မင်္ဂလာပါ
ကျွန်တော့်နာမည်ကတော့ DrM လို့ခေါ်ပါတယ်။ တယ်လီကျန်းမာမှာ ဝင်ရောက်ကူညီပေးနေတဲ့ ပြည်ပရောက် မြန်မာပြည်ဖွားဆရာဝန်တစ်ဦးပါ။
ကျွန်တော်ဟာ အင်္ဂလန်နိုင်ငံမှာ အထွေထွေရောဂါကုဆရာဝန်အဖြစ် ဆယ်စုနှစ်တစ်ခုနီးပါး နေထိုင်လုပ်ကိုင်နေပါတယ်။ ဆေးကုတာတင်မက စာသင်တာတွေ ၊ သင်တန်းပေးတာတွေကို ပြုလုပ်လျက်ရှိပြီး အထူးသဖြင့် ဂျူနီယာအထွေထွေရောဂါကုဆရာဝန်တွေကို သင်တန်းပေးပို့ချသူအဖြစ် အသိအမှတ်ပြုခံထားရပါတယ်။
ဆရာဝန်တစ်ယောက်အနေနဲ့ လူနာကို ရောဂါသက်သာပျောက်ကင်းအောင် ကုသရုံသာမက ၊ လူသားတစ်ဦးရဲ့ဘဝအတွက်ပါ ဖေးမကူညီပေးဖို့ဟာ အရေးကြီးဆုံးလို့ ကျွန်တော်အမြဲခံယူထားပါတယ်။
xxxxxxxxxxxxxxxxxxxxxx
အားလုံးသိပြီးတဲ့အတိုင်း ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ (၁)ရက်နေ့ဟာ ကျွန်တော်တို့မြန်မာနိုင်ငံအတွက် ကမ္ဘာပျက်တဲ့နေ့လိုပါပဲ။
ကိုဗစ်ကပ်ရောဂါကာလအတွင်း စစ်အာဏာသိမ်းလိုက်တာထက် ပိုဆိုးတာ ဘာများရှိဦးမလဲ ?
ကာကွယ်ဆေးထိုး အစီအစဥ်တွေ ရပ်တန့်သွားသလို မတည်ငြိမ်ယောက်ယပ်ခတ်မှုတွေကြောင့် ကျန်းမာရေးစနစ်ကြီးဟာ အဆုံးသတ်လုနီးနီးအခြေအနေဆိုက်ခဲ့ရပါတယ်။
စစ်အာဏာသိမ်းပြီးနောက်မှာ ဆရာဝန်၊ သူနာပြုနဲ့ တခြားကျန်းမာရေးဝန်ထမ်းတွေဟာ အကြမ်းမဖက်အနုနည်းနဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)ပြုလုပ်ခဲ့ကြပြီး ရွေးကောက်တင်မြှောက်ထားတဲ့အစိုးရကို ထောက်ခံခဲ့ကြပြီး ၊ ရွေးကောက်ခံမဟုတ်တဲ့ အကြမ်းဖက်ဖိနှိပ်နေတဲ့စစ်ကောင်စီကို ဆန့်ကျင်ခဲ့ကြတာ အားလုံးအသိပါ။
ဒီ CDM လှုပ်ရှားမှုဟာ အရှိန်အဟုန်ကောင်းကောင်းနဲ့ တိုင်းပြည်တစ်ဝှမ်းပျံ့နှံ့သွားပြီး တခြားသောဝန်ကြီးဌာနဝန်ထမ်းတွေပါ ပါဝင်လာခဲ့ကြပါတယ်။
ဒီလှုပ်ရှားမှုကြီးကို တုံ့ပြန်တဲ့အနေနဲ့ စစ်တပ်ဟာ ကျန်းမာရေးဝန်ထမ်းတွေကို ခြိမ်းခြောက် ၊ အကြောင်းရင်းမဲ့ ကြုံသလိုဖမ်းဆီး ၊ မတရားစွပ်စွဲပြီး ဂုဏ်သိက္ခာကျဆင်းအောင် ရည်ရွယ်ချက်ရှိရှိ လက်စားချေတုံ့ပြန်ခဲ့ပါတယ်။
အတိုချုံးပြောရရင် မြန်မာစစ်တပ်ကြောင့် ကျန်းမာရေးစနစ်ကြီးဟာ ရပ်ဆိုင်းလုနီးပါးအထိ ဖြစ်ခဲ့ရပါတယ်။
…
မြန်မာပြည်က ဒီလိုသတင်းတွေကြားနေရပြီး ကိုယ်က ဘာမှကူညီမပေးနိုင်တဲ့အတွက် ကျွန်တော်ဟာ ယူကျုံးမရဖြစ်ခဲ့ရပါတယ်။ ဝမ်းနည်းမှု ၊ ခံပြင်းဒေါသထွက်မှုတွေနဲ့အတူ ပြည်သူတွေကိုကူညီမပေးနိုင်တဲ့အတွက် အပြစ်ရှိသလို ခံစားနေရမှုတွေဟာ ကျွန်တော့်ကို နေ့စဉ်ရက်စက် နှိပ်စက်နေခဲ့တာပေါ့
မြန်မာပြည်က ပြည်သူတွေကို ဘယ်လိုကူညီပေးရမလဲဆိုတာပဲ စက္ကန့်နဲ့မလပ် စဉ်းစားနေခဲ့မိတယ်
ဧပြီလဆန်းပိုင်းအရောက်မှာတော့ ကျွန်တော့်လိုပဲ အင်္ဂလန်ရောက်နေတဲ့ သူငယ်ချင်းတစ်ယောက်က မေးလာတယ်…
” သူငယ်ချင်း…ဒို့နိုင်ငံကပြည်သူတွေအတွက် အွန်လိုင်းကနေတစ်ဆင့် ကူညီစောင့်ရှောက်ဆေးကုပေးဖို့ အစီအစဉ်လေးရှိတယ်။ မင်း ပါမလား “တဲ့
ကျွန်တော် အရမ်းကို အံ့ဩဝမ်းသာသွားတာပေါ့။ နှစ်ခါပြန်စဥ်းစားစရာမလိုဘဲ ” YES !! ” လို့ အကျယ်ကြီး အော်ဖြေခဲ့မိတယ်။
ပြောရရင်တော့ ဒါဟာ တယ်လီကျန်းမာ ဖြစ်ပေါ်လာဖို့ ပထမဆုံး ခြေလှမ်းအစပျိုးခဲ့တာပါပဲ
….
ဒီလိုနဲ့ စီစဥ်စရာရှိတာတွေစီစဥ်ပြီး နောက်မကြာခင် ၂၀၂၁ ဇွန်လ (၁၉)ရက်နေ့မှာ တယ်လီကျန်းမာရဲ့ ပထမဆုံး အွန်လိုင်းဆေးခန်းလေးတစ်ခုကို စတင်ဖွင့်လှစ်လာနိုင်ခဲ့တာပေါ့။ အဲ့နေ့ဟာ ကျွန်တော်တို့ရဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ပါပဲ။
ဒီလိုနဲ့ တယ်လီကျန်းမာဟာ တဖြေးဖြေး တောက်ပပေါ်လွင်ပြီး သက်ဝင်လှုပ်ရှားလာခဲ့ပါပြီ
တယ်လီကျန်းမာမှာ ဆုံးဖြတ်ချက်ခိုင်မာပြီး အရမ်းကြိုးစားတဲ့ မြန်မာပြည်က CDMဆရာဝန်တွေ အများကြီးပါဝင်ပါတယ်။ တစ်ဦးချင်းစီကလည်း အရည်အသွေးမျိုးစုံစီ ထူးချွန်ကြတာကို သတိထားမိခဲ့ပါတယ်။ သူတို့ရဲ့အားသွန်ခွန်စိုက် ပေးဆပ်အားထုတ်မှုတွေကြောင့် တယ်လီကျန်းမာဟာ တိုးတက်ဖွံ့ဖြိုးလာပြီး ဒီနေ့ ဒီအခြေအနေအထိ ရောက်ရှိလာခဲ့တာပါ
အခုဆိုရင် တယ်လီကျန်းမာဟာ ဆိုရှယ်မီဒီယာပေါ်မှာ လူသိများလာပြီး မြန်မာပြည်တွင်းသာမက ပြည်ပရောက်နိုင်ငံသားတွေရဲ့ အာရုံစိုက်မှုကိုပါ ရရှိနေပြီပဲ ဖြစ်ပါတယ်။
xxxxxxxxxxxxxxxxxxxxxxxx
တယ်လီကျန်းမာမှာ ကျွန်တော်ပထမဆုံး ပါဝင်ကူညီပေးခဲ့တာက “တန်းစီဆေးခန်း”ဆိုတဲ့ နေရာလေးမှာပါ။
စစချင်းမှာ နည်းပညာအခက်အခဲတွေ ၊ အွန်လိုင်းဆေးကုသမှုနဲ့ အသားမကျသေးတဲ့ ပြည်သူတွေနဲ့ဆက်သွယ်ရေးခက်ခဲမှာတွေ တွေးပြီး တကယ် စိတ်ပူခဲ့မိပါတယ်။
ဒါပေမယ့် ရက်သတ္တပတ် (၁)ပတ်လောက်အကြာမှာတော့ ဒီစိုးရိမ်မှုတွေဟာ အဝေးကိုလွင့်ပါးသွားပါတော့တယ်။ လူနာတွေက အရမ်းကို စည်းကမ်းရှိပြီး ဆေးခန်းညွှန်ကြားချက်အတိုင်း လိုက်နာကြတာကို တွေ့ရလို့ပါ။
သူတို့ဟာ ဆရာဝန်က တခြားလူနာကြည့်နေတာကို နားလည်သဘောပေါက်ပြီး စိတ်ရှည်လက်ရှည် တန်းစီစနစ်နဲ့ စောင့်ဆိုင်းပေးတယ်။ အင်တာနက်မကောင်းတဲ့အချိန်မှာတောင် ကြိုးစားပမ်းစားနဲ့ ဆရာဝန်နဲ့ တွေ့ခွင့်ရဖို့ ဆက်သွယ်လာခဲ့ကြတာပါ။
မြန်မာပြည်ကလူနာတွေက အရမ်းချစ်ဖို့ကောင်းပါတယ်။
ဒီလိုလူနာတွေကို ဆေးကုပေးရင်းနဲ့ပဲ ကျွန်တော်တို့လိုချင်တဲ့ အရည်အသွေးမြင့် ဖက်ဒရယ်ကျန်းမာရေးစနစ်မရမချင်း၊ ကျွန်တော်ဟာ စေတနာ့ဝန်ထမ်းဆရာဝန်အဖြစ် တယ်လီကျန်းမာမှာ ဆက်လက်ကူညီပေးသွားမယ်လို့ ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ ချလိုက်ပါတော့တယ်။
လူနာကြည့်အပြီးမှာ….
” ကျေးဇူးအများကြီးတင်ပါတယ် ဆရာ “
” ကျွန်တော်တို့ နိုင်ကိုနိုင်ရမယ် “
” ဆရာ ဘေးရန်ကင်းပါစေ ၊ ဂရုစိုက်ပါနော် ” စတဲ့ စကားလုံးလေးတွေ လူနာတွေက ပြောလာတဲ့အခါ ကျွန်တော့်ရင်ထဲ နွေးထွေးသွားသလို တစ်ခါတလေ မျက်ရည်ဝဲမိပါတယ်။
အစောပိုင်းကာလတွေမှာ အွန်လိုင်းစနစ်နဲ့ ကျင့်သားမရမှာတွေ ၊ တစ်ဦးနဲ့တစ်ဦး ဘေးကင်းလုံခြုံစွာ ဆက်သွယ်မရမှာတွေ ၊ ကိုယ့်အဖွဲ့မှာ လူအင်အားရော လောက်ပါ့မလား ၊ ကိုယ်ညွှန်တဲ့ဆေးတွေဟာ မြန်မာပြည်မှာ ဝယ်လို့ရော အဆင်ပြေပါ့မလား စသဖြင့် နည်းမျိုးစုံ စိုးရိမ်ပူပန်နေခဲ့မိတာလည်း အမှန်ပါ။
ဒါပေမယ့် ကျွန်တော်တို့လို ပြည်ပရောက်နေတဲ့ဆရာဝန်တွေအတွက် ဒီလိုအခက်အခဲတွေကို ဘယ်လိုကျော်လွှားရမယ်ဆိုတာ လုပ်ဖော်ကိုင်ဖက်တယ်လီကျန်းမာအဖွဲ့သားတွေက နည်းပေးလမ်းညွှန် ဆောင်ရွက်ပေးခဲ့ကြပါတယ်။ အမြော်အမြင်ရှိစွာကူညီပေးခဲ့တဲ့ ဝိုင်းတော်သားတွေအားလုံးကို ကျေးဇူးတင်ဂုဏ်ယူမိကြောင်းလည်း ဒီနေရာက ပြောကြားလိုပါတယ်။
ကျွန်တော့်အမြင်အရတော့ တယ်လီကျန်းမာရဲ့ အဓိကအောင်မြင်မှုက ပြည်သူတွေအကြား ကျယ်ကျယ်ပြန့်ပြန့် သိရှိလာတာလို့ ထင်ပါတယ်။
ကျန်းမာရေးပညာပေးပိုစ့်လေးတွေကို နေ့စဥ်လိုလို တင်ဆက်ပေးလာနိုင်ပြီး ပြည်တွင်းရော ပြည်ပရောက်မြန်မာလူမျိုးတွေအကြားမှာပါ တယ်လီကျန်းမာကို ပိုမိုသိရှိလာကြပါတယ်။
တစ်နေ့ ကျွန်တော် အွန်လိုင်းဆေးခန်းကြည့်နေရင်းနဲ့ လူနာတစ်ယောက်က သူဟာထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းလုပ်သားတစ်ဦးပါလို့ပြောတော့ အရမ်းအံ့သြသွားခဲ့တာပေါ့။ ( ကျွန်တော်က ပြည်တွင်းကလူနာတွေပဲ လာပြတယ် ထင်ထားတာကိုး )
ကျွန်တော်တို့ရဲ့ အွန်လိုင်းဆေးကုသပေးမှုကို သူက အရမ်းကျေးဇူးတင်ပါတယ်တဲ့။ ထိုင်းနိုင်ငံရဲ့ သူနေနေတဲ့နေရာမှာ ကိုဗစ်တွေအရမ်းဖြစ်ပွားနေပြီး လော့ဒ်ဒေါင်းလည်း ချထားတာမို့ အပြင်ထွက်လို့မရချိန် တယ်လီကျန်းမာဟာ အရမ်းအကျိုးရှိတယ်ပြောပါတယ်။ နောက်ပြီး တစ်နယ်ရပ်ခြားမှာ ငွေရေးကြေးရေးလည်း အဆင်မပြေတော့ ခုလိုအခမဲ့ပြသခွင့်ရတဲ့အတွက် အရမ်းအဆင်ပြေပါတယ်ပြောတော့ ဆေးကုပေးရတဲ့ကျွန်တော့်အတွက် အရမ်းကို ပီတိဖြစ်ခဲ့တာပေါ့
စင်္ကာပူမှာ အိမ်အကူလုပ်နေတဲ့ အမျိုးသမီးငယ်တစ်ဦးနဲ့လည်း ကြုံဖူးပါသေးတယ်။ ဘာသာစကားအခက်အခဲမရှိဘဲ အခုလိုဆေးခန်းပြခွင့်ရတာကိုပဲ သူက အရမ်းကျေးဇူးတွေတင်နေရှာတာ။
ဒါတွေဟာ တယ်လီကျန်းမာအွန်လိုင်းဆေးခန်း ရှိနေခြင်းရဲ့ တကယ့်ထိရောက်တဲ့အကျိုးကျေးဇူးတွေလို့ ကျွန်တော်ထင်ပါတယ်။
xxxxxxxxxxxxxxxxxxxxxxxx
ဘဝမှာ စိန်ခေါ်မှုတွေ ၊ အခက်အခဲတွေကို မကျော်လွှားဘဲတော့ ကိုယ်လိုချင်တာ ဖြစ်လာမှာ မဟုတ်ပါဘူး။
ကျွန်တော့်အတွက် အဓိကစိန်ခေါ်မှုကတော့ ကိုဗစ်လူနာတွေပါ။ ကိုဗစ်တတိယလှိုင်းဟာ မြန်မာပြည်အတွက် တကယ့်ငရဲခန်းပမာဖြစ်ခဲ့တယ်ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး။
လူတိုင်းဟာ ကိုဗစ်နဲ့ပတ်သတ်တဲ့ သတင်းမျိုးစုံတွေကြား တွေဝေမှုတွေ ၊ စိုးရိမ်ကြောက်လန့်မှုတွေနဲ့ မလုံခြုံမှုတွေ ဖုံးလွှမ်းလို့နေခဲ့ပါတယ်။ ရောဂါပြင်းထန်တဲ့လူနာတွေနဲ့ အခြေအနေဆိုးသွားနိုင်တဲ့လူနာတွေကို အွန်လိုင်းကတစ်ဆင့် ကြည့်ရှုကုသပေးရတာ ကျွန်တော့်ဘဝအတွက် တကယ့် စိန်ခေါ်မှုကြီးတစ်ရပ်ပါပဲ။
ဒါပေမယ့်လည်း ကိုဗစ်ကုသမှု Guideline လမ်းညွှန်ချက်တွေနဲ့အတူ တယ်လီကျန်းမာရဲ့ကိုဗစ်သီးသန့် အွန်လိုင်းဆေးခန်းတွေ ပေါ်ထွက်လာပြီးနောက်မှာတော့ ကျွန်တော့်ရဲ့စိုးရိမ်ပူပန်မှုတွေ လျော့နည်းလာခဲ့ပါတယ်။
တကယ်တော့ တယ်လီကျန်းမာဟာ လူနာကို ကုသမှုပေးရုံသက်သက်အဖွဲ့အစည်း မဟုတ်ပါဘူး။ အဖွဲ့ဝင်ဆရာဝန်တွေကြား အပတ်စဥ် တနင်္ဂနွေနေ့တိုင်းမှာ ဆေးပညာဗဟုသုတ ဖလှယ်ကြပြီး တစ်ယောက်နဲ့တစ်ယောက် အသိဥာဏ်ဖွံ့ဖြိုးတိုးတက်လာအောင်လည်း အချင်းချင်း ကူညီစောင့်ရှောက်ကြပါတယ်။ ဝါရင့်ဆရာဝန်ကြီးတွေကလည်း ဂျူနီယာဆရာဝန်တွေကို သင်ကြားပို့ချပေးကြပါတယ်။
ကျွန်တော်အကြိုက်ဆုံးကတော့ ဆရာဝန်တွေအချင်းချင်း ရောဂါတွေအကြောင်း ပျော်ပျော်ရွှင်ရွှင် ပဟေဠိဖွက်ကြတာပါပဲ။ ကျွန်တော်တို့ဟာ လုပ်ဖော်ကိုင်ဖက်တွေဆိုတာထက် သူငယ်ချင်းတွေလို ၊ မိသားစုဝင်တွေလိုကို ဖြစ်နေကြပါပြီ။
နိဂုံးချုပ်အနေနဲ့ပြောရရင် တယ်လီကျန်းမာဆိုတာဟာ လူနာတွေအတွက် ခက်ခဲကြမ်းတမ်းမှုမျိုးစုံရှိနေတဲ့ကန္တာရထဲက အိုအေစစ်လေးတစ်ခုလို…ကျွန်တော့်အတွက်တော့ မြန်မာပြည်သူတွေအတွက် ဘာမှလုပ်မပေးနိုင်ခဲ့လို့ ခံစားခဲ့ရတဲ့ ဝမ်းနည်းမှုတွေ ၊ အပြစ်ရှိသလိုခံစားခဲ့ရတာတွေကို ဖြေဖျောက်ပေးနိုင်ခဲ့တဲ့ ဘုရားပေးတဲ့ ဆုလာဘ်တစ်ခုပါပဲ
တယ်လီကျန်းမာရဲ့ အဖွဲ့သားတစ်ယောက်အနေနဲ့ ဖြစ်ခွင့်ရခဲ့တာ အားလုံးကို ကျေးဇူးတင်ပါတယ်။
အမြဲလည်း ဂုဏ်ယူနေမိမှာပါ….
Dr M
19.6.2022
Ministry of Health,
National Unity Government.



Published on: 19 June 2022
Last Updated: 19 June 2022