“Anorexia Nervosa” (June 2023)

“မိမိကိုယ်မိမိ ဝ နေသည်ဟုသာ ထင်မြင်၍ အစားလျှော့ပြီးရင်း လျှော့ခြင်း (Anorexia Nervosa)”

Anorexia Nervosa ဆိုတာ ဘာလဲ ?

လူတော်တော်များများက ကိုယ်အလေးချိန်တက်လာမှာကို စိုးရိမ်ကြပါတယ်။ ဒါပေမယ့် တချို့လူတွေမှာတော့ စိုးရိမ်ပူပန်မှုဟာ စွဲလမ်းမှုတစ်ခုဖြစ်လာပြီး anorexia nervosa လို့ခေါ်တဲ့ ကိုယ်အလေးချိန်တက်မှာကိုကြောက်တဲ့ စိတ်ရောဂါအခြေအနေတစ်ခုဖြစ်လာပါတယ်။

Anorexia nervosa ဆိုတာ အလွန်အမင်းကိုယ်အလေးချိန်ကျခြင်းကို ဖြစ်စေနိုင်တဲ့ အစာမစားတဲ့စိတ်ရောဂါအခြေအနေတစ်ခုဖြစ်ပါတယ်။

Anorexia ရှိသူဟာ ကိုယ်စားသုံးတဲ့ ကယ်လိုရီပမာဏနဲ့ ကိုယ်အလေးချိန်ကို စိတ်ထဲအရမ်းစွဲထားတတ်ပြီး ကယ်လိုရီအလွန်နည်းတဲ့ အစားအသောက်ကိုသာ ရွေးချယ်စားလေ့ရှိကြပါတယ်။

ကိုယ်အလေးချိန်ကျတဲ့အခါ သူတို့ဟာ သူတို့ကိုယ်သူတို့ ပိုကြည့်ကောင်းလာတယ်လို့ ခံစားတတ်ကြတာမို့ ဝိတ်ကျစေမယ့် လေ့ကျင့်ခန်းတွေကိုလည်း အတိုင်းထက်အလွန် လုပ်တတ်ကြပါတယ်။
..
..

🔷 ဘယ်သူတွေမှာဖြစ်လေ့ရှိလဲ ?

Anorexia ဟာ ဆယ်ကျော်သက်အမျိုးသမီးတွေမှာ အဖြစ်အများဆုံးဖြစ်ပြီး သက်ကြီးရွယ်အိုနဲ့ သက်လတ်ပိုင်း အမျိုးသမီး၊ အမျိုးသားတွေမှာလည်း တွေ့ရှိရတတ်ပါတယ်။
..
..

🔷 Anorexia Nervosa ဖြစ်နေပြီလားဆိုတာ ဘယ်လိုလက္ခဏာတွေကို ကြည့်နိုင်လဲ ?

Anorexia nervosa ရှိသူတွေဟာ နည်းအမျိုးမျိုးနဲ့ သူတို့ရဲ့ အလွန်နည်းတဲ့ကိုယ်အလေးချိန်ကို ထိန်းသိမ်းတတ်ကြပါတယ်…

– ကယ်လိုရီစားသုံးမှုကို ပြင်းထန်စွာ ကန့်သတ်တာ
– လေ့ကျင့်ခန်း အလွန်အကျွံလုပ်တာ
– ဝမ်းနုတ်ဆေးတွေစားတာ
– ဆီးဆေးတွေသောက်တာ စတဲ့နည်းလမ်းတွေသာမက…

Bulimia Nervosa လို့ခေါ်တဲ့ အလွန်အကျွံစားသောက်ပြီးမှ ပြန်အန်ခြင်း/ထုတ်ခြင်း ဆိုတဲ့ စိတ်အခြေအနေရှိသူတွေ အသုံးပြုတဲ့ “အစာစားပြီး လက်ထိုးအန်တဲ့နည်း (binge and purge method)” ကိုလည်း အသုံးပြုတတ်ကြပါတယ်။
..
..

🔷 Anorexia nervosa ရှိသူရဲ့ ရောဂါလက္ခဏာတွေကတော့…

* ပုံမှန်လူရှိသင့်တဲ့ ကိုယ်အလေးချိန်ကို မထိန်းနိုင်ခြင်း
* ပင်ပန်းနွမ်းနယ်ခြင်း
* ညဘက်အိပ်မပျော်ခြင်း
* အသားအရေမှာ အဝါရောင်အကွက်တွေရှိတတ်ပြီး ပျော့ပျောင်းတဲ့ အမွှေးအမျှင်တွေရှိခြင်း
* ဆံပင်ပါးခြင်း၊ ကျွတ်ခြင်း
* ဝမ်းချုပ်ခြင်း
* ၃ လလောက် ရာသီမလာခြင်း
* အသားအရေခြောက်သွေ့ခြင်း
* သွေးအားနည်းခြင်း… စတာတွေဖြစ်ပါတယ်…

ဒါ့အပြင်…

* အလွန်အကျွံ လေ့ကျင့်ခန်းလုပ်ခြင်း
* ပန်းကန်ထဲကအစားကို မစားဘဲ ဖယ်ထားတတ်ခြင်း၊ အစားကို သေးသေးလေးတွေ ပိုင်းခြင်း
* စိတ်ဆိုးလွယ်ခြင်း
* လူမှုကိစ္စများတွင် မပါဝင်တော့ခြင်း
* စိတ်ဓာတ်ကျခြင်း
* ဗိုက်ဆာတာကို ငြင်းဆန်ခြင်း
* ဆီးဆေး၊ ဝမ်းနုတ်ဆေးနဲ့ ပိန်ဆေးတွေသုံးစွဲခြင်း စတဲ့ လက္ခဏာတွေကိုလည်း တွေ့ရတတ်ပါတယ်။
..
..

🔷 ဘယ်လိုအကြောင်းအရာတွေက Anorexia Nervosa ကို ဖြစ်စေနိုင်သလဲ ?

Anorexia nervosa ဖြစ်စေတဲ့ အကြောင်းရင်းရယ်လို့ တိတိကျကျမရှိပါဘူး။

Anorexia ဖြစ်လာတဲ့သူဟာ အပျက်သဘောဆောင်တဲ့ ခန္ဓာကိုယ်ပုံသဏ္ဍာန် ရှိလာတတ်ပါတယ်။ သူတို့ကိုယ်သူတို့ perfect ဖြစ်အောင် သူတို့ဘဝနေထိုင်မှုကို ထိန်းချုပ်ထားတတ်ကြပါတယ်။

ဒါ့အပြင် အောက်ပါအချက်တွေကလည်း Anorexia Nervosa ဖြစ်စေတယ်လို့ ဆိုပါတယ် …

(၁) မျိုးရိုးဗီဇ

မျိုးရိုးဗီဇနဲ့ ဟော်မုန်းတွေဟာ anorexia nervosa ဖြစ်တဲ့အပေါ် သက်ရောက်မှုရှိနိုင်ပါတယ်။ ဦးနှောက်အတွင်းကထွက်တဲ့ serotonin လို့ခေါ်တဲ့ ဟော်မုန်းနဲ့ anorexia ကြား ဆက်စပ်မှုရှိတယ်လို့ တစ်ချို့လေ့လာတွေ့ရှိချက်တွေက ဆိုပါတယ်။

(၂) ပတ်ဝန်းကျင်

လူ့အဖွဲ့အစည်းပတ်ဝန်းကျင်ကပြောတဲ့ ပိန်တာပိုကောင်းတယ်ဆိုတဲ့ ဖိအားတွေကလည်း Anorexia nervosa ဖြစ်စေဖို့ တွန်းပို့ပေးပါတယ်။ မဂ္ဂဇင်းနဲ့ ရုပ်မြင်သံကြားလိုမျိုး မီဒီယာတွေရဲ့ လက်တွေ့မကျတဲ့ ခန္ဓာကိုယ်အလှပုံတွေဟာလည်း လူငယ်တွေကို လွှမ်းမိုးနိုင်ပြီး ပိန်ချင်တဲ့ဆန္ဒကို လှုံ့ဆော်ပေးပါတယ်။

(၃) စိတ်ရောဂါ

Obsessive-compulsive disorder (OCD) ရှိသူတွေမှာလည်း anorexia nervosa ဖြစ်နိုင်ပြီး၊ ဒီလိုလူတွေမှာ တွေ့ရများတာကတော့ တင်းကြပ်တဲ့အစားအသောက်နဲ့ လေ့ကျင့်ခန်းတွေပါ။ OCD ရှိသူတွေဟာ စွဲလမ်းမှုနဲ့ မလုပ်လုပ်အောင်စေ့ဆော်မှုတွေကြောင့် Anorexia nervosa ဖြစ်နိုင်ခြေများတာ ဖြစ်ပါတယ်။
..
..

🔷 Anorexia Nervosa ဖြစ်နေတယ်လို့ ဘယ်လိုသတ်မှတ်မလဲ ?

ဆရာဝန်က သင့်ရဲ့ ကိုယ်အလေးချိန်၊ သွေးပေါင်ချိန်နဲ့ နှလုံးခုန်နှုန်းကို စစ်ဆေးမှုတွေ ပြုလုပ်နိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ စစ်ဆေးမှု (ဒါမှမဟုတ်) သင့်ရဲ့ စားသောက်မှုအလေ့အထနဲ့ ခံစားချက်တွေအကြောင်း မေးမြန်းပြီး စိတ်ကျန်းမာရေးပညာရှင်နဲ့ အာဟာရဆရာဝန်ထံကို ညွှန်းပေးနိုင်ပါတယ်။

* အစားအစာ စားသုံးမှုကို ကန့်သတ်ထားခြင်း
* ကိုယ်အလေးချိန်တက်လာမှာကို ကြောက်ခြင်း
* ခန္ဓာကိုယ်ပုံသဏ္ဍာန်နဲ့ ပတ်သက်ပြီး စိုးရိမ်ခြင်းတို့ကိုလည်း ဆရာဝန်က စစ်ဆေးပါလိမ့်မယ်။

သွေးစစ်ဆေးမှုအချို့ကိုလည်း လုပ်ဆောင်နိုင်ပါတယ်။ Electrolyte ပမာဏနဲ့ အသည်းနဲ့ ကျောက်ကပ်လုပ်ဆောင်ချက်ကို စစ်ဆေးဖို့ သွေးစစ်တာတွေလည်း လုပ်ရနိုင်ပါတယ်။ ဒါ့အပြင် အရိုးသိပ်သည်းဆကို စစ်ဆေးပြီး နှလုံးစမ်းသပ်မှုတွေလည်း လုပ်နိုင်ပါတယ်။

ကိုယ်အလေးချိန်ကျခြင်းအတွက် ဖြစ်နိုင်ခြေရှိတဲ့ တခြားအကြောင်းရင်းတွေဖြစ်တဲ့ celiac ရောဂါနဲ့ အူရောင်ရမ်းခြင်းလိုရောဂါတွေ ရှိ/မရှိ သိရှိနိုင်ဖို့ အခြားဓာတ်ခွဲစစ်ဆေးမှုတွေကိုလည်း ညွှန်ကြားနိုင်ပါတယ်။
..
..

🔷 Anorexia Nervosa ကို ဘယ်လိုကုသလို့ရနိုင်လဲ ?

Anorexia nervosa ကို ကုသတဲ့အခါ အကြီးမားဆုံး အတားအဆီးတစ်ခုက အကူအညီလိုအပ်နေကြောင်း သိရှိလက်ခံဖို့ဖြစ်ပါတယ်။ Anorexia ရှိသူတော်တော်များများက သူတို့မှာ ရောဂါပြဿနာရှိတယ်လို့ မယုံကြည်ကြတဲ့အတွက် ကုသမှုကို ခက်ခဲစေနိုင်ပါတယ်။

ကုသခြင်းရဲ့အဓိကရည်ရွယ်ချက်က ခန္ဓာကိုယ်ကို ပုံမှန်ကိုယ်အလေးချိန် ပြန်လည်ရောက်ရှိဖို့နဲ့ ပုံမှန်စားသောက်မှုပုံစံအတိုင်း စားသောက်နိုင်ဖို့ ဖြစ်ပါတယ်။

မှန်ကန်တဲ့စားသောက်မှုပုံစံကို အာဟာရပညာရှင်နဲ့ တိုင်ပင်ဖို့လိုသလို၊ မိသားစုဝင်တွေကလည်း ကုထုံးမှာ ပါဝင်ကူညီသင့့်ပါတယ်။ လူအများစုအတွက်ကတော့ Anorexia ဟာ တစ်သက်တာ စိန်ခေါ်မှုတစ်ခု ဖြစ်နေပါတယ်။
.

ကုထုံး

လူနာကိုယ်တိုင်ရော မိသားစုရောက Anorexia nervosa ကိုကျော်လွှားဖို့ ကြိုးစားအားထုတ်ရပါမယ်။ တစ်ဦးချင်းကုထုံး၊ မိသားစုနဲ့ အဖွဲ့လိုက်ကုထုံးတွေဟာ ကုသမှုရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။ အားပေးစကားပြောတာ၊ နွေးနွေးထွေးထွေး ဆွေးနွေးတာ စတဲ့ဖေးမကူညီမှုတွေကလည်း စိတ်အခြေအနေ အဆင်ပြေသက်သာလာအောင် ကူညီပေးနိုင်ပါတယ်။
.

တစ်ဦးချင်းကုထုံး

Cognitive behavioural therapy လို့ခေါ်တဲ့ ကုထုံးပုံစံကို anorexia nervosa ကုသရာမှာ မကြာခဏအသုံးပြုပါတယ်။ ဒီကုထုံးဟာ ကျန်းမာရေးနဲ့မညီညွတ်တဲ့ အတွေးတွေနဲ့အပြုအမူတွေကို ပြောင်းလဲဖို့ကူညီပေးပြီး၊ မိမိကိုယ်ကိုတည်ဆောက်ဖို့အတွက်လည်း ကူညီပေးပါတယ်။
.

မိသားစုကုထုံး

မိသားစုကုထုံးဆိုတာဟာ ကျန်းမာတဲ့စားသောက်မှုပုံစံနဲ့ လူနေမှုပုံစံကို လုပ်ဆောင်နိုင်ဖို့ မိသားစုဝင်တွေကို ပါ ပါ၀င်စေတာ ဖြစ်ပါတယ်။ မိသားစုကုထုံးဟာ မိသားစုအတွင်းက ပဋိပက္ခတွေကို ဖြေရှင်းရာမှာလည်း ကူညီပေးပါတယ်။ Anorexia nervosa ရှိတဲ့ မိသားစုဝင်ရဲ့ကုသမှုမှာလည်း အထောက်အကူပေးနိုင်ပါတယ်။
.

အုပ်စုလိုက်ကုထုံး

အုပ်စုလိုက်ကုထုံးဟာ anorexia nervosa ရှိသူအချင်းချင်း တွေ့ဆုံကြခြင်းဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံ သူ့ထက်ငါပိုပိန်ရမယ်ဆိုပြီး ပြိုင်ဆိုင်မှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ အဲဒီလိုဖြစ်တာကိုရှောင်ရှားဖို့ အရည်အချင်းပြည့်မီတဲ့ ကျွမ်းကျင်ပညာရှင်ဦးဆောင်တဲ့ အဖွဲ့လိုက်ကုထုံးကိုသာ တက်ရောက်သင့်ပါတယ်။
.

ဆေးဝါးသောက်သုံးခြင်း

Anorexia nervosa ကိုကုသဖို့ သက်သေပြနိုင်တဲ့ဆေးဝါးမရှိသေးပေမယ့့် anorexia nervosa ရှိသူတွေမှာ အဖြစ်များတဲ့ စိုးရိမ်စိတ်နဲ့ စိတ်ကျရောဂါကိုဖြေရှင်းဖို့ စိတ်ကျန်းမာရေးဆေးဝါးတွေကို သုံးစွဲနိုင်ပါတယ်။ ဒါပေမယ့် ဒီဆေးဝါးတွေဟာ ကိုယ်အလေးချိန် လျှော့ချလိုစိတ်ကိုတော့ မလျော့ကျစေပါဘူး။
.

ဆေးရုံတက်ကုသခြင်း

ကိုယ်အလေးချိန်ကျဆင်းမှု ပြင်းထန်မှုအပေါ်မူတည်ပြီး ကုသဖို့အတွက် ရက်အနည်းငယ်ကြာ ဆေးရုံတက်သင့်တက်ရနိုင်ပါတယ်။

Anorexia nervosa ဖြစ်သူတွေဟာ ကိုယ်အလေးချိန် အလွန်နည်းပြီး အာဟာရချို့တဲ့တာတွေ ဖြစ်တတ်ပါတယ်။ ဒီ့အတွက် ရေဓာတ်ခန်းခြောက်နေရင် နှာခေါင်းအစာပိုက်နဲ့ အကြောဆေးတွေ သွင်းရနိုင်ပါတယ်။ တကယ်လို့ အစာစားဖို့ ဆက်ပြီးငြင်းဆန်တာ (ဒါမှမဟုတ်) စိတ်ရောဂါဆိုင်ရာ ပြဿနာတွေဆက်ရှိနေမယ်ဆိုရင် အထူးကြပ်မတ်ကုသမှုအတွက် ဆေးရုံတက်ရနိုင်ပါတယ်။
..
..

🔷 Anorexia Nervosa ကို ကာကွယ်နိုင်ပါသလား။

Anorexia nervosa ကိုကာကွယ်ဖို့နည်းလမ်းမရှိသေးပါဘူး… ဒါပေမယ့် ရောဂါရဲ့လက္ခဏာတွေကို ရှာဖွေပြီး လျင်မြန်တဲ့ကုသမှုတွေနဲ့ ပြန်လည်ကောင်းမွန်လာအောင် ကူညီပေးနိုင်ပါတယ်။ သင်ကိုယ်တိုင် (ဒါမှမဟုတ်) ချစ်ခင်ရသူတစ်ဦးဦးဟာ ကိုယ်ခန္ဓာပုံပန်းသဏ္ဌာန်ကို စွဲလမ်းတာ၊ အလွန်အကျွံ လေ့ကျင့်ခန်းလုပ်တာ၊ သူတို့ရဲ့ပုံပန်းသဏ္ဍာန်ကို မကျေနပ်တာတွေရှိနေတယ်ဆိုရင် ကျွမ်းကျင်တဲ့သူနဲ့ ပြသသင့်ပါတယ်။

ပိန်တာ ဝတာဆိုတဲ့ ရုပ်အမြင်က အလှတရားကိုမဆုံးဖြတ်ပေးပါဘူး … အားလုံးမှာ အလှကိုယ်စီနဲ့ပါ…. အရေးကြီးဆုံးက ကျန်းမာရေးကောင်းဖို့အတွက်ပါပဲ။

Reference :📚
https://www.healthline.com/health/anorexia-nervosa…

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉 တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် (https://m.me/telehealthmm) ကို နှိပ်ပါ
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ#Telekyanmar
#anorexia_nervosa

Ministry of Health,
National Unity Government.

Published on: 14 June 2023
Last updated: 14 June 2023