Anal fissure (စအိုကွဲနာ)(March, 2022)

⚕️ စအိုကွဲနာ (Anal fissure) (March, 2022) ‍⚕️

စအိုကွဲနာဆိုတာ စအိုဝအရေပြားလေးကွဲပြီး ဝမ်းသွားရင် အရမ်းနာတဲ့ ပြဿနာပါ။ အသက်အရွယ်မရွေး ဖြစ်တတ်ပြီး အထူးသဖြင့် အမျိုးသမီးနဲ့ ကလေးငယ်တွေမှာ ပိုဖြစ်တတ်ပါတယ်။

🔺 ရောဂါလက္ခဏာများ

  • ဝမ်းသွားတဲ့အချိန် အရေပြားကို ဆွဲဖြဲလိုက်သလို နာပါတယ်၊ သွေးနည်းနည်းထွက်နိုင်ပါတယ် (အတွင်းခံဘောင်းဘီမှာ သွေးနည်းနည်းပေနေတာမျိုး၊ အိမ်သာသုံးစက္ကူမှာ သွေးပေလာတာမျိုး မြင်ရနိုင်ပါတယ်)
  • ကြမ်းမာမာပေါ်မှာထိုင်ရင် စအိုနေရာမှာ သရိုးသရီနဲ့ ထိုင်ရအဆင်မပြေဖြစ်နိုင်ပါတယ်
  • မိနစ်ပိုင်းကနေ နာရီပိုင်းလောက်အထိ နာတဲ့အချိန် ကြာနိုင်ပါတယ်

❓ ဘာကြောင့်ဖြစ်တာလဲ

  • ဝမ်းမာမာသွားတဲ့အခါ စအိုဝအရေပြားပါးပါးလေးကို ခွဲလိုက်သလိုဖြစ်ပြီး ကွဲကြောင်းလေး စပေါ်လာပါတယ်။
  • ဝမ်းသွားတိုင်း စမြင်းတုံးတွေက ပထမကွဲထားတဲ့နေရာကို ပွတ်ဆွဲသွားသလိုဖြစ်ရာကနေ နာတာဖြစ်ပါတယ်။

❓ ဘယ်သူတွေမှာ ဖြစ်တတ်လဲ

  • ဝမ်းချုပ်တတ်သူတွေ
  • ပုံမှန်မွေးလမ်းကြောင်းကနေ ကလေးများများမွေးထားတဲ့သူတွေ
  • Crohn’s disease လို့ခေါ်တဲ့ အူလမ်းကြောင်းမှာ ပြဿနာရှိသူတွေ

🔹 ကုသနည်းများ

အရမ်းမဆိုးရင် (၁) လလောက်နဲ့ သက်သာသွားတတ်ပါတယ်။

  • ဝမ်းမသွားခင် စအိုဝကို Vaseline / zinc oxide ခရင် (မ်) အရင်လိမ်းပါ။
  • အရမ်းဆိုးရင် ဆရာဝန်က ထုံဆေးနည်းနည်းပါတဲ့ လိမ်းဆေး ပေးပါလိမ့်မယ်။
  • ပါရာစီတမောလို အကိုက်အခဲပျောက်ဆေး သောက်ပါ။
  • ဝမ်းသွားပြီးရင် ဂွမ်းလုံးလေးကို ရေနွေးနွေးစွတ်ပြီး စအိုဝကို သန့်ရှင်းရေးလုပ်ပါ။
  • ဖန်ရည်ဆေးပါ (ရေခပ်နွေးနွေးထဲမှာ ဆားနည်းနည်းထည့်ပြီး တစ်ခါထိုင်ရင် မိနစ် ၂၀ နဲ့ တစ်နေ့ ၂ ကြိမ် ထိုင်ပါ)

🔹 ခွဲစိတ်ကုသခြင်း

  • အထက်ကနည်းတွေနဲ့ မသက်သာရင် ခွဲစိတ်ဆရာဝန်နဲ့ တိုင်ပင်ပါ။
  • ခွဲစိတ်မှု အကြီးစားမဟုတ်ပါဘူး။
  • ဖြစ်တဲ့ နေရာနားတဝိုက်ကို ထုံဆေးထိုးပြီး စအိုဝကြွက်သားကို အနည်းငယ်ခွဲစိတ်လိုက်တာပါ။

🔹 ဘယ်လိုကာကွယ်ရမလဲ ?

  • ဝမ်းမချုပ်ပါစေနဲ့။ အမြဲတမ်း ဝမ်းပျော့ပျော့သွားပါစေ။
  • ရေများများသောက်ပါ။
  • ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။
  • အသီးအနှံ၊ ဟင်းသီးဟင်းရွက် များများစားပါ။
  • လိုအပ်လျှင် ဝမ်းပျော့ဆေးသုံးပါ (ဝမ်းနုတ်ဆေးမဟုတ်ပါဘူး)

Reference:
John Murtagh’s Patient Education, six edition: Anal fissure

❤️ NUG, MOH တယ်လီကျန်းမာ … လူတိုင်းအတွက်ပါ ❤️

တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းများ ပြသရန် (နေ့စဥ် မနက် ၈ နာရီမှ ညနေ ၆ နာရီအထိ)
https://m.me/telehealthmm

လှူဒါန်းရန်-
https://moh.nugmyanmar.org/donate/

Ministry of Health,

National Unity Government.

Published on: 22 March 2022
Last Updated: 22 March 2022