Alzheimer’s disease (အယ်လ်ဇိုင်းမား သတိမေ့ရောဂါ) (October, 2022)

အယ်လ်ဇိုင်းမား သတိမေ့ရောဂါ (Alzheimer’s disease)

ခေတ်ရေစီးကြောင်းတွေပြောင်းလာတာနဲ့အမျှ generation gap အရ လူငယ်ကနေ လူကြီး၊ လူကြီးကနေ လူငယ် အပြန်အလှန်နားလည်ဖို့ ခက်လာချိန်မှာ တချို့လူကြီးရောဂါတွေကို သိနားလည်ထားဖို့ လိုအပ်လာပါတယ်။

အဲဒီ့အထဲမှာ သတိမေ့တတ်တာမဆန်းပေမယ့် လူကြီးတွေမှာ ရောဂါတစ်ခုအနေနဲ့လည်း ဖြစ်နိုင်ပါတယ်။ သတိမေ့တတ်တဲ့ရောဂါအုပ်စုကြီး Dementiaရဲ့အောက်မှာ သတိမေ့တတ်တဲ့ရောဂါမျိုးခွဲတွေအများကြီးရှိတဲ့ထဲက ၆၀-၇၀%ဟာ အယ်လ်ဇိုင်းမားရောဂါကြောင့်ပဲဖြစ်ပါတယ်။ အားလုံးပဲ ကြားဖူးကြမှာ အယ်လ်ဇိုင်းမားရောဂါဆိုတာ။

အယ်လ်ဇိုင်းမား ရောဂါဆိုတာ အသက်ကြီးလာတော့ ဦးနှောက်ကျုံ့သွား သေးသွားပြီး ဦးနှောက်ဆဲလ်လေးတွေ သေသွားလို့ အာရုံကြော ဖြည်းဖြည်းချင်း ထိခိုက်တဲ့ရောဂါပါ။

အယ်လ်ဇိုင်းမား ရောဂါဟာ အသက်ကြီးတဲ့သူတွေမှာ ဖြစ်တတ်ပြီး အယ်လ်ဇိုင်းမားရောဂါရဲ့ ၈၀%ဟာ ၇၅နှစ်နဲ့အထက်တွေမှာဖြစ်တာ တွေ့ရပါတယ်။ ဒါကြောင့်မရှားပါဘူး။

🗣️ပုံမှန် သတိမေ့တာ မဟုတ်ဘဲ အယ်လ်ဇိုင်းမား ရောဂါပါလို့ဘာတွေကြည့်ပြီး ခန့်မှန်းနိုင်/သံသယရှိနိုင်ပါသလဲ?

👄 အယ်လ်ဇိုင်းမားရောဂါရဲ့ အဓိကလက္ခဏာက မှတ်ဉာဏ်တွေ ပျောက်ဆုံးတာပါပဲ။ အစောပိုင်းမှာတော့ လတ်တလော အဖြစ်အပျက်တွေ၊ လတ်တလောပြောထားတဲ့ စကားတွေကို မှတ်မိဖို့ခဲယဉ်းတာပါ။ ရောဂါ ပိုဆိုးလာရင်တော့ အဲတာအပြင် တခြားလက္ခဏာတွေပါ ပြလာပါတယ်။

အများအားဖြင့် လူနာက သူ့ကိုယ်သူ အတွေးတွေ မစုစည်းနိုင်တာ၊ မမှတ်မိတာတွေကို စသတိထားမိနိုင်သလို၊ မိသားစု၀င်တစ်ယောက်ယောက်က သတိထားမိတာလည်း ဖြစ်နိုင်ပါတယ်။

အယ်လ်ဇိုင်းမားရောဂါမှာ အောက်ပါ စွမ်းဆောင်ရည်တွေ ကျနိုင်ပါတယ်။

၁) မှတ်ဉာဏ် (memory)

၂) တွေးတောတာနဲ့ ဆင်ခြင်နိုင်စွမ်း (thinking and reasoning)

၃) သုံးသပ်၊ ဆုံးဖြတ်နိုင်စွမ်း (making judgement and decision)

၄) လုပ်နေကျ အလုပ်တာ၀န်တွေ စီစဉ်ခြင်း၊ လုပ်ဆောင်ခြင်း (planning and performing familiar tasks)

၅) အပြုအမူ၊ ကိုယ်ရည်ကိုယ်သွေးပြောင်းလဲခြင်း (changes in personality and behavior)

👉၁) မှတ်ဉာဏ် (memory)

လူတိုင်းကတော့ မေ့တတ်ကြပါတယ်။ ဒါပေမယ့် အယ်လ်ဇိုင်းမားရောဂါရဲ့ မှတ်ဉာဏ်ပျောက်ဆုံးတာကတော့ ကြာလေဆိုးလေပါပဲ။ အိမ်နဲ့ အလုပ်မှာ အလုပ်လုပ်တဲ့အခါ အခက်အခဲတွေ ဖြစ်လာတတ်ပါတယ်။

ဥပမာ-

– မေးခွန်းတွေ ထပ်ခါထပ်ခါမေးတာ၊ ပြောပြီးသားတွေ ထပ်ခါထပ်ခါပြောတာ

– ပြောပြီးသားစကားတွေ၊ ချိန်းဆိုထားတာတွေ၊ အဖြစ်အပျက်တွေမေ့တာ၊ ပြောပြီး မမှတ်မိတော့တာ

– ပစ္စည်းတွေ နေရာအထားမှားမယ်၊ ပစ္စည်းကို ထားနေကျမဟုတ်တဲ့ မဆီလျော်တဲ့နေရာတွေမှာ မှားထားတာ

– သွားလာနေကျနေရာတွေမှာကိုပဲ လမ်းပျောက်တာ

– ကိုယ့်မိသားစု၀င်တွေရဲ့ နာမည်တွေမေ့တာ၊ နေ့စဉ်သုံးပစ္စည်းတွေရဲ့ အမည်ကို မေ့တာ

– ပစ္စည်းတစ်ခုခုကို ခေါ်ဖို့၊ သူတွေးနေတာတွေပြောဖို့၊ စကားဝိုင်းထဲ ၀င်ပြောဖို့ကို စကားစရခက်နေ စကားလုံးရှာမရဖြစ်နေတာ စတာတွေဖြစ်တတ်ပါတယ်။

👉၂) တွေးတောတာနဲ့ ဆင်ခြင်နိုင်စွမ်း (thinking and reasoning)

အယ်လ်ဇိုင်းမားရောဂါသမားတွေက အာရုံမစိုက်နိုင်၊ မတွေးနိုင်ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ဂဏန်းတွေ နှုတ်လို့မရတော့ပါဘူး။

အလုပ်အများကြီးတပြိုင်တည်းလုပ်တာ (multitasking) မလုပ်နိုင်တော့ပါဘူး။ ဒါကြောင့် ငွေကြေးစာရင်း ကိုင်တွယ်တာ၊ အခွန်ပေးဆောင်တာ၊ ငွေစာရင်းစုအုပ်တွေ စီစဉ်တာမှာ အခက်အခဲရှိလာနိုင်ပါတယ်။ နောက်ဆုံးမှာတော့ အယ်လ်ဇိုင်းမားရောဂါရှိတဲ့သူဟာ ကိန်းဂဏာန်းတွေကို မမှတ်မိ၊ မကိုင်တွယ်နိုင်တော့ပါဘူး ဖြစ်တတ်ပါတယ်။

👉၃) သုံးသပ်၊ ဆုံးဖြတ်နိုင်စွမ်း (making judgement and decision)

အယ်လ်ဇိုင်းမားရောဂါရှိရင် နေ့တဓူ၀ကိစ္စတွေမှာ လျော်ကန်တဲ့ သုံးသပ်၊ ဆုံးဖြတ်နိုင်စွမ်းကျလာပါတယ်။ ဥပမာ- အများနဲ့ဆက်ဆံရာမှာ ‌ဆက်ဆံရေး အဆင်‌မပြေတော့တာ၊ ရာသီဥတုနဲ့မကိုက်ညီတဲ့အ၀တ်အစားတွေ၀တ်တာမျိုး၊ နောက် မီးဖိုပေါ် အိုးတည်ထားပြီးမေ့တာ၊ ကားမောင်းတာ မူမမှန်တာစသဖြင့်ပါ။

👉၄) လုပ်နေကျ အလုပ်တာ၀န်တွေ စီစဉ်ခြင်း၊ လုပ်ဆောင်ခြင်း (planning and performing familiar tasks)

တချိန်က နေ့တဓူ၀ အဆင့်ဆင့်လုပ်ဆောင်နေကြအရာတွေက ရောဂါဆိုးလာတဲ့အခါ ဒါတွေလုပ်နိုင်ဖို့ ရုန်းကန်လာရပါတယ်။ ဥပမာ- ဟင်းချက်တာ၊ ဂိမ်းကစားတာ။ အရမ်းဆိုးလာရင် အ၀တ်၀တ်တာ၊ ရေချိုးတာတောင် မလုပ်တတ်တော့ပါဘူး။

👉၅) အပြုအမူ၊ ကိုယ်ရည်ကိုယ်သွေးပြောင်းလဲခြင်း (changes in personality and behavior)

အယ်လ်ဇိုင်းမားရောဂါမှာ ဖြစ်တဲ့ ဦးနှောက်တွင်းပြောင်းလဲမှုတွေကြောင့် စိတ်ပိုင်းဆိုင်ရာနဲ့ အပြုအမူပိုင်းဆိုင်ရာမှာ သက်ရောက်မှုတွေရှိပါတယ်။အဲတာတွေကတော့

– စိတ်ဓါတ်ကျခြင်း

– စိတ်မပါ၊ လက်မပါ တက်ကြွမှုမရှိခြင်း

– ပတ်၀န်းကျင် မတိုးတော့ခြင်း

– စိတ်အပြောင်းအလဲမြန်ခြင်း

– သူတပါးအား မယုံကြည်စိတ်များခြင်း

– စိတ်တို စိတ်ဆတ်လွယ်ခြင်း

– အိပ်တဲ့အလေ့အကျင့်ပြောင်းလာခြင်း

– လျှောက်တွေးနေခြင်း၊ အတွေးများခြင်း

– တစ်ခုခုဆို မထိန်းနိုင်ခြင်း

– ထင်ယောင်ထင်မှား ဖြစ်ခြင်း (ဥပမာ-ပစ္စည်းတစ်ခုခု ခိုးခံရပြီလို့ထင်ခြင်း) စသည်တို့ဖြစ်ပါတယ်။ ဒါတွေပါရှိလာရင်တော့ အယ်လ်ဇိုင်းမားရောဂါခံစားနေရပြီလားဆိုပြီး သံသယ၀င်နိုင်ပါတယ်။

💢သတင်းကောင်းတခုကတော့ –

အယ်လ်ဇိုင်းမားရောဂါပြင်းထန်လာရင်တောင်မှ အရေးကြီးတဲ့ အတတ်ပညာတွေကို အချိန်အတော်ကြာ ထိန်းထားနိုင်ပါသေးတယ်။ ဥပမာ-စာဖတ်တာ၊ ပုံပြောတာ၊ အတိတ်ကို ပြန်ပြောင်းပြောတာ၊ သီချင်းဆိုတာ၊ သီချင်းနားထောင်တာ၊ ကတာ၊ ပုံဆွဲတာ၊ လက်မှုပညာ အလုပ် စတာတွေကိုတော့ အချိန်အတော်ကြာ လုပ်နိုင်ပါသေးတယ်။ ဒါတွေက နောက်ပိုင်းမှ ထိတာမို့ပါ။

🗣️ဒါဆို ဘယ်အချိန်မှာ ဆရာ၀န်နဲ့ပြရမလဲ?

👄ကိုယ့်မှတ်ဉာဏ်တွေ၊ အတွေးတွေကို ကိုယ်စိတ်ပူလာပြီဆိုရင် (သို့) ကိုယ့်မိသားစုထဲက တစ်ယောက်ယောက်ရဲ့ အတွေးတွေ၊ မှတ်ဉာဏ်တွေကို စောင့်ကြည့်လို့ စိတ်ပူလာပြီဆိုရင် ဆရာ၀န်နဲ့တိုင်ပင်သင့်ပါတယ်။

🗣️အယ်လ်ဇိုင်းမားရောဂါက ကုလို့ပျောက်ပါလား?

👄အယ်လ်ဇိုင်းမားရောဂါကို အပျောက်ကုလို့ရတဲ့နည်းလမ်းတော့ မရှိသေးပါဘူး။ ဆေးတွေသောက်ရင်တော့ ရောဂါဖြစ်တဲ့နှုန်းကိုနှေးစေနိုင်ပြီး စွမ်းဆောင်နိုင်ရည်ကို အချိန်အတိုင်းအတာ တစ်ခုအထိ ကြိုးစားထိန်းပေးပါတယ်။ အယ်လ်ဇိုင်းမားရောဂါသည်နဲ့ သူတို့ကို ပြုစုတဲ့သူတွေအတွက် အထောက်အကူပေးနိုင်မယ့် ပရိုဂရမ်တွေလည်းရှိပါတယ်။ အရမ်းဆိုးလာရင်တော့ ကိုယ့်ကိုကိုယ် ဂရုမစိုက်နိုင်တော့ပဲ ရေဓါတ်နည်းမယ်၊ အာဟာရပြတ်မယ်၊ ပိုးတွေ၀င်ပြီး အသက်ဆုံးရှုံးနိုင်ပါတယ်။

အယ်လ်ဇိုင်းမားရောဂါအတွက် ရောဂါကိုစောစောစီးစီး သတိထားမိဖို့ အရေးကြီးသလို၊ သူ့ကိုပြုစုစောင့်ရှောက် နားလည်ပေးဖို့လည်း အရေးကြီးပါတယ်။ ဒါကြောင့် ရောဂါကို စောစောစီးစီး သိနိုင်ဖို့နဲ့ ရောဂါသည်တွေကို နားလည်စောင့်ရှောက်နိုင်စေဖို့ ရည်ရွယ်ရေးသားလိုက်ရပါတယ်။

Reference 📚
https://www.mayoclinic.org/…/symptoms-causes/syc-20350447

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

👉 တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဉ် မနက် ၈နာရီမှ ညနေ၁၀နာရီအထိ )

Ministry of Health,

National Unity Government.

 Published on: 29 October 2022
Last Updated: 29 October 2022