“Anaemia in Pregnancy” (August 2023)

“ကိုယ်ဝန်ဆောင် သွေးအားနည်းရောဂါ”

ကိုယ်ဝန်ဆောင်စဉ်မှာ မိခင်တွေဟာ သွေးအားနည်းတတ်လေ့ရှိပါတယ်။ အကြောင်းရင်းကတော့ ကိုယ်ဝန်ဆောင်စဉ် မိခင်အတွက်ရော သန္ဓေသားဖွံ့ဖြိုးမှုအတွက်ပါ သွေးနီဥနဲ့ ဆဲလ်တွေ ပိုထုတ်ရလို့ ဖြစ်ပါတယ်။

ဒီလိုအချိန် သွေးနီဥတွေ လုံလောက်စွာ ထုတ်လုပ်ဖို့ အာဟာရဓာတ်တွေ လုံလောက်မှုမရှိတဲ့အခါ (သို့) ခန္ဓာကိုယ်မှ ဆုံးရှုံးလိုက်ရတဲ့အခါမျိုးမှာ သွေးအားနည်းရောဂါ ခံစားရနိုင်ပါတယ်။

..

..

❕ သွေးအားနည်းရောဂါ အမျိုးအစားများ

သွေးအားနည်းရောဂါ ဖြစ်စေတဲ့ အကြောင်းအချက်တွေ အများကြီးရှိတဲ့အနက် ကိုယ်ဝန်ဆောင်စဥ် အဖြစ်များတာတွေကတော့…

• သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါ

• ဖောလစ်အက်စစ်ချို့တဲ့ သွေးအားနည်းရောဂါ

• ဗီတာမင် B12 ချို့တဲ့သော သွေးအားနည်းရောဂါတို့ပဲ ဖြစ်ပါတယ်။

🩸 ကိုယ်ဝန်ဆောင်စဉ်မှာ သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါဟာ အဖြစ်များလေ့ရှိပါတယ်။

🩸 သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါမှာ ခန္ဓာကိုယ်ရဲ့ တစ်ရှူးတွေဆီ အောက်ဆီဂျင်ပို့ပေးတဲ့ ကောင်းမွန်တဲ့ သွေးနီဥတွေ နည်းသွားပါတယ်။

..

..

❕ သံဓာတ်ချို့တဲ့စေတဲ့ အကြောင်းရင်းတွေကတော့…

– သံဓာတ်ကြွယ်ဝတဲ့ အာဟာရ မလုံလောက်ခြင်း

– ကိုယ်ဝန်ဆောင်မှု တစ်ကြိမ်နှင့်တစ်ကြိမ် အချိန်နီးကပ်ခြင်း

– ကိုယ်ဝန်ဆောင်စဉ် သွေးဆင်းဖူးခြင်း၊ သွေးသွန်ခြင်း

– အမွှာကိုယ်ဝန်ဆောင်ရခြင်း

– ပြင်းထန်သော ပျို့အန်မှုရှိခြင်း

– သန်ကောင်ရောဂါရှိဖူးခြင်း… စတာတွေကြောင့် ကိုယ်ဝန်ဆောင်စဉ် သွေးအားနည်းတတ်ပါတယ်။

..

..

❕ သွေးအားနည်းလက္ခဏာတွေဖြစ်တဲ့

• မောပန်းနွမ်းနယ်ခြင်း၊ နုံးချိခြင်း

• ရင်တုန်ခြင်း၊ အသက်ရှုမဝခြင်း

• အသားအရေ ဖြူဖျော့ခြင်း

• ခေါင်းကိုက်ခြင်း၊ ရင်ဘတ်အောင့်ခြင်း

• ခြေဖျား၊ လက်ဖျားအေးစက်ခြင်း စတဲ့ လက္ခဏာတွေ ခံစားရရင် နီးစပ်ရာဆေးခန််းမှာ ကိုယ်ဝန်အပ်ပြီး လိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်။

..

..

❕ ကုသမှုအနေနဲ့

– သွေးအားနည်းစေတဲ့ အကြောင်းရင်းကို ဦးစွာအဖြေရှာရပါမယ်။

– အာဟာရချို့တဲ့မှုကြောင့်ဆိုရင် မိခင်အနေနဲ့ အနီရောင်အသား၊ ငါး၊ ပဲအမျိုးမျိုး၊ ပန်းပွင့်စိမ်းစတဲ့ သံဓာတ်ပြည့်ဝတဲ့ အစားအစာတွေကို ညီညွှတ်အောင် စားသုံးသင့်ပါတယ်။

– သံဓာတ်စုပ်ယူမှု အားကောင်းစေဖို့ ဗီတာမင်စီ ကြွယ်ဝတဲ့ အသီး၊ ဖျော်ရည် သောက်သုံးပေးပါ။

– လိုအပ်တဲ့အခါ ကိုယ်ဝန်ဆောင် ဗီတာမင်နှင့် သံဓာတ်အားဆေးတွေကို ဆရာဝန်ညွှန်ကြားမှုအတိုင်း သောက်သုံးရပါမယ်။

– သန္ဓေသား ကောင်းစွာဖွံ့ဖြိုးဖို့အတွက် ဖောလစ်အက်စစ်အားဆေး မှီဝဲလို့ရပါတယ်။

– သန်ကောင်ကြောင့် သွေးအားနည်းတတ်တာမို့ သန်ချဆေး သောက်သုံးသင့်ပါတယ်။

– ကိုယ်ဝန်နေ့စေ့လစေ့အချ်ိန် အလွန်အမင်း သွေးအားနည်းနေပါက သွေးသွင်းရနိုင်ခြေ ရှိပါတယ်။

..

..

❗️ သွေးအားနည်းခြင်းကို ကောင်းစွာကုသမှု မခံယူပါက

• ကလေးဖွံ့ဖြိုးမှု နှောင့်နှေးခြင်း

• လမစေ့၊ ပေါင်မပြည့် ကလေးမီးဖွားခြင်း

• ကိုယ်ဝန်ပျက်ကျခြင်း

• မိခင်၌ နှလုံး၊ အဆုတ်ထိခိုက်ခြင်း

• မီးဖွားပြီးနောက် စိတ်ကျခြင်း စတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။

.

ကိုယ်ဝန်ဆောင် သွေးအားနည်းရောဂါဟာ အဖြစ်များပေမယ့် ကြိုတင်ကာကွယ်နိုင်တာမို့ ကိုယ်ဝန်ရှိစဉ်မှစပြီး ရက်ချိန်းအတိုင်း ပုံမှန်ဗိုက်အပ်ကာ ဆရာဝန်ညွှန်ကြားချက်အတိုင်း လိုက်နာသင့်ပါတယ်ရှင်။

📄 Reference

https://www.webmd.com/baby/anemia-in-pregnancy

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉 တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

#nugmoh#telehealth#telemedicine

#teleconsultation#တယ်လီကျန်းမာ#Telekyanmar

#ကိုယ်ဝန်ဆောင်သွေးအားနည်းခြင်း

#anaemia_in_pregency

Ministry of Health,
National Unity Government.

Published on: 29 August 2023
Last updated: 29 August 2023