Antenatal Care ( May, 2022 )

မိခင်လောင်းတို့အတွက် ကိုယ်ဝန်ဆောင်ကာလ ကျန်းမာရေး ( May, 2022 )======================================

🤰ကိုယ်ဝန်ဆောင်ကာလဟာ မိခင်လောင်းတစ်ဦးရဲ့ဘဝမှာ အပြောင်းအလဲတွေစတင်တဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ဘဝရဲ့ ပုံမှန်ဖြစ်ရိုးဖြစ်စဥ်တစ်ခုဖြစ်ပါတယ်။ဒီ ကိုယ်ဝန်ဆောင်ကာလတစ်လျှောက်မှာ မိခင်လောင်းတို့ရဲ့ အပြုအမူ၊ အစားအသောက်၊ အနေအထိုင် တစ်ခုချင်းစီက မွေးဖွားလာမယ့် ရင်သွေးငယ်လေးအပေါ်ရော ကိုယ်တိုင်အတွက်ပါ အကောင်းအဆိုး ကြီးမားတဲ့သက်ရောက်မှုတွေ ရှိတဲ့အတွက်ကြောင့် ဒီ ကိုးလတာ ကိုယ်ဝန်ဆောင်ကာလဟာ (အထူး) အရေးကြီးလှပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ကာလနဲ့ပတ်သတ်ပြီး သိသင့်သိထိုက်တာလေးတွေ မျှဝေပေးလိုက်ပါတယ်…

❓ ကိုယ်ဝန်ဆောင်ကာလမှာ ဘာတွေစားရမလဲ?

အစားအသောက်ရှောင်ဖို့လိုလားကိုယ်ဝန်ဆောင်ကာလဟာ မိမိအပြင် သန္ဓေသားလေးပါ တိုးလာတဲ့အတွက် အာဟာရပြည့်ပြည့်ဝဝ မျှမျှတတ စားသောက်ဖို့အထူးလိုအပ်ပါတယ်။ သို့ပေမယ့် နှစ်ယောက်စာ ပိုစားစရာတော့မလိုအပ်ဘဲ မျှတတဲ့အာဟာရဖြစ်ရပါမယ်။

✔️ အာဟာရပြည့်ဝမျှတတဲ့ Balanced Diet ဖြစ်အောင်

  • 🍚 ထမင်း၊ ဂျုံ၊ ပေါင်မုန့်၊ အာလူး စတဲ့ ကစီဓာတ်
  • 🍗 ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အသား၊ ငါး၊ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုး
  • 🍎 ဗီတာမင် ၊ သတ္တုဓာတ်နဲ့ အမျှင်ကြွယ်ဝတဲ့ အစေ့အဆံ၊ အသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေ စားသောက်ရပါမယ်။
  • ☕️ ကဖင်းဓာတ်ပါတဲ့ ကော်ဖီသောက်သုံးတာကို လျှော့ချမယ်။ (တစ်နေ့ကို ကော်ဖီနှစ်ခွက်ထက်ပိုမသောက်သုံးသင့်ဘူးလို့ဆိုပါတယ်။)
  • 🥤 ရေများများသောက်ပေးပါ။
  • ❌ အရမ်းပူစပ်လွန်းတဲ့/ အငန်ဓာတ်များတဲ့/ အဆီအဆိမ့်များတဲ့/ အချိုဓာတ်များလွန်းတဲ့ အစားအစာတွေ၊ ဆီကြော်တွေ၊ အချိုရည်တွေ၊ ကျန်းမာရေးနဲ့မညီညွတ်တဲ့ အသင့်စားစားသောက်ကုန်ပစ္စည်းတွေကို ရှောင်ရပါမယ်
  • 🚭ဆေးလိပ်🥃အရက် 💉မူးယစ်ဆေး ဘာတစ်ခုမှ မမှီဝဲသင့်ပါဘူး။[🚫 ကိုယ်တိုင်ဆေးလိပ်မသောက်ပေမယ့် ကိုယ့်အနားမှာ ဆေးလိပ်သောက်တဲ့သူရှိရင် တစ်ဆင့်ခံဆေးလိပ်ငွေ့ (Passive smoking) ကလည်း ကိုယ်တိုင် သောက်သုံးသလိုပဲမို့လို့ ရင်သွေးငယ်ကို ထိခိုက်စေတဲ့အတွက် အိမ်သားတွေရဲ့ ပူးပေါင်းကူညီဆောင်ရွက်ပေးမှုကလည်း အထူးအရေးကြီးလှပါတယ်။]

❓ကိုယ်ဝန်ဆောင်ကာလ ကိုယ်အလေးချိန်ထိန်းဖို့ လိုပါသလား။

ကိုယ်ဝန်ဆောင်ကာလမှာ ပုံမှန်ကိုယ်အလေးချိန်ထက် ပိုလာတတ်တာကတော့ ပုံမှန်ပါပဲ။အဝလွန်ခြင်း (Obesity/ Overweight) ဟာ ကိုယ်ဝန်အတွက်ရော ရင်သွေးငယ်အတွက်ပါ မကောင်းစေတဲ့အတွက် ရှိသင့်ရှိထိုက်တဲ့ ကိုယ်အလေးချိန်ဖြစ်နေအောင် မပြင်းထန်တဲ့ ပေါ့ပေါ့ပါးပါး ကိုယ်ဝန်ဆောင် လေ့ကျင့်ခန်းမျိုးပြုလုပ်ပေးနိုင်ပါတယ်။ မိမိလုပ်နေကျ အိမ်အလုပ်တွေကို ဆက်လက်လုပ်နိုင်ပါတယ်။မနက်ခင်း လမ်းလျှောက်ပေးတာမျိုးက နေရောင်လည်းရ ကိုယ်လက်လှုပ်ရှားပြီးသားလည်း ဖြစ်စေတယ်။ [🚫ကိုယ်ဝန်ဆောင်ကာလမှာ ဝိတ်ချခြင်း (Dieting) နဲ့ အပြင်းအထန်လေ့ကျင့်ခန်းပြုလုပ်ခြင်းမျိုး (လုံးဝ) မပြုလုပ်သင့်ပါ။]

❓ကိုယ်ဝန်ဆောင်ကာလ အားဆေးလိုသလား။ Supplements တွေ ဖြည့်စွက်သောက်သုံးဖို့လိုသလား။

  • 🤞 နှစ်သက်ရာ ကိုယ်ဝန်ဆောင်အားဆေးတစ်မျိုးမျိုး မှီဝဲနိုင်ပါတယ်။
  • 🤞Neural tube defect လို့ခေါ်တဲ့ ကလေးရဲ့ဦးနှောက်နှင့်အာရုံကြောချို့ယွင်းပြီး မွေးဖွားတာမျိုးမဖြစ်ရအောင် ကာကွယ်ပေးတဲ့ ဖောလစ်အက်ဆစ် (Folic acid) ကိုမဖြစ်မနေသောက်သုံးရပါမယ်။ ပုံမှန်အားဖြင့် ဖောလစ််အက်ဆစ် 400 microgram (၄၀၀ မိုက်ခရိုဂရမ်) ကိုကိုယ်ဝန် ၁၂ပတ်အထိ နေ့စဥ် သောက်သုံးရပါမယ်။ ပိုလိုအပ်တဲ့အခြေအနေမျိုးမှာတော့ 5 mg (၅ မီလီဂရမ်) အထိတိုးနိုင်ပါတယ်။
  • 🤞ကိုယ်ဝန်ဆောင်ကာလ သွေးအားနည်းရောဂါကာကွယ်ဖို့ သံဓာတ်အားဆေး (Iron supplements) သောက်သုံးနိုင်ပါတယ်။
  • 🤞 ကိုယ်ဝန်အတွက် ကောင်းကျိုးတွေရှိတဲ့ အိုင်အိုဒင်းဓာတ်ကိုတော့ အိုင်အိုဒင်းဆား (Iodized salt)၊ ဗီတာမင်ဒီ (Vitamin D) ကို မနက်ခင်းနေရောင်ခြည်၊ ဇင့်ဓာတ် (Zinc), ကယ်လ်ဆီယမ်ဓာတ် (Calcium) ကို အစားအသောက်ကနေ ရရှိနိုင်ပါတယ်။
  • 🚫ဗီတာမင်အေ (VitaminA) ဟာ ရင်သွေးငယ်ရဲ့ ကိုယ်တွင်း/ပြင် မူမမှန်ဖွံဖြိုးမှု/ ချို့ယွင်းမှုတွေ ဖြစ်စေတတ်လို့ အထူးတလည် မသောက်သုံးသင့်ဘဲ အစားအသောက်ကနေ ရရှိရုံနဲ့ လုံလောက်လို့နေပါပြီ။
  • ❗️ကိုယ်ဝန်ဆောင်ကာလဟာ အထိခိုက်မခံ နုနယ်ထိရှလွယ်တဲ့ ကာလဖြစ်တဲ့အတွက် အားဆေး၊ အဖျားကျဆေး၊ ပိုးသတ်ဆေး၊ အကိုက်အခဲပျောက်ဆေးက စလို့ မည်သည့်သောက်ဆေး၊ လိမ်းဆေး၊ ထိုးဆေးကိုမဆို ဆရာဝန်ညွှန်ကြားချက်ရယူပြီးမှသာ အသုံးပြုသင့်ပါတယ်

❓ ကိုယ်ဝန်ဆောင်ကာလ ဟော်မုန်းအပြောင်းလဲ နှင့် မိခင်လောင်းတို့ရဲ့ စိတ်အတက်အကျ/စိတ်ကျန်းမာရေး

🌻 ကိုယ်ဝန်ဆောင်ကာလဟာ ဘဝရဲ့ အစားအသောက်၊ အနေအထိုင် အရာအားလုံး အပြောင်းအလဲဖြစ်တဲ့အတွက် မသေချာမရေရာမှုတွေ၊ ရင်သွေးငယ်အတွက် စိုးရိမ်ပူပန်ရတာ စိတ်ဖိစီးရတာတွေ၊ ဟော်မုန်းအပြောင်းအလဲကြောင့် စိတ်အတက်အကျဖြစ်ရတာတွေ ဖြစ်လေ့ရှိပါတယ်။ဒါတွေဟာ မိခင်လောင်းတို့ ရင်ဆိုင်ရမယ့် ပုံမှန်ဖြစ်စဥ်တစ်ခုဆိုတာကို သိနားလည်ထားပါ။ တစ်နေ့ ၈ နာရီခန့် လုံလုံလောက်လောက် အိပ်စက်အနားယူပါ။ စိုးရိမ်ပူပန်မှုတွေကို လျှော့ချပါ။ စိတ်ဖိစီးမှုတွေကင်းနေပါစေ။

❓ ကိုယ်ဝန်ဆောင်ကာလမှာ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဗိုက်အပ်/ ဗိုက်ပြဖို့ လိုသလား

မိခင်သေဆုံးရခြင်း နဲ့ ကိုယ်ဝန်ဆုံးရှုံးရခြင်း အများစုဟာ (အထူးသဖြင့် ကျေးလက်ဒေသတွေမှာ) ရသင့်တဲ့ ကိုယ်ဝန်ဆောင်ကျန်းမာရေးစောင့်ရှောက်မှု အလုံအလောက်မရရှိတာကြောင့်၊ ကိုယ်ဝန်ဆိပ်တက်တာလို/ သွေးဆင်းတာလို အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ ကိုယ်ဝန်နဲ့ဆက်စပ်ရောဂါတွေ​ကို ကြိုတင်မသိရှိမကုသနိုင်တဲ့အတွက်ကြောင့် မလိုလားအပ်ဘဲ ဖြစ်ပွားနေကြရပါတယ်။ ဒါကြောင့် တတ်ကျွမ်းနားလည်သူကျန်းမာရေးဝန်ထမ်းနဲ့ ဗိုက်အပ်ဖို့/ အမြဲ ပြသနေဖို့ (AN care visit) ဟာ အင်မတန် အရေးကြီးလှပါတယ်။

ကိုယ်ဝန်ဆောင်ကာလမှာ…

  • ကိုယ်ဝန်စရတဲ့အချိန်ကနေ ကိုယ်ဝန် (၂၈) ပတ်အထိကို လေးပတ်ခြားတစ်ခါ (သို့) ခြောက်ပတ်ခြားတစ်ခါ
  • (၂၈)ပတ်နဲ့ ကိုယ်ဝန် (၃၆)ပတ်ထိဆိုရင် နှစ်ပတ်ခြားတစ်ခါ
  • (၃၆) ပတ်ကနေ မီးဖွားတဲ့အချိန်ထိကို အပတ်စဥ် ပြသဖို့လိုအပ်ပါတယ် ( ဒါဟာ ပုံမှန် ကိုယ်ဝန်ဆောင်သည်အတွက်ဖြစ်ပြီး သက်ကြီး၊ သားဦးကိုယ်ဝန်/ ရောဂါအခံရှိတဲ့ကိုယ်ဝန်/ အမွှာကိုယ်ဝန်တွေမှာဆိုရင်တော့ ဒီထက် အကြိမ်ရေ များများ ပြသဖို့လိုအပ်ပါတယ် )

*** ကိုယ်ဝန်ဆောင်ကာလအတွင်း ကျန်းမာရေးဝန်ထမ်းများထံပြသပြီး မေးခိုင်ကာကွယ်ဆေး (၂)ကြိမ်ပြည့်အောင် ထိုးထားရပါမယ် ***

မိခင်လောင်းတို့အနေနဲ့ ကိုယ်ဝန်မှတ်တမ်း (Pregnancy Note) စာအုပ်လေး တစ်အုပ်ထုတ်ပြီး ကိုယ်ဝန်အခြေအနေကို နေ့စဥ်မှတ်တမ်းအနေနဲ့ ရေးမှတ်ထားပြီး ထူးခြားတာရှိတဲ့အခါ ပြသနေတဲ့ ကျန်းမာရေးဝန်ထမ်း (သို့) ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

❓ဆရာဝန် (သို့) သားဖွားမီးယပ်အထူးကုဆရာဝန်ဆီပြသတဲ့အခါ ဘာတွေစစ်ဆေးမှာလဲ

ကိုယ်ရဲ့ ကိုယ်ဝန်အခြေအနေ၊ သွေးတိုး/ဆီးချို/အတက်ရောဂါ/နှလုံးရောဂါ/အဝလွန်ရောဂါ စတဲ့ရောဂါအခံရှိမရှိ၊ မိခင် အဘွား မှာရော ကိုယ်ဝန်ဆောင်ကာလဘယ်လိုအခက်အခဲတွေရှိခဲ့လဲ/ မျိုးရိုးလိုက်တတ်တဲ့ရောဂါတွေရှိမရှိ/ ကိုယ်တိုင်လည်း အရင်ကမွေးဖူးရင် ဘာအခက်အခဲတွေရှိသလဲ စတာတွေကို မေးမြန်းမယ်။

နောက် လိုအပ်တဲ့ စစ်ဆေးမှု (Investigations) တွေပြုလုပ်မယ်။

  • 👉 သွေးရောဂါတွေနဲ့ သွေးအားနည်းရောဂါအတွက် သွေးစစ်တာ၊ ဟေမိုဂလိုဘင် (Hb) စစ်တာ (Anemia)
  • 👉သွေးအုပ်စု စစ်ဆေးမယ်
  • 👉 ဆီးလမ်းကြောင်းရောဂါတွေအတွက် ဆီးစစ်တာ
  • 👉 ကူးစက်ရောဂါတွေရှိ/မရှိ စစ်ဆေးမယ် (ဥပမာ တီဘီ (TB)၊ HIV၊ ကာလသားရောဂါ (Syphilis) )
  • 👉 နောက်ဆက်တွဲဆိုးကျိုးများစေတဲ့ ရောဂါအခံတွေအတွက် လိုအပ်တဲ့ စစ်ဆေးမှုတွေလုပ်မယ်။ (ဥပမာ ဆီးချိုအတွက် သွေးတွင်းသကြားဓာတ်ဖောက်တာ (OGTT or RBS)၊ သွေးတိုးအတွက် သွေးပေါင်ချိန်ပုံမှန်ချိန်ပေးတာမျိုး လုပ်ပေးမယ် )
  • 👉 မိခင်လောင်းတို့နဲ့ မစိမ်းလှတဲ့ အာထရာဆောင်း (USG) ရိုက်ရတာမျိုး ပြုလုပ်ရမယ်။
  • 👉 လိုအပ်ရင် အသည်းရောင်အသားဝါကာကွယ်ဆေး အစရှိတဲ့ ကာကွယ်ဆေးတွေ ထိုးပေးပါမယ်။
  • 👉 Genetic testing (Down’s Syndrome လို ရင်သွေးငယ်ရဲ့ မျိုးရိုးဗီဇ မူမမှန်ချွတ်ယွင်းရောဂါတွေကြိုတင်ရှာဖွေပေးတာမျိုး) တွေအပါအဝင်ပေါ့။ ( ဒါကတော့ကျွန်တော်တို့လို ဖွံဖြိုးဆဲနိုင်ငံတွေအနေနဲ့ စစ်ဆေးဖို့ မလွယ်ကူ အလှမ်းဝေးနေပါသေးတယ် )

❓ ကိုယ်ဝန်ဆောင်ကာလမှာ ဖြစ်လေ့ရှိတဲ့ အသေးစားလက္ခဏာလေးတွေကို ဘယ်လို ကုသရမလဲ။

ကိုယ်ဝန်စတင်တာနဲ့ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဥ်တွေဟာ ပြောင်းလဲလာပြီး ဒါကို ခန္ဓာကိုယ်က လိုက်လျောညီထွေဖြစ်အောင် ညှိပေးရတဲ့အခါ မလိုလားအပ်တဲ့ ကိုယ်ဝန်ရဲ့ အသေးစားလက္ခဏာလေးတွေဟာ ကိုယ်ဝန်သက်ရင့်လာတာနဲ့အမျှ ဖြစ်ပေါ်လာတတ်ပါတယ်။ဒါဟာဖြစ်ရိုးဖြစ်စဥ်တစ်ခုဖြစ်ပြီး အထူးတလည် ပူပန်နေစရာမလိုလှပါဘူး။

  • 👉 ပျို့တာ/ အန်တာ ဖြစ်တဲ့အခါ အအန်ပျောက်ဆေးသောက်တာမျိုး
  • 👉 ရင်ပူတာအတွက် အပူအစပ်ရှောင်တာမျိုး
  • 👉 ခြေထောက်ကြွက်တက်တာအတွက် Magnesium/ Calcium စတာ တစ်မျိုးမျိုးသောက်သုံးတာမျိုး
  • 👉 နောက်ကျောနာ/ တင်ပဆုံနာတာအတွက် ကိုယ်လက်လှုပ်ရှားပေးတာမျိုး
  • 👉 ဝမ်းချုပ်တာအတွက် ဝမ်းပျော့ဆေးသုံးတာမျိုး၊ အထက်မှာပြောခဲ့တဲ့ အမျှင်ဓာတ်ကြွယ်ဝအောင် စားသောက်တာမျိုး
  • 👉ခြေထောက်ဖောရောင်တာအတွက် ခြေထောက်ကိုမြှောက်ထားပေးတာမျိုး၊ Compression Stocking လို့ခေါ်တဲ့ ခြေစွပ်စွပ်ပေးတာမျိုးတွေ ပြုလုပ်နိုင်ပါတယ်။

❓ မိခင်လောင်းတို့ လျစ်လျူမရှုအပ်တဲ့ အရာအိမ်ထောင်ဖက်အမျိုးသားရဲ့ ဗိုက်ကို ထိုးတာ/ ကန်ကြောက်တာ စတဲ့ အိမ်တွင်းအကြမ်းဖက်မှု (Domestic Violence) ​​ကြောင့် ကိုယ်ဝန်ဆုံးရှုံးရလေ့ရှိကြောင်း၊ မိခင်ရဲ့ ကိုယ်ခန္ဓာပိုင်း/စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာရ​လေ့ရှိကြောင်း စစ်တမ်းတွေက ဆိုပါတယ်။ဒါကြောင့် မိခင်လောင်းတွေအနေနဲ့ ဒီလိုကြုံတွေ့နေရပြီဆိုရင် အကူအညီရယူဖို့ မမေ့ပါနဲ့နော်။

✊️💢အနှစ်ချုပ်ရရင် ကိုယ်ဝန်ဆောင်တယ်ဆိုတာ သိမ်မွေ့တဲ့ အနုပညာတစ်ရပ်ပါ။ ဒါဟာဖြစ်ရိုးဖြစ်စဥ်တစ်ခုဖြစ်ပြီး အပြောင်းအလဲတွေကြောင့် မိခင်လောင်းတို့ရဲ့ခန္ဓာကိုယ်မှာရော စိတ်မှာပါ အပြောင်းအလဲတွေဖြစ်လာတတ်တယ်ဆိုတာကို သိနားလည်ထားပါ။ အာဟာရပြည့်ပြည့်ဝဝ မျှမျှတတစား၊ အိပ်ရေးဝဝအိပ်ပါ။ ကိုယ်လက်လှုပ်ရှား စိတ်ဖိစီးမှုတွေဝေးနေပါစေ။ မွေးဖွားလာမယ့် ရင်သွေးငယ်လေးကို ထိခိုက်စေမယ့်အရာတွေကို ဘာတစ်ခုမှမပြုလုပ်ပါနဲ့။ တစ်ဆင့်ခံဆေးလိပ်ငွေ့ကို ဂရုပြုပါ။ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဗိုက်အပ်ဖို့/ အမြဲမပြတ်အဆက်အသွယ်ရှိနေဖို့က အရေးကြီးဆုံးဆိုတာ သိပါစေ။ ခုလို Covid ကာလမှာ လက်ဆေး/ လူစုလူဝေးရှောင် စတာတွေကို လိုက်နာပါ။

💢👶မျက်နှာမမြင်ရသေးတဲ့ မိမိရင်သွေးငယ်တို့အတွက် ပုံဖော်ပီတိပွားပြီး ကျန်းမာတဲ့ မိခင်လောင်းတို့ဖြစ်အောင် ကြိုးစားကြစို့နော်👶📚

References :📎John Murtagh’s Patient Education Sixth Edition ; Pregnancy Planning pg-3, About your Pregnancy pg-4📎Oxford Handbook of Obstetrics & Gynaecology Third Edition ; Chapter-1: Normal Pregnancy pg-32 to 35 & Chapter-2: Pregnancy Complications pg-50 to 54📎NICE (2008). Antenatal Care : Routine Care for the Healthy Pregnant women: Antenatal Care CG62. www.org.uk/CG62.📎John Murtagh’s General Practice Seventh Edition ; Chapter-108: Basic Antenatal Care pg-1184

❤️ NUG, MOH…တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းများ ပြသရန် ( နေ့စဥ် မနက် ၈နာရီမှ ညနေ၆နာရီအထိ )

ကြိုတင်ဘိုကင်ယူရန်အတွက် ( https://m.me/telehealthmm )ကိုနှိပ်ပါ

ချက်ချင်းဆေးခန်းပြရန်အတွက်( https://t.me/TelehealthMM )ကိုနှိပ်ပါ

လှူဒါန်းရန်-https://moh.nugmyanmar.org/donate/

Ministry of Health,

National Unity Government.

Published on: 10 May 2022
Last Updated: 10 May 2022