မတည့်တာဖြစ်ရင် အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။

🔸 အခြားအစားအစာတွေနဲ့ ဓာတ်မတည့်တဲ့သူ အများစုက ပြန်သက်သာကောင်းမွန်လာတတ်ပေမယ့် မြေပဲနဲ့ ဓာတ်မတည့်ရင်တော့ အချိန်ကြာလာတာနဲ့အမျှ ပိုပိုဆိုးလာတတ်တာကို တွေ့ရပါတယ်။

🔸 ဓာတ်မတည့်တာ တစ်ခါဖြစ်ဖူးတဲ့သူတွေရဲ့ (၈၀) ရာခိုင်နှုန်းခန့်မှာ ဓာတ်မတည့်တဲ့ပြဿနာက ဆက်ရှိနေတတ်ပါတယ်။
.

**********

🔷 ရောဂါလက္ခဏာတွေက ဘာတွေလဲ ?

မြေပဲအပေါ် တုံ့ပြန်မှုဟာ အများအားဖြင့် ထိတွေ့ပြီး မိနစ်အနည်းငယ်အတွင်းမှာပဲ စတင်ပါတယ်။

စ​ဖြစ်လေ့ရှိတဲ့ ရောဂါလက္ခဏာတွေက …..

အထူးသဖြင့် ပါးစပ်နားတစ်ဝိုက်မှာ
• ယားယံခြင်း
• ပူလောင်ခြင်းတို့ ဖြစ်ပြီး…

အခြား ဆက်ဖြစ်နိုင်တဲ့ ရောဂါလက္ခဏာတွေကတော့…..

• နီမြန်းခြင်း (အထူးသဖြင့် – မျက်နှာ)
• အရေပြား ယားယံခြင်း
• အသက်ရှူကျပ်ခြင်း
• လျှာနှင့် နှုတ်ခမ်းများ ရောင်ရမ်းခြင်း
• အသက်ရှူရခက်ခဲခြင်း
• ပျို့အန်ခြင်း
• ဗိုက်နာခြင်း
• ဝမ်းလျှောခြင်း
• မူးမေ့လဲကျခြင်း
• သတိမေ့မျောခြင်းတို့ အထိ ဖြစ်နိုင်ပါတယ်။
.

**********

🔷 မြေပဲနဲ့ ဓာတ်မတည့်တာကို ဘယ်လို သိရှိနိုင်မလဲ ?

🔸 မြေပဲပါဝင်တဲ့ အစားအစာတွေကို ခန္ဓာကိုယ်ကနေ ပုံမှန်မဟုတ်တဲ့ တုံ့ပြန်မှုလို့ သံသယရှိရာကနေ ကနဦး သိရှိနိုင်ပါတယ်။

🔸ဓာတ်မတည့်တာကို စစ်ဆေးတဲ့

– Food challenge test
– Skin prick test
– RAST test under medical supervision စတဲ့ စမ်းသပ်စစ်​ဆေးမှုတွေက ရောဂါရှာဖွေမှုကို အတည်ပြုဖို့ ကူညီပေးပါတယ်။
.

***********

🔷 မြေပဲနဲ့ ထိတွေ့နိုင်တဲ့နည်းလမ်းတွေက ဘာတွေလဲ ?

• ​မြေပဲနဲ့ ​မြေပဲပါဝင်တဲ့ ထုတ်ကုန်တွေကို စားတာ

ဥပမာ –

– ​မြေပဲဆော့ (Peanut Sauce)
– မြေပဲထောပတ် (Peanut Butter)
– မြေပဲ၊ အုတ်ဂျုံ၊ အခွံမာသီး၊ အဆန်အစေ့တွေနဲ့
– အသီးခြောက်တွေပါတဲ့ Muesli Bar/ Protein Bar (ဒါမှမဟုတ်) Energy Bar (မြန်မာနိုင်ငံမှာတော့ မြေပဲယို)

• မြေပဲနဲ့​ မြေပဲပါတဲ့ထုတ်ကုန်တွေကို စားသုံးသူနဲ့ အနီးကပ်ထိတွေ့ခြင်း

ဥပမာ –

– မိခင် နို့တိုက်တာကနေ တစ်ဆင့် (ဒါမှမဟုတ်)
– မြေပဲကို အခြေခံထားတဲ့ ဆီတွေကို အရေပြားထဲသို့ နှိပ်နယ်ခြင်းတို့ ဖြစ်ပါတယ်။
.

**********

🔷 မြေပဲနဲ့ဓာတ်မတည့်တဲ့သူ မြေပဲစားမိရင်…..

🔸 အဆိုးရွားဆုံးတုံ့ပြန်မှုကို ဖြစ်စေပါတယ်။

🔸 အရေပြား/ မျက်လုံးကို ထိမိတာ (ဒါမှမဟုတ်) မြေပဲပါဝင်တဲ့ အစာမှုန်ကို ရှုမိလျှင်တောင်မှ မြေပဲနဲ့ ဓာတ်မတည့်တဲ့လက္ခဏာ​​တွေ ဖြစ်စေနိုင်ပါတယ်။

🔸 မြေပဲနဲ့ ထိတွေ့မိတာနဲ့ ကလေးငယ်တွေမှာ (မြေပဲပမာဏ ဘယ်လောက်ပဲ နည်းနည်း) တစ်မိနစ်လောက် ပြင်းထန်တဲ့ ဓာတ်မတည့်မှု ဖြစ်နိုင်ပါတယ်။

🔸 မြေပဲစေ့ တစ်စေ့ရဲ့ နှစ်ထောင်ပုံ တစ်ပုံလောက် သေးငယ်ပါစေ ဓာတ်မတည့်တာကို ဖြစ်စေနိုင်ပါတယ်။
.

**********

🔷 ဘာအန္တရာယ်တွေ ရှိနိုင်လဲ ?

🔸 ပြင်းထန်တဲ့ ဓာတ်မတည့်မှုကြောင့် သွေးလန့်ခြင်း (anaphylatic shock) (ဒါမှမဟုတ်) သတိလစ်လဲကျပြီး အသက်အန္တရာယ်ရှိတဲ့အထိ ဖြစ်နိုင်ခြေရှိပါတယ်။

🔸 ကလေးငယ်တွေမှာ ရုတ်တရက် မျက်နှာတစ်ဝိုက်မှာ ရောင်ကိုင်းလာတာ၊ မျက်နှာအရောင်ဖျော့လာတာ (ဒါမှမဟုတ်) ပြာနှမ်းလာတာနဲ့ ခန္ဓာကိုယ်ပျော့ဖတ်သွားတာတွေ ဖြစ်နိုင်ပါတယ်။

🔸 ဒီလိုအချိန်မျိုးမှာ အသက်ကယ်ဆေး (adrenaline) ထိုးနိုင်ဖို့အတွက် အရေးပေါ်ဆေးကုသမှု ခံယူရန် လိုအပ်ပါတယ်။ ဆေးရုံကား (ဒါမှမဟုတ်) ဆရာဝန် ခေါ်ရပါမယ်။

ရင်ကျပ်ရောဂါအခံနဲ့ မြေပဲဓာတ်မတည့်ခြင်း ပေါင်းစပ်မှုက အတော်လေးကို အန္တရာယ်များပါတယ်။
.

**********

🔷 မြေပဲက အခြားအခွံမာအသီးတွေနဲ့ အပြန်အလှန် တုံ့ပြန်မှုရှိကြလား ?

မြေပဲနဲ့ဓာတ်မတည့်တဲ့ ကလေးတွေဟာ သစ်ကြားသီး၊ သစ်အယ်သီး၊ သီဟိုဠ်စေ့၊ almond ကဲ့သို့သော အခြားအခွံမာသီးတွေနဲ့လည်း ဓာတ်မတည့်တာမျိုး ဖြစ်လာနိုင်ပါတယ်။
.

**********

🔷 ဘာတွေ လုပ်ဆောင်နိုင်မလဲ ?

🔸 မြေပဲနဲ့ ဓာတ်မတည့်တဲ့သူတွေဟာ မြေပဲပါဝင်တဲ့ အစားအစာတွေကို စားတာ (ဒါမှမဟုတ်) ထိတွေ့တာကနေ ရှောင်ကြဉ်ဖို့ အလွန်အရေးကြီးပါတယ်။

🔸ကိုယ်ဝယ်မယ့် စားမယ့်အစားအစာမှာ မြေပဲပါ/မပါ သိနိုင်ဖို့အတွက် ပါဝင်ပစ္စည်းဖော်ပြချက် (Food labels) အားလုံးကို ဖတ်ပါ။

🔸 အိမ်မှာမဟုတ်ဘဲ အပြင်ထွက်စားတဲ့အခါ စားသောက်ဆိုင်မှာ ပါဝင်ပစ္စည်းနဲ့ ပြင်ဆင်မှုနည်းလမ်းတွေကို မြေပဲပါဝင်မှု ရှိ/မရှိ မေးမြန်းပါ။ မြေပဲမတည့်ကြောင်း ကြိုတင်ပြောပါ။

🔸 ဓာတ်မတည့်ရင် အရေးပေါ်ကုသရန်ဆေးပါဝင်တဲ့ ဆေးအိတ် (Emergency anaphylaxis kit- Adrenaline EpiPen or Anapen) ကို အိမ်မှာ (သို့မဟုတ်) အပြင်သို့ယူသွားရန် အမြဲ အသင့်ဆောင်ထားပါ။

🔸ဓာတ်မတည့်မှုရောဂါရာဇဝင် (Allergic (atopic) disorders) ရှိတဲ့ အမျိုးသမီးတွေကို ကိုယ်ဝန်ဆောင်စဥ်နဲ့ နို့တိုက်နေချိန်မှာ မြေပဲထုတ်ကုန်တွေကို စားသုံးတာကနေ ရှောင်ကြဉ်ဖို့ အကြံပေးလိုပါတယ်။

🔸 ကလေးအသက် (၆) လ ပြည့်တဲ့အထိ မိခင်နို့တိုက်ကျွေးခြင်းက မြေပဲနဲ့ ဓာတ်မတည့်တာကနေ ကာကွယ်နိုင်တယ်လို့ ယုံကြည်ကြပါတယ်။

Reference: 📚
Murtagh,J ,2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.48

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

👉 တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဉ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ
#peanut_allergy#food_allergy

Ministry of Health,

National Unity Government.

Published on: 17 March 2023
Last Updated: 17 March 2023