Ascites (ရေဖျဉ်းအကြောင်း) (December, 2022)

“ ဗိုက်ကြီးဖောင်းပြီး ရေဖျဉ်းဘာလို့စွဲလဲသိလား…
အဲတာ ထမင်းစားပြီးပြီးချင်း ရေချိုးလို့ ဖြစ်တာ…
နောက်ကို ထမင်းစားပြီးပြီးချင်း ရေမချိုးနဲ့နော် ”

( ငယ်ငယ်က အစာစားပြီးရေချိုးရင် အစာမကြေမှာစိုးလို့ လူကြီးတွေက ခြောက်လှန့်ပြောတဲ့စကား )

ခုတော့ ခေတ်အခါတွေပြောင်းလာပြီ။ ကလေးတွေကို ခြောက်လှန့်စကားတွေ၊ ဂျင်းတွေထည့်လို့မရတော့သလို ပြည်သူတွေကလည်း ကျန်းမာရေးဗဟုသု‌တတွေကို စိတ်၀င်တစားရှာမှီးလာကြတဲ့ခေတ် ဖြစ်လာပါပြီ။ ဒီတော့လည်း ရေဖျဉ်းအကြောင်း တစေ့‌တစောင်းလေး မျှဝေလိုက်ရပါတယ်။
..
..

👩‍💻 ရေဖျဉ်းစွဲတယ်ဆိုတာ ဘာကိုခေါ်တာပါလဲ?

👩‍⚕️ ရေဖျဉ်းစွဲတယ်ဆိုတာ ဗိုက်ထဲအရည်တွေစုမိတာပါ။ ဗိုက်ကြီးဖောင်းပြီး နေရခက်ပါတယ်။ အရမ်းတင်းရင် အသက်ရှုရပါခက်တတ်ပါတယ်။
..

👩‍💻 ရေဖျဉ်းဘာလို့ စွဲတာပါလဲ?

👩‍⚕️ ဖြစ်စေတဲ့အကြောင်းရင်း အများကြီးထဲမှာမှ အဖြစ်အများဆုံးက အသည်းခြောက်လို့ပါ။ အရက်အရမ်းသောက်တာနဲ့ အသည်းရောင်အသားဝါ ဘီပိုး၊စီပိုးတွေကြောင့် အသည်းခြောက်ပြီး ရေဖျဉ်းစွဲတတ်ပါတယ်။

နောက်အကြောင်းရင်းတစ်ခုကတော့ ကင်ဆာကြောင့်ဖြစ်တဲ့ ရေဖျဉ်းပါ။ အများအားဖြင့် ကင်ဆာ အဆင့်မြင့်တဲ့အနေအထားတွေမှာ ရေဖျဉ်းစွဲတတ်ပါတယ်။

ကျန်တဲ့ နှလုံးရောဂါ၊ ကျောက်ကပ်ဆေးတဲ့သူတွေ၊ ပိုး၀င်တာ(ဥပမာ တီဘီ)နဲ့ အသားဓာတ်နည်းတဲ့သူတွေမှာလည်း ရေဖျဉ်းစွဲတတ်ပါတယ်။
..

👩‍💻 ရေဖျဉ်းစွဲရင် ဘာတွေခံစားရတတ်ပါလဲ?

👩‍⚕️ ရေဖျဉ်းစွဲရင်

– ဗိုက်ဖောင်းမယ်

– ကိုယ်အလေးချိန်တက်မယ်

– ပြည့်အင့်အင့်ဖြစ်မယ်

– လေးတယ်

– ပျို့ချင်၊ အစာမကြေချင်တွေဖြစ်မယ်

– အန်မယ်

– ခြေထောက်ရောင်မယ်

– အသက်ရှုမ၀ဘူး

– လိပ်ခေါင်းပါတွဲတွေ့ရတတ်ပါတယ်။
..

👩‍💻 ရေဖျဉ်းစွဲရင် ဘာလုပ်ရမလဲ?

👩‍⚕️ ရေဖျဉ်းစွဲရင် ဖြစ်ရတဲ့အကြောင်းရင်းကိုရှာပြီး ကုသဖို့အတွက် ဆရာ၀န်နဲ့သေချာတိုင်ပင်ဖို့လိုပါတယ်။

👉 မိမိကိုယ်ကို ရေဖျဉ်းမများဖို့/ ထိန်းဖို့/ သက်သာဖို့အတွက်…

(၁) ဆားလျော့စားပါ။ အငန်လျော့စားပါ။

(၂) ရေသောက်တဲ့ပမာဏကို လျော့ချပါ။
(တစ်နေ့တာသောက်သုံးတဲ့ ရေ+အရည်ပမာဏသည် ဆီးပမာဏ+၅၀၀စီစီထက် မပိုသင့်ပါ။ ဥပမာ မနေ့က ဆီး ၁၀၀၀စီစီ(ရေသန့်တစ်ဘူး)သွားထားရင် ဒီနေ့ ရေ+အရည် ၁၅၀၀စီစီထက် ပိုမသောက်သင့်ပါ။)

(၃) အရက်မသောက်ပါနဲ့။ အရက်ဖြတ်ပါ။

(၄) အသားဓာတ်များများစားပါ။
( ကြက်ဥအကာ မကျက်တကျက်/ အကျက် သို့ တနည်းနည်း လုပ်စားပါ။) ချွင်းချက်- အသည်းပန်းနေချိန် (hepatic encephalopathy)တွင်တော့မရပါ။

👉 ဆရာ၀န်တွေကလည်း

(၁) ဆီးဆေးပေးလေ့ရှိပါတယ်။

(၂) လိုအပ်ရင် ဗိုက်ကအရည်ကို ဖောက်ထုတ်ပေးပါတယ်။

(၃) တချို့သောအခြေအနေတွေမှာတော့ သွေးကြောကုထုံးတစ်မျိုး (TIPSS) လုပ်ဖို့လိုတတ်ပါတယ်။
..

👩‍💻 ရေဖျဥ်းစွဲတာကအန္တရာယ်ရှိလား ?

👩‍⚕️ ရေဖျဉ်းစွဲတော့ စားရသောက်ရ လှုပ်ရှားရ ခက်ပါတယ်။ အရမ်းတင်းရင် အသက်ရှူရလည်းခက်သလို ပိုး၀င်နိုင်၊ ကျောက်ကပ်ထိနိုင်ပါတယ်။ ချက်နဲ့ပေါင်ခြံမှာလည်း အူကျွံတတ်ပါတယ်။
..

👩‍💻 ရေဖျင်းမစွဲအောင် ကာကွယ်လို့ရလား?

👩‍⚕️ အချို့သော အသည်းမခြောက်အောင်ဆင်ခြင်နည်း၊ ကင်ဆာရောဂါမဖြစ်အောင် ဆင်ခြင်နည်းတွေကရေဖျဉ်းမစွဲအောင်ကူညီပေးနိုင်ပါတယ်။

(၁) အရက်ဖြတ်ပါ။

(၂) ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကိုယ်အလေးချိန်မှာပဲ ထိန်းထားပါ။

(၃) လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။

(၄) ဆေးလိပ်‌မသောက်ပါနဲ့။

(၅) အငန်/ဆားလျော့စားပါ။

(၆) အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုးမကူးအောင် အတူနေရင် အကာအကွယ်သုံးပါ။ ဘီပိုးကာကွယ်ဆေး မထိုးရသေးရင် ထိုးထားပါ။

(၇) စိတ်ကိုယစ်မူးစေသောဆေးဝါးများ မသုံးစွဲပါနဲ့။

ရေဖျဥ်းစွဲလာခဲ့ရင်လည်း မိမိကိုယ်ကိုဆင်ခြင်နေထိုင်ပြီး ဆရာ၀န်ညွှန်ကြားချက်အတိုင်းလိုက်နာပါ ၊ ဆေးသောက်ပါ။ရေဖျဉ်းပိုများလာရင် ဆရာဝန်နဲ့ပြန်လာပြပါလို့ ပြောကြားရင်း ရေဖျဉ်းနဲ့အတူ နေထိုင်နည်းကို တင်ပြလိုက်ရပါတယ်။

Reference 📚
https://www.hopkinsmedicine.org/…/conditions…/ascites…

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

👉 တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

( နေ့စဉ် မနက် ၈နာရီမှ ညနေ၁၀နာရီအထိ )

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

ချက်ချင်း တန်းစီ၍ ဆေးခန်းပြရန်အတွက် ( https://t.me/TelehealthMM )ကို နှိပ်ပါ

#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ
#ascities#ရေဖျဉ်း

Ministry of Health,

National Unity Government.

Published on: 17 December 2022
Last Updated: 17 December 2022