ပြည်သူ့ဂုဏ်ရည်ဆု (Citizen of Burma Award) ဂုဏ်ပြုပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး တက်ရောက်အမှာစကားပြောကြား
၂၀၂၃ ခုနှစ်၊ မေလ (၂၃) ရက်
၂၀၂၃ ခုနစ်၊ ၁၄ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု (Citizen of Burma Award) ဂုဏ်ပြုပွဲအခမ်းအနားကို မေလ ၂၁ ရက်နေ့တွင် အမေရိကန်နိုင်ငံ၊ လောစ်အိန်ဂျယ်လိစ်မြို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ပြည်သူ့ဂုဏ်ရည်အသင်း ဥက္ကဌ ဦးခင်မော် (ခ) ဦးမော်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်နှင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုးတို့ကလည်း အမှာစကားများ အသီးသီးပြောကြားခဲ့ပါသည်။ ထို့နောက် ပြည်သူ့ဂုဏ်ရည်အသင်းကိုယ်စား ဦးကျော်ဝဏ္ဏက ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။
ဆက်လက်၍ နွေဦးတော်လှန်ရေးတွင် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement – CDM) ဖြင့် ဦးဆောင်တိုက်ပွဲဝင်ခဲ့သည့် ပြည်သူ့ဝန်ထမ်းများအား ဂုဏ်ပြုသည့်အနေဖြင့် ကမ္ဘာ့အလယ်တွင် CDM လှုပ်ရှားသူတို့အား ဦးဆောင်ကိုယ်စားပြုခဲ့သူ ကမ္ဘာ့ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ၊ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ပြည်သူ့ဂုဏ်ရည်အသင်းက ၁၄ ကြိမ်မြောက်၊ “ပြည်သူ့ဂုဏ်ရည်ဆု” ချီးမြှင့်ပေးအပ်၍ ဂုဏ်ပြုခဲ့ပါသည်။ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဆုလက်ခံရယူပြီး အမှတ်တရစကား ပြောကြားခဲ့ပါသည်။
၁၄ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုရှင် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြည်သူ့ဂုဏ်ရည်အသင်းက ပေးအပ်သော ဂုဏ်ပြုငွေသား ဒေါ်လာတစ်သောင်းကို အမျိုးသားညီညွတ်ရေးအစိုးရမှတစ်ဆင့် CDM ဝန်ထမ်းများသို့ ပြန်လည်လှူဒါန်းခဲ့ကြောင်း သိရပါသည်။
အခမ်းအနားသို့ ဧည့်ပရိသတ် ငါးရာကျော် တက်ရောက်ချီးမြှင့်ခဲ့ပြီး အခမ်းအနားကို နွေဦးတော်လှန်ရေး ကြွေးကြော်သံများဖြင့် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။
Ministry of Health,
National Unity Government.












Published on: 23 May 2023
Last updated: 23 May 2023