Appendicitis ( အူအတက်ရောင်ခြင်း ) ( March, 2022 )

အူအတက်ရောင်ခြင်း

အူအတက်ဆိုတာ ညာဘက်ဝမ်းဗိုက်အောက်ဖက်နား အူသိမ်နဲ့ အူမကြီးဆက်တဲ့နေရာမှာ ထွက်နေတဲ့ အတက်ကလေးဖြစ်ပါတယ်။ အသက် ၁၀ နှစ်ကျော်ရင် ကိုယ်ခန္ဓာအတွက်ဘာမှလုပ်မပေးဘဲ ၊ သူနေမကောင်းဖြစ်နေတာ ပေါ့ပေါ့ဆဆလုပ်မိရင်တော့ အသက်အန္တရာယ်အထိပေးတတ်တဲ့ အစိတ်အပိုင်းတစ်ခုပါ။ လွယ်လွယ်ပြောရရင် ကောင်းကျိုးမပေး ဆိုးကျိုးပဲပေးတဲ့ အမှိုက်ပိုတစ်ခုဖြစ်လို့ ခန္ဓာကိုယ်ကနေ သူ့ကို ဖယ်ထုတ်လိုက်ရင်လဲ ဘာပြဿနာမှ မရှိပါဘူး။

❓အူအတက်ရောင်တယ်ဆိုတာဘာလဲ

အထက်မှာရှင်းပြထားတဲ့ အူအတက်မှာ ရောင်ရမ်းလာတာပါ။

❓ဘာလို့ဖြစ်တာလဲ။

အူအတက်ရဲ့ အဝကျဉ်းကျဉ်းလေးမှာ ဝမ်းခပ်မာမာအခဲနဲ့ ပိတ်တာမျိုး၊ သန်ကောင်တုတ်ကောင်တွေကြောင့် ပိတ်တာမျိုး အများအားဖြင့်ဖြစ်တတ်ပါတယ်။ တချို့တွေယူဆတာကတော့ အစားအသောက်မှာပါတဲ့ မာလကာစေ့လို ခြေဖျက်ဖို့ခက်ခဲတဲ့အစိုင်အခဲတချို့နဲ့လည်း ပိတ်သွားနိုင်ပါတယ်တဲ့။ ပိတ်တဲ့အခါ အူအတက်က ရောင်လာပြီး သူ့ကိုအာဟာရပေးတဲ့ သွေးကြောလေးတွေပါပိတ်သွားပါတယ်။ အဲဒီ့အခါ အူအတက်နံရံ ဆဲလ်တွေ တဖြည်းဖြည်းသေသွားပါတယ်။ ဒီ့နောက် အူထဲက ရောဂါပိုးတွေ ဝင်ရောက်လာပြီး ပြည်တည်နာဖြစ်နိုင်ပါတယ်။ စဖြစ်ပြီး၂ ရက်- ၃ ရက်အကြာမှာ နံရံပေါက်ထွက်သွားပြီး အထဲက အညစ်အကြေးတွေ နဲ့ ရောဂါပိုးတွေ ဝမ်းဗိုက်ခေါင်းထဲဝင်သွားနိုင်ပါတယ်။ အဲဒီ့ကတစ်ဆင့် ဝမ်းဗိုက်အမြှေးရောင်ရမ်းတာ၊ သွေးဆိပ်တက်တာ​တွေဖြစ်ပြီး အသက်ပါဆုံးရှုံးနိုင်ပါတယ်။

❓ဘယ်သူတွေအဖြစ်များလဲ

အသက် (၁၀) နှစ်မှ (၃၀) အတွင်းပိုအဖြစ်များပါတယ်။
ဒါပေမယ့် လူကြီးပိုင်းတွေမှာလဲ ဖြစ်နိုင်ပါတယ်။
မိသားစုမျိုးရိုးရှိရင် ပိုဖြစ်နိုင်ခြေများပါတယ်။

❗️ရောဂါလက္ခဏာများ

တစ်ယောက်နဲ့တစ်ယောက် မတူနိုင်ပါဘူး။

အများဆုံးဖြစ်လေ့ရှိတာက ဗိုက်နာတာနဲ့ စပါတယ်။
– ချက်တဝိုက်မှာ စနာလေ့ရှိပြီး ညာဘက်ဝမ်းဗိုက်အောက်နားကိုရွေ့သွားလေ့ရှိပါတယ်။
– တချို့တွေမှာတော့ ညာဘက်ဝမ်းဗိုက်အောက်နားမှာပဲစနာတာလဲဖြစ်နိုင်ပါတယ်။
– ဗိုက်ညာဘက်တခြမ်းလုံးမှာ နာနေတာမျိုးလဲဖြစ်တတ်ပါတယ်။
– အချိန်နဲ့အမျှ နာတာက ပိုဆိုးလာတတ်ပါတယ်။
– ကိုယ်ခန္ဓာလှုပ်ရှားတာ၊ အသက်ပြင်းပြင်းရှူတာ၊ ချောင်ဆိုး၊ နှာချေရင်ပါ ဗိုက်မှာအရမ်းနာတတ်ပါတယ်။
– ဝမ်းဗိုက်တခုလုံးမှာနာနေပြီဆိုရင်တော့ အူအတက်ပေါက်သွားတဲ့အဆင့်ထိ ဖြစ်နေနိုင်ပါတယ်။

တခြားဖြစ်လေ့ရှိတဲ့ လက္ခဏာတွေကတော့

– ပျို့အန်မယ်
– ခံတွင်းပျက်မယ်
– ဖျားမယ်
– ဝမ်းချုပ်မယ်/ ဝမ်းလျောမယ်
– လေမလည်ဘူး
– ဗိုက်ကြီးဖောင်းနေမယ်

အူအတက်ရောင်တာက တခြားရောဂါတွေနဲ့ ပုံစံချင်းခပ်ဆင်ဆင်ဖြစ်နိုင်လို့ နောက်မကျခင် ဆေးရုံ၊ ဆေးခန်းပြဖို့အရေးကြီးပါတယ်။

ဗိုက်နာတာကို အကိုက်အခဲပျောက်ဆေးတွေလဲ မသောက်သင့်ပါဘူး။ ရောဂါလက္ခဏာမပေါ်တော့ဘဲ မှားယွင်းကုသမှု​တွေဖြစ်သွားနိုင်ပါတယ်။

❓အူအတက်ရောင်မှန်းဘယ်လိုသိနိုင်မလဲ

– ဆရာဝန်က အရင်ဆုံးစမ်းသပ်ပါမယ်။ ဝမ်းဗိုက်ထဲမှာဖြစ်နေတာမို့လို့ စမ်းသပ်ရုံနဲ့ ၁၀၀% အတိအကျမပြောနိုင်ပါဘူး။ ဒါပေမယ့် ရောဂါလက္ခဏာနဲ့ ဆရာဝန်စမ်းသပ်မှုကတော့ အဓိက အရေးပါဆုံးဖြစ်ပါတယ်။
– သွေးစစ်၊ ဆီးစစ်၊ ဝမ်းဗိုက်အာလ်ထွာဆောင်းရိုက်၊ CT scan ရိုက်ပြီး အတိအကျသိနိုင်တာမျိုးရှိသလို ၊ တခြား ဆင်တူရိုးမှားရောဂါတွေ ဟုတ်/မဟုတ်ကိုလည်း ဆုံးဖြတ်နိုင်ပါတယ်။

❓ကုသနည်းတွေကဘာလဲ

– အရင်ကတော့ အရေးပေါ် ခွဲစိတ်ကုသခြင်းက တစ်ခုတည်းသော နည်းလမ်းပါ။
– အခုနောက်ပိုင်းမှာတော့ အူအတက်ရောင်တာ သိပ်မဆိုးရင် ပိုးသတ်ဆေးပေး ၊ အနီးကပ်သေချာစောင့်ကြည့်ပြီး ပြန်ကောင်းသွားတာမျိုးလည်း ရှိပါတယ် ( ဒါပေမယ့် ဒီလိုလူနာတွေဟာ နောက်တစ်ကြိမ် ပြန်ဖြစ်နိုင်ချေများပြီး ၊ ပြန်ဖြစ်ခဲ့ရင်လည်း အူအတက်ပေါက်ထွက်ဖို့ အခွင့်အလမ်း ပိုများပါတယ်။ အသက်အရွယ်ကြီးရင့်သူတွေ ၊ ဆီးချိုရောဂါသမားတွေ ၊ ကလေးငယ်တွေမှာတော့ ဒီလိုမျိုး ပိုးသတ်ဆေးပေးပြီး စောင့်ကြည့်ဖို့ မသင့်တော်ပါဘူး )
– ရောင်နေတဲ့အူအတက်ကို မပေါက်သေးခင် စောစောခွဲထုတ်နိုင်ရင် ဆေးရုံတက်ရက်နည်းနိုင်ပါတယ်။
– အူအတက်ပေါက်ထားပြီးမှ ခွဲထုတ်ဖြစ်ခဲ့ရင် ပိုးသတ်ဆေးတွေ ဆက်ပေးဖို့လိုပြီး ဆေးရုံတက်ရက်ကြာနိုင်ပါတယ်။
– တစ်ခါတရံမှာ ရောင်နေတဲ့အူအတက်ဟာ ပေါက်ထွက်မသွားဘဲ ခဲသွားတာမျိုးလည်း ရှိပါတယ်။ ဒီလိုအခါမှာတော့ ဆေးနဲ့အရင် သက်သာအောင်ပြုလုပ်ပြီး ၊ နောက်တစ်လလောက်နေမှ အူအတက်ကို ခွဲထုတ်ရပါတယ်။

❗️နောက်ဆက်တွဲ ပြသနာများ

– အချိန်မီမကုသနိုင်လျှင် အူအတက်ပေါက်ရာကတစ်ဆင့် သွေးဆိပ်တက်ပြီး အသက်သေဆုံးနိုင်ပါတယ်။

❓ဘယ်လိုကာကွယ်လို့ရမလဲ

– ကာကွယ်နည်း မရှိသေးပါဘူး။

References:
1. Johns Hopkins Medicine: Conditions and diseases; Appendicitis
2. John Murtagh’s Patient Education, six edition: Appendicitis

❤️ NUG, MOH…တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းများ ပြသရန် ( နေ့စဥ် မနက် ၈နာရီမှ ညနေ၆နာရီအထိ )
https://m.me/telehealthmm )

လှူဒါန်းရန်-
https://moh.nugmyanmar.org/donate/

Ministry of Health,

National Unity Government.

Published on: 27 March 2022
Last Updated: 27 March 2022