ရာသီဥတုလေး အေးလာပြီဆို နှာရည်က တရှုံ့ရှုံ့နဲ့ နှာခေါင်းတွေပိတ်လိုက် နှာချေလိုက်နဲ့ လူကလည်း ထိုင်းထိုင်းမှိုင်းမှိုင်း နေလို့မကောင်း…
….
အပြင်ထွက်ရလို့ ဖုန်တောထဲရောက်သွားရင် နှာခေါင်းတွေယားပြီး နှာက ခဏခဏချေရပြန်ပြီ။ အိမ်မွေးတိရစ္ဆာန်ဆို မွေးလို့ကိုမရဘူး။ အနားကပ်လိုက်တာနဲ့ နှာခေါင်းက ယားသလိုလို နှာချေချင်သလိုလို စန်းစန်းတင့်တွေ ဖြစ်လာ…
ဒါမျိုးတွေ ကြုံနေရပြီဆိုရင်တော့…
Allergic rhinitis နောက်တစ်နည်း Hay Fever လို့ခေါ်တဲ့ ဓာတ်မတည့်ခြင်းကြောင့် နှာခေါင်းရောင်ရမ်းခြင်းကြောင့် ဖြစ်ဖို့များနေပါပြီ။
Allergic rhinitis ဆိုတာဘာလဲ
• အဓိကကတော့ နှာခေါင်းထဲက အမြှေးပါးလေးတွေက ရှူရှိုက်လိုက်တဲ့ အမှုန်အမွှားတွေကို ဓာတ်မတည့်ဘဲ တုံ့ပြန်ခြင်းကြောင့် နှာခေါင်းရောင်ရမ်းတာ ဖြစ်ပါတယ်။
Allergic rhinitis ကို အမျိုးအစား ၂မျိုး ခွဲခြားထားပါတယ်။
(၁) Seasonal rhinitis – သူကတော့ ရာသီအကူးအပြောင်းမှာ ဖြစ်ပါတယ်။ အဓိကအားဖြင့်တော့ မြက်ပင်ရဲ့ မျိုးမှုန်တွေကူးတတ်တဲ့ ဆောင်းတွင်းမှာ ဖြစ်လေ့ရှိပါတယ်။ ဒါ့အပြင် ပန်းဝတ်မှုန်တွေ၊ မျိုးစေ့မှုန်တွေ ရှူရှိုက်မိတဲ့အခါမှာလည်း ဖြစ်နိုင်ပါတယ်။
(၂) Perennial rhinitis – ဒီအမျိုးအစားကတော့ တစ်နှစ်ပတ်လုံး အချိန်မရွေးဖြစ်တတ်ပါတယ်။ ဖုန်မှုန့်၊ မှို၊ တိရစ္ဆာန်အမွှေးတွေကို ထိတွေ့ကိုင်တွယ်တဲ့အခါမှာ ဖြစ်တတ်ပါတယ်။
လက္ခဏာတွေက ဘာတွေလဲ?
• Seasonal rhinitis မှာတော့ နှာခဏခဏချေမယ်။ နှပ်ရည်ယိုမယ်။ နှာခေါင်းပိတ်မယ်။ ဒီလက္ခဏာတွေက နာရီအနည်းငယ်ကြာကြာဖြစ်နေတတ်ပါတယ်။ ဒါ့အပြင် မျက်လုံးတွေစပ်ပြီး မျက်ရည်ဝဲတာမျိုးလည်း ဖြစ်နေတတ်ပါတယ်။
• Perennial rhinitisမှာလည်း အလားတူလက္ခဏာတွေပဲ ခံစားရတတ်ပြီးတော့ seasonal ထက်စာရင်တော့ ရောဂါသိပ်မပြင်းတတ်ပါဘူး။
ဘာကြောင့် ဖြစ်တာလဲ?
• လေထဲကနေ allergen လို့ခေါ်တဲ့ ဓာတ်မတည့်တဲ့ အမှုန်အမွှားတွေက နှာခေါင်း၊ လည်ချောင်းနဲ့ မျက်လုံးတို့ထဲကို ဝင်ပြီး mast cell လို့ခေါ်တဲ့ သွေးဆဲလ်တွေထဲမှာ သွားပေါင်းပါတယ်။ အဲ့လိုပေါင်းလိုက်တဲ့အတွက် (histamine) ဟစ်စတမင်းလို့ခေါ်တဲ့ ဓာတ်ပစ္စည်းထွက်လာပါတယ်။ အဲ့ဒီ ဓာတ်ပစ္စည်းကပဲ ရောင်ရမ်းခြင်းကိုဖြစ်စေတာ ဖြစ်ပါတယ်။
ဒါဆို ဘယ်လို အမှုန်အမွှားတွေ ဘယ်လိုအရာတွေက ရောဂါဖြစ်စေနိုင်လဲဆိုတာ သိဖို့ လိုတာပေါ့။
• ဆောင်းတွင်းမှာ ဝတ်မှုန်ကူးတတ်တဲ့ ပန်းဝတ်မှုန်တွေ၊ နွေရာသီဆိုရင်တော့ မြက်ပင်ရဲ့မျိုးမှုန်တွေ
• အိမ်မှာရှိတဲ့ ဖုန်မှုန့်တွေ
• မှို
• အိမ်မွေးတိရစ္ဆာန်ရဲ့ အမွှေးတွေ
• နို့၊ ဥ၊ မြေပဲနဲ့ မြေပဲထောပတ်တို့လို အစားအသောက်တွေကြောင့် ဓာတ်မတည့်တာ ဖြစ်နိုင်ပါတယ်။ လူတော်တော်များများကတော့ ကိုယ်ဘာနဲ့ ဓာတ်မတည့်လဲဆိုတာ သိပ်မသိကြပါဘူး။
တခြားဘယ်လိုအရာတွေက ရောဂါကို ပိုဆိုးစေနိုင်လဲ?
• မီးခိုးမှုန်တွေ၊ သုတ်ဆေးတွေ၊ sprayတွေ၊ အလှကုန်ပစ္စည်းတချို့နဲ့ aspirinလို ဆေးမျိုးတွေကြောင့် ရောဂါပိုဆိုးလာတာမျိုး တွေ့ရတတ်ပါတယ်။ စိတ်ခံစားချက် အဆင်မပြေတာမျိုး၊ မောပန်းတာ၊ အရက်သောက်ခြင်း ၊ ရာသီဥတု ထိုင်းမှိုင်းတာ၊ အဲယားကွန်းအဖွင့်များတဲ့ အခြေအနေတို့မှာလည်း ရောဂါပိုကြွတတ်ပါတယ်။
မျိုးရိုးလိုက်တတ်လား?
• မျိုးရိုးလိုက်တတ်ပါတယ်။ မိဘတွေမှာ ဖြစ်ဖူးတယ်ဆိုရင် သားသမီးတွေမှာလည်း ဖြစ်တတ်ပါတယ်။
• ဒီရောဂါက အန္တရာယ်များတဲ့ ရောဂါတော့ မဟုတ်ပေမယ့် အချိန်မီ မကုဘူးဆိုရင် ပန်းနာရင်ကြပ်၊ နှာခေါင်းအဖုအကြိတ်တွေနဲ့ အကြားအာရုံပြဿနာတွေ ဖြစ်နိုင်ပါတယ်။
ကုသလို့ ရနိုင်လား?
• လုံးဝ ပျောက်ကင်းအောင် ကုသလို့တော့ မရနိုင်ပေမယ့် လက္ခဏာတွေကတော့ ကုသလို့ ရနိုင်ပါတယ်။
• ကျန်းမာအောင် နေထိုင်စားသောက်ပါ။ အဟာရပြည့်ဝမျှတအောင် စားပါ။ လေ့ကျင့်ခန်းကို သင့်တင့်မျှတအောင် ပြုလုပ်ပေးပါ။ junk foodစားတာတွေ ရှောင်ကြဉ်ပါ။
• မျက်လုံးယားတာ၊ ရောင်တာဖြစ်ရင် သွားမပွတ်မိစေဖို့ အကြံပြုပါတယ်။ မျက်ကပ်မှန်တပ်တာမျိုးလည်း ရှောင်ကြဉ်ပါ။
• အလွယ်တကူ ဝယ်ယူရရှိနိုင်တဲ့ နှာခေါင်းအစက်ချဆေးတွေ၊ ဖြန်းဆေးတွေကို မိမိသဘောနဲ့မိမိ ဝယ်ယူသုံးစွဲခြင်း မလုပ်ပါနဲ့။ အဲ့ဒါတွေက ရေတိုမှာ လက္ခဏာတွေကို သက်သာနိုင်စေပေမယ့် ကြာလာတဲ့အခါ ရောဂါအရင်းအမြစ်ကို ပိုဆိုးလာစေနိုင်ပါတယ်။
ဘာတွေ ရှောင်ကြဉ်ဖို့ လိုအပ်လဲ?
• ကိုယ်နဲ့ ဓာတ်မတည့်တာ ဘာလဲဆိုတာ သိရှိတဲ့သူတွေကတော့ အဲ့ဒါကို ရှောင်ဖို့ လိုအပ်ပါတယ်။
• ငှက်မွှေးသွပ် ခေါင်းအုံးတွေ ဖြစ်နိုင်ရင် မသုံးပါနဲ့။
• လေတိုက်တဲ့အချိန်တွေဆို တတ်နိုင်သလောက် အိမ်တွင်းပဲနေပါ။ (လေထဲကတဆင့် မိမိနဲ့မတည့်တဲ့ အမှုန်တွေကို ရှူမိနိုင်တဲ့အတွက်ကြောင့်ပါ။)
• ရေအေးနဲ့ မျက်လုံးကို မျက်နှာသစ်သလို သစ်ပေးပါ။
• ဖုန်မှုန့်တွေက အိပ်ရာ၊ ပရိဘောဂတွေ၊ အမွှေးပွရုပ်တွေနဲ့ ကောဇောတွေကနေ လာတတ်ပါတယ်။ ဒါကြောင့် သင့်မှာ perennial rhinitis ရှိတယ်ဆိုရင် တတ်နိုင်သမျှ မိမိအသုံးပြုတဲ့ပစ္စည်းတွေမှာ ဖုန်ကင်းစင်အောင် သန့်ရှင်းထားဖို့ လိုအပ်ပါတယ်။
• ဒါ့အပြင် ခေါင်းအုံးတွေ မွေ့ရာတွေမှာ မှိုမစွဲအောင် မှန်မှန်လျှော်ဖွပ်ပေးဖို့ သန့်ရှင်းပေးဖို့ လိုအပ်ပါတယ်။
• အိမ်မွေးတိရစ္ဆာန်တွေကို အိမ်အပြင်ဘက်မှာပဲ ထားပါ။
• ဆေးလိပ်၊ မီးခိုငွေ့၊ အလှကုန်ပစ္စည်းတွေ၊ ဖြန်းဆေးတွေ၊ အိမ်သုတ်ဆေးတွေလို ဓာတုပစ္စည်းပါဝင်တဲ့ အရာတွေကို ရှောင်ဖို့လိုအပ်ပါတယ်။
ဘာဆေးတွေ သောက်သင့်လဲ?
• Antihistamine လို့ခေါ်တဲ့ ဆေးတွေနဲ့ နှာခေါင်းဖြန်းဆေးတွေ မျက်စဥ်းဆေးတွေ သုံးစွဲနိုင်ပါတယ်။
• ဒါပေမယ့် ဆေးတွေမှာလည်း ဓာတ်မတည့်တာ ဖြစ်နိုင်တဲ့အတွက် ဆရာဝန်နဲ့ စနစ်တကျ တိုင်ပင်ဆွေးနွေးပြီးမှ ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်သုံးဖို့ အကြံပြုပါရစေ။
ကဲ ဒီလောက်ဆို hay fever အကြောင်းလေး သိသင့်သလောက် သိရှိပြီးဖြစ်တယ်လို့ ထင်ပါတယ်။ ဒါကြောင့် စာဖတ်သူတွေအားလုံးလည်း မိမိနဲ့ ဓာတ်မတည့်တဲ့အရာတွေကို ရှောင်ရှားပြီး စန်းစန်းတင့်ဖြစ်တဲ့ နှာခေါင်းလေး ရောင်ရမ်းတာမဖြစ်အောင် ကာကွယ်ကြပါလို့ တိုက်တွန်းပါရစေ။
Reference
Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.282
Davidson 23rd Edition pp-622
NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ
တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဉ်မနက် ၈နာရီမှ ညနေ၆နာရီအထိ
ည၈နာရီမှ ည၁၀နာရီအထိ )
Ministry of Health,
National Unity Government.

Published on: 9 August 2022
Last Updated: 9 August 2022