“About Antibiotics” (March 2024)

Antibiotics လို့ခေါ်တဲ့ ပဋိဇီဝဆေး/ ပိုးသတ်ဆေးတွေနဲ့ ပတ်သက်ပြီး သိရှိထားသင့်တဲ့ အကြောင်းတွေ

ဘတ်တီးရီးယား (Bacteria) ပိုးမွှားတွေက ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်၊ ပတ်ဝန်းကျင်မှာသာမက ထိတွေ့တဲ့နေရာတိုင်းလိုလိုမှာ တည်ရှိကြပါတယ်။ တချို့ဘတ်တီးရီးယားပိုးတွေက ခန္ဓာကိုယ်အတွက် အကျိုးရှိပြီး တချို့ကတော့ အန္တရာယ်ပေးနိုင်ကြပါတယ်။ အန္တရာယ်ပေးနိုင်တဲ့ ဘတ်တီးရီးယားပိုးတွေကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါတွေမှာ ပိုးသတ်ဆေးတွေကို အသုံးပြုကြပါတယ်။

🔺ပိုးသတ်ဆေးတွေ ဘယ်လိုအလုပ်လုပ်ကြသလဲ….

– ဘတ်တီးရီးယား‌တွေ ရှင်သန်ဖို့လိုတဲ့ သူတို့ရဲ့နံရံ (Cell wall) တွေ၊ DNA တွေကို ပိုးသတ်ဆေးတွေက ဖျက်ဆီးပြီး ဘတ်တီးရီးယားတွေကို သေစေနိုင်တဲ့ပုံစံအပြင်

– ဘတ်တီးရီးယားတွေရဲ့ ကြီးပွားရှင်သန်မှုလုပ်ငန်းစဉ်ကို နှောင့်ယှက်နှေးကွေးစေနိုင်တဲ့ပုံစံတွေနဲ့ ပိုးသတ်ဆေးတွေက အလုပ်လုပ်ကြပါတယ်။

🔺ပိုးသတ်ဆေးတွေကို ဘယ်လိုအသုံးပြုကြသလဲ….

ဆေးပြား၊ ဆေးတောင့်တွေအဖြစ် ပါးစပ်ကနေသောက်သုံးတာ၊ လိမ်းဆေး၊ မျက်စဉ်းဆေး၊ နားထဲထည့်တဲ့ ဆေးတွေအဖြစ်သုံးတာ၊ ပြင်းထန်တဲ့ ကူးစက်ရောဂါတွေမှာ ထိုးဆေးအနေနဲ့ သွေးကြောထဲကို ထိုးသွင်းတာဆိုပြီး ပိုးသတ်ဆေးတွေကို အသုံးပြုကြပါတယ်။

🔺ပိုးသတ်ဆေးတွေကို ဘယ်အချိန်မှာ အသုံးပြုကြသလဲ….

– ပိုးသတ်ဆေးကိုမှ အသုံးမပြုရင် မသက်သာနိုင်မယ့် ကူးစက်ရောဂါ

– တခြားသူတွေကို ကူးစက်မသွားအောင် ကာကွယ်ဖို့ လိုအပ်တဲ့အချိန်

– ကာလရှည် မသက်သာဘဲဖြစ်နေတဲ့ ကူးစက်ရောဂါ

– နာတာရှည်ရောဂါသည်နဲ့ ခုခံအားကျဆင်းနေတဲ့လူနာ စတဲ့အခြေအနေမျိုးတွေမှာ အဓိကအသုံးပြုကြပါတယ်။

.

ဒါ့အပြင် ပိုးသတ်ဆေးကို ရောဂါမဖြစ်ပွားအောင် ကာကွယ်တဲ့ နေရာမျိုးတွေမှာလည်း အသုံးပြုလို့ရပါတယ်။

ဥပမာ – ခွဲစိတ်ခန်းဝင်ရမယ့် လူနာတွေ၊ အကာအကွယ်မဲ့ လိင်ဆက်ဆံမိသူ‌တွေ၊ ဦးနှောက်အမြှေးရောင်ရောဂါ ဖြစ်နေတဲ့သူနဲ့ ထိတွေ့မိသူတွေ၊ ဘေလုံးထုတ်ထားတဲ့ သွေးရောဂါဖြစ်‌နေသူတွေ၊ တိရစ္ဆာန်ကိုက်ခံရသူတွေ၊ လူအကိုက်ခံရသူ‌တွေ (ကလေးအချင်းချင်းကိုက်တာ သို့ လက်သီးနဲ့ သွားခိုက်မိတာ)၊ ကူးစက်ရောဂါပိုး ခဏခဏဝင်နေသူတွေမှာ ကြိုတင်ကာကွယ်တဲ့အနေနဲ့ (Antibiotics prophylaxis) ပိုးသတ်ဆေး ပေးလေ့ရှိပါတယ်။

🔹ပိုးသတ်ဆေးတွေကို ဆရာဝန်တွေ ဘယ်လိုရွေးချယ်ကြသလဲ….

ကျွန်တော်တို့ နေ့စဉ်ဝတ်တဲ့ အင်္ကျီတွေ ရွေးချယ်သလိုပါပဲ။ နေပူတဲ့နေရာသွားမယ်ဆိုရင် လက်ရှည်တဲ့အဝတ်အစား၊ အလှူအတန်းသွားမယ်ဆိုရင် သိမ်းထားတဲ့ အင်္ကျီလှလှလေး၊ ချမ်းတဲ့အချိန်ဆိုရင် အင်္ကျီထူထူလေးဆိုပြီး နေရာဒေသနဲ့ အချိန်အလိုက် ရွေးချယ်ဝတ်စားသလိုမျိုး ပိုးသတ်ဆေးတွေကိုလည်း အုပ်စုတွေခွဲပြီး မတူညီတဲ့ရောဂါတွေအတွက် အသုံးပြုကြပါတယ်။ ဥပမာ – မျက်လုံးမှာဖြစ်တဲ့ ကူးစက်ရောဂါတွေအတွက် ပိုးသတ်ဆေးကို ပါးစပ်ကနေသောက်ဖို့ မလိုတာမျိုး၊ အဆုတ်ရောင်ရောဂါအတွက် အသုံးပြုတဲ့ပိုးသတ်ဆေးကို ဝမ်းလျှောရင် အသုံးပြုလို့ မရတာမျိုးကို ဆိုလိုပါတယ်။

🔺ပိုးသတ်ဆေးတွေကို ဗိုင်းရပ်စ် (Virus) ကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါတွေမှာ အသုံးပြုလို့ရပါသလား….

ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ရောဂါတွေမှာသာမက မှို (Fungi) ကြောင့်ဖြစ်တဲ့ ရောဂါတွေမှာပါ ပိုးသတ်ဆေးတွေကို အသုံးပြုလို့မရပါဘူး။ ပိုးသတ်ဆေးက ဖျက်စီးနိုင်တဲ့ ဘတ်တီးရီးယားရဲ့ နံရံတွေ၊ DNA တွေလိုမျိုးက ဗိုင်းရပ်စ်တွေမှာ မရှိလို့ပါ။ တစ်နည်းအားဖြင့် ဘတ်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ မှိုတွေဟာ တစ်မျိုးနဲ့တစ်မျိုး တည်ဆောက်ပုံ မတူညီတာကြောင့်ပါ။ ဒါကြောင့် ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ အအေးမိတုပ်ကွေး၊ လည်ပင်းနာနဲ့ နေမကောင်းတာတွေမှာ ပိုးသတ်ဆေးကို အသုံးပြုတာဟာ အကျိုးမရှိပါဘူး။

🔹ပိုးသတ်ဆေးတွေက ဘယ်အချိန်မှာ စအလုပ်လုပ်သလဲ၊ ဘယ်လောက်ကြာအောင် သောက်ရမလဲ….

တချို့ပိုးသတ်ဆေးတွေက စသောက်တာနဲ့ အလုပ်လုပ်ပြီး တချို့ပိုးသတ်ဆေးတွေက ၂-၃ ရက်နေမှ အာနိသင်ပြကြပါတယ်။ စအလုပ်လုပ်တာနဲ့ ကျွန်တော်တို့က နေပြန်ကောင်းလာသလို ခံစားရနိုင်ပါတယ်။ အဲလိုခံစားရရုံနဲ့ ဆေးကို မရပ်လိုက်သင့်ပါဘူး။ မသေသေးဘဲကျန်နေတဲ့ ဘတ်တီးရီးယားတွေ ရှိနေနိုင်လို့ပါ။ ဒါကြောင့် ဆရာဝန်ညွှန်ကြားတဲ့ အချိန်အတိုင်း ဆေးသောက်သင့်ပြီး ရပ်တော့မယ်ဆိုရင် ဆရာဝန်ကို အသိပေးပြီး အကြံဉာဏ်ရယူသင့်ပါတယ်။

.

🔺ပိုးသတ်ဆေးသောက်ဖို့ မေ့သွားရင် ဘယ်လိုလုပ်ကြမလဲ….

တတ်နိုင်သလောက်တော့ မမေ့အောင်သတိထားပြီး သောက်သုံးသင့်ပါတယ်။ တကယ်လို့ မေ့သွားရင် သတိရရချင်း သောက်သုံးသင့်ပြီး ကျန်တဲ့ဆေးကို ပုံမှန်အတိုင်း သောက်သုံးသင့်ပါတယ်။ နောက်ဆေးသောက်ရမယ့် အချိန်နီးမှ သတိရရင်တော့ နှစ်လုံးလုံးကို တစ်ပြိုင်နက်သောက်တာမျိုး မလုပ်ရပါဘူး။ မေ့သွားတဲ့ဆေးကို မသောက်တော့ဘဲ ပုံမှန်သောက်ရမယ့် နောက်ဆေးတစ်လုံးကိုပဲ သောက်သုံးရမှာပါ။

နှစ်လုံးပေါင်းသောက်ရင် ဆေးမတိုးတော့တဲ့ (Antibiotics resistance) ဆိုတဲ့ နောက်ဆက်တွဲဆိုးကျိုး ရနိုင်လို့ပါ။ ဆေးစွမ်းထက်အောင်ဆိုပြီး ပမာဏအများကြီး တစ်ခါတည်းသောက်သုံးတာမျိုးကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။

🔹ဘတ်တီးရီးယားတော်တော်များများကို သေစေနိုင်တဲ့ ပိုးသတ်ဆေးတွေ (Broad-spectrum antibiotics) ကို ဘယ်လိုအချိန်မှာ သုံးကြတာလဲ….

ကူးစက်တဲ့ ဘတ်တီးရီးယားပိုး အမျိုးအစားကို မသိတဲ့ အခြေအနေမျိုးမှာ ဘတ်တီးရီးယားတော်တော်များများကို သေစေနိုင်တဲ့ ပိုးသတ်ဆေးတွေ (Broad-spectrum antibiotics) ကို အသုံးပြုကြပါတယ်။ ဒါပေမယ့် လွဲမှားစွာသုံးမိရင်တော့ အန္တရာယ်ပေးနိုင်တဲ့ ဘတ်တီးရီးယားတွေ သေရုံသာမက ခန္ဓာကိုယ်ကို အကျိုးပြုနေတဲ့ ဘတ်တီးရီးယားတွေ သေတာမျိုး၊ ပိုးသတ်ဆေးမတိုးတော့တဲ့ အခြေအနေဖြစ်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။

🔺ပိုးသတ်ဆေးသုံးတာမှာ ဘယ်လိုနောက်ဆက်တွဲ ဆိုးကျိုးတွေ ရှိနိုင်သလဲ….

ဝမ်းလျှောတာ၊ ပျို့ချင်အန်ချင်တာ၊ မအီမသာဖြစ်တာ၊ မူးတာ၊ မှိုရောဂါဖြစ်တာ စတဲ့ မပြင်းထန်တဲ့ ဆိုးကျိုးတွေသာမက ပြင်းထန်ပြီး အသက်အန္တရာယ်ရှိတဲ့ ဆေးဓာတ်မတည့်တာ၊ Clostridium difficile လို့ခေါ်တဲ့ သေစေနိုင်တဲ့ အူလမ်းကြောင်းပိုးဝင်တာတွေပါ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ပိုးသတ်ဆေးကို ဆရာဝန်ညွှန်ကြားချက်မရှိဘဲ သောက်တာမျိုး မလုပ်သင့်ပါဘူး။ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်လာရင်လည်း ဆရာဝန်ဆီကို ချက်ချင်းသတင်းပို့တာမျိုး ပြုလုပ်သင့်ပါတယ်။

.

🔹လူတစ်ယောက်ဟာ ပိုးသတ်ဆေးနဲ့ မတည့်ဘူးဆိုတာကို ဘယ်လိုသိနိုင်သလဲ….

ပိုးသတ်ဆေးသောက်ပြီး ယားဖုတွေ၊ အနီစက်တွေ ထွက်လာတာ၊ အသက်ရှူကျပ်တာ၊ မျက်လုံးနဲ့ ခန္ဓာကိုယ်မှာ ဖောရောင်လာတာ၊ အရည်ကြည်ဖုတွေ ထွက်လာတာမျိုးဆိုရင် သောက်လိုက်တဲ့ပိုးသတ်ဆေးဟာ အဲဒီလူအတွက် ဓာတ်မတည့်ဘူးလို့ သတ်မှတ်ရမှာဖြစ်ပါတယ်။ ဒီလိုရောဂါလက္ခဏာတွေ ဖြစ်လာရင် အသက်အန္တရာယ် ထိခိုက်နိုင်တာမို့ နီးစပ်ရာ‌ ဆေးရုံ/ဆေးခန်းကို အမြန်ဆုံးသွားသင့်ပါတယ်။ ပြီးတော့ အဲဒီပိုးသတ်ဆေးကို အမြဲတမ်းမှတ်ထားပြီး ဆေးရုံ/ဆေးခန်းသွားတိုင်း ဒီဆေးဟာ ကိုယ့်အတွက် ဓာတ်မတည့်ဘူးဆိုတာကို ဆရာဝန်ကို အမြဲအသိပေး ပြောပြသင့်ပါတယ်။

.

🔺Antibiotics resistance (ပိုးသတ်ဆေးမတိုးတော့ခြင်း) ဆိုတာ ဘာလဲ….

ဘတ်တီးရီးယားပိုးမွှားတွေက ပိုးသတ်ဆေးကို ခံနိုင်ရည်ပိုရှိသွားပြီး ပုံမှန်ပိုးသတ်ဆေး သောက်ရုံနဲ့ မသေနိုင်တော့တာကို ဆိုလိုပါတယ်။ ပိုးသတ်ဆေးမတိုးရတဲ့ အကြောင်းရင်းတွေကတော့ ဆေးကို နည်းမှန်၊လမ်းမှန် မသောက်သုံးတာနဲ့ မလိုအပ်ဘဲ သောက်သုံးတာတွေကြောင့် ဖြစ်ပါတယ်။ ပိုးသတ်ဆေးမတိုးတော့တဲ့အခါ သောက်ဆေးနဲ့ကုသလို့ မပျောက်ကင်းတော့ဘဲ ထိုးဆေးနဲ့ကုသဖို့ လိုအပ်လာပါတယ်။ အဲဒီထက်ဆိုးရင်တော့ ဆေးမတိုးတော့တာကြောင့် ပိုးဆိပ်တက်ပြီး အသက်အန္တရာယ် ထိခိုက်တာမျိုးထိပါ ဖြစ်နိုင်ပါတယ်။ ဒါကြောင့်လည်း တီဘီရောဂါ ဖြစ်ပွားသူတွေမှာ တီဘီပိုးသတ်ဆေး သောက်သုံးတဲ့အခါ ဆေးမတိုးတာကို ကာကွယ်နိုင်ဖို့ နေ့စဉ် မပျက်မကွက် ဆေးသောက်ဖို့ လိုအပ်တာဖြစ်ပါတယ်။

🔺ပိုးသတ်ဆေးကို ဘယ်လိုဆေးမျိုးတွေနဲ့ တွဲမသောက်သုံးသင့်ဘူးလဲ….

တချို့ပိုးသတ်ဆေးတွေက တွဲဖက်သောက်သုံးတဲ့ နောက်ဆေးတစ်မျိုးရဲ့ အာနိသင်ကို တိုးစေတာ၊ လျော့စေတာတွေ ဖြစ်နိုင်လို့ ဆေးခန်းပြပြီဆိုတာနဲ့ မိမိမှာ သောက်လက်စဆေးရှိရင် ဆရာဝန်ကို အသိပေးရပါမယ်နော်။

အထူးသဖြင့် နှလုံးရောဂါအတွက်ဆေး (Warfarin, Beta blockers, NSAIDs) သောက်နေသူတွေ၊ ကိုယ်ဝန်တားဆေး သောက်သုံးနေသူတွေမှာ ပိုးသတ်ဆေး သောက်သုံးမယ်ဆိုရင် သောက်လက်စဆေးတွေအကြောင်းကို ဆရာဝန်ကို အသိပေးသင့်ပါတယ်။ ဒါမှသာ သင့်တော်တဲ့ဆေးကို ဆရာဝန်က ညွှန်ကြားနိုင်မှာပါ။

🔹နို့တိုက်မိခင်နဲ့ ကိုယ်ဝန်ဆောင်မိခင်တွေမှာ ပိုးသတ်ဆေးသောက်လို့ ရလား….

သောက်လို့ ရပါတယ်။ ဒါပေမယ့် ကလေးဖွံဖြိုးမှုမှာ အနှောင့်အယှက်ဖြစ်စေနိုင်တဲ့၊ ကလေးကိုအန္တရာယ်ရှိစေတဲ့ ပိုးသတ်ဆေးတွေကို ရှောင်ကြဉ်လို့ရအောင် မိမိ ကိုယ်ဝန်ရှိနေတယ် ဒါမှမဟုတ် မိမိဟာ နို့တိုက်မိခင်ပါဆိုတာကို ဆရာဝန်ကို သေချာပြောပြသင့်ပါတယ်။ အထူးသဖြင့် G6PD ဆိုတဲ့ အင်ဇိုင်းချို့တဲ့မှုရှိတဲ့ ကလေးတွေမှာ မိခင်နို့ကနေတစ်ဆင့် ကလေးဆီကို ပိုးသတ်ဆေးရောက်ရှိနိုင်လို့ ဆရာဝန်ညွှန်ကြားတဲ့ဆေးကလွဲပြီး ပိုးသတ်ဆေးကို မိမိဘာသာမသောက်သုံးဖို့ လိုအပ်ပါတယ်။

.

🔺ပိုးသတ်ဆေးနဲ့ အရက် တည့်ပါသလား….

တချို့ဆေးတွေက တည့်ပေမယ့် တချို့ဆေးတွေကတော့ အရက်နဲ့တွဲသောက်မိရင် ဆိုးရွားတဲ့အသည်းပျက်စီးခြင်းအထိ ဖြစ်နိုင်လို့ ဆေးသောက်နေချိန်မှာ အရက်ကို ရှောင်ရှားတာ အကောင်းဆုံးဖြစ်ပါတယ်။

.

ပိုးသတ်ဆေးတွေကို လိုအပ်တဲ့အချိန်မှာ နည်းမှန်၊ လမ်းမှန်သောက်သုံးရင် အန္တရာယ်မရှိရုံသာမက မိမိအတွက် အကျိုးရှိတာမို့ ပိုးသတ်ဆေးကို မလိုအပ်ဘဲသောက်သုံးတာမျိုး၊ ဆရာဝန်ညွှန်ကြားချက်မပါဘဲ သောက်သုံးတာမျိုး၊ ပိုးသတ်ဆေးတွေကို မိမိမိတ်ဆွေကို ပေးသောက်တာမျိုး၊ မိတ်ဆွေရဲ့ပိုးသတ်ဆေးကို ယူသောက်သုံးတာမျိုး၊ နှာစေး ချောင်းဆိုးဖြစ်ရုံနဲ့ အလွယ်တကူ သောက်သုံးတာမျိုး‌တွေကို ရှောင်ကြဉ်ဖို့ အထူးလိုအပ်ပါတယ်။

အချုပ်ဆိုရရင်တော့ ကာကွယ်ခြင်းဟာ ကုသခြင်းထက် အမြဲတမ်း ပိုမိုထိရောက်ကောင်းမွန်စေပါတယ်။ ဒါကြောင့်

– ပုံမှန်လက်ဆေးမယ်

– နှာစေး၊ ချောင်းဆိုးရင် လက်ကိုင်ပဝါ အသုံးပြုမယ်

– နေမကောင်းရင် လူထူထပ်တဲ့နေရာတွေကို မသွားဘူး

– လက်မဆေးဘဲ မျက်နှာ၊ နှာခေါင်း၊ ပါးစပ်တွေကို ကိုင်တွယ်တာမျိုး မလုပ်ဘူး

– နှာစေး၊ ချောင်းဆိုးလူနာတွေနဲ့ အနီးကပ်မနေသလို ရှောင်လို့မရနိုင်ရင်လည်း အကာအကွယ်တွေ (Masks) တပ်မယ်

– ရာသီတုပ်ကွေးကာကွယ်ဆေးတွေကို ပုံမှန်ထိုးမယ် စတဲ့ နည်းလမ်းတွေကို သုံးပြီး မိမိကိုယ်မိမိ ကူးစက်ရောဂါ မဖြစ်ပွားအောင် အကောင်းဆုံးကာကွယ်နိုင်ပါတယ်နော်။

Dr. Latte

တယ်လီကျန်းမာ

References : 📚

https://www.cdc.gov/antibiotic-use/do-and-dont.html

https://my.clevelandclinic.org/health/treatments/16386-antibiotics

https://www.nhs.uk/conditions/antibiotics/

.

——————————————–

.

Ministry of Health,
National Unity Government.

Published on: March 3, 2024
Last updated: March 3, 2024