နှလုံးသားလေးမှာ မွေးရာပါအပေါက် ဖြစ်နေတဲ့အခါ (Atrial Septal Defect)
Atrial Septal Defect ဆိုတာ နှလုံးရဲ့အပေါ်ခန်း (atria) ကို ပိုင်းခြားထားတဲ့ နံရံ (septum) မှာ အပေါက်ပါတဲ့ မွေးရာပါချို့ယွင်းချက် ဖြစ်ပါတယ်။ အပေါက်ဟာ အရွယ်အစား ကွဲပြားနိုင်ပြီး သူ့အလိုအလျောက် ပြန်ပိတ်သွားနိုင်သလို၊ ခွဲစိတ်မှု လိုအပ်တာမျိုးလည်း ရှိနိုင်ပါတယ်။ Atrial septal defect ကို မွေးရာပါ နှလုံးချို့ယွင်းမှုလို့လည်း ဆိုနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်ကာလမှာ ကလေးရဲ့နှလုံးဟာ ဖွံ့ဖြိုးနေဆဲဖြစ်ပြီး နှလုံးအပေါ်ပိုင်းအခန်း (atria) တွေကို ပိုင်းခြားထားတဲ့ နံရံတွေမှာ အပေါက်များစွာ ရှိတတ်ပါတယ်။ အဲဒီအပေါက်တွေဟာ များသောအားဖြင့် ကိုယ်ဝန်ဆောင်ချိန်မှာပဲ (သို့မဟုတ်) မွေးပြီးပြီးချင်းမှာ ပိတ်လေ့ရှိပါတယ်။
ဒီလိုအပေါက်တွေထဲက တစ်ခုလောက်က မပိတ်ဘဲ ကျန်နေတဲ့အခါ atrial septal defect ဖြစ်လာပါတယ်။ ကျန်နေခဲ့တဲ့အပေါက်က အဆုတ်မှတဆင့် စီးဝင်လာတဲ့ သွေးပမာဏကို တိုးစေပြီး အချိန်ကြာလာတာနဲ့အမျှ အဆုတ်အတွင်းရှိ သွေးကြောတွေဟာ ပျက်စီးလာနိုင်ပါတယ်။ အဆုတ်အတွင်းရှိ သွေးကြောတွေ ပျက်စီးခြင်းဟာ အရွယ်ရောက်လာတဲ့အခါမှာ အဆုတ်အတွင်း သွေးပေါင်ချိန်များခြင်းနဲ့ နှလုံးအလုပ်မလုပ်ခြင်း စတဲ့ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ နှလုံးခုန်မမှန်ခြင်းနဲ့ လေဖြတ်နိုင်ခြေများလာခြင်း စတာတွေလည်း ဖြစ်နိုင်ပါတယ်။
..
..
ဒီ Atrial Septal Defect ဟာ အဖြစ်များလား
Atlanta မှာ CDC က လေ့လာမှုတွေ လုပ်ကြည့်တဲ့အခါ မွေးကင်းစ ကလေးငယ် ၁၀,၀၀၀ မှာ ၁၃ ယောက်ဟာ atrial septal defect ပါလာတယ်လို့ ခန့်မှန်းထားပါတယ်။ အမေရိကန်နိုင်ငံမှာ တစ်နှစ်လျှင် ကလေး ၅,၂၄၀ ခန့်ဟာ atrial septal defect နဲ့ မွေးလာကြပါတယ်။ တစ်နည်းအားဖြင့် အမေရိကန်ပြည်ထောင်စုမှာ နှစ်စဉ်မွေးဖွားတဲ့ ကလေး ၇၆၉ ဦးမှာ ၁ ဦးဟာ atrial septal defect နဲ့ မွေးဖွားလာကြတာပဲ ဖြစ်ပါတယ်။
..
..
Atrial Septal Defect ဘာကြောင့် ဖြစ်ရသလဲနဲ့ ဘယ်သူတွေမှာ ပိုဖြစ်သလဲ
ကလေးအများစုမှာ ဖြစ်ရတဲ့ atrial septal defect ရဲ့ အကြောင်းရင်းကို မသိရပါဘူး။ အချို့ကလေးတွေမှာ မျိုးဗီဇ (သို့မဟုတ်) chromosome အပြောင်းအလဲကြောင့် နှလုံးချို့ယွင်းချက် ဖြစ်ရပါတယ်။ နှလုံးချို့ယွင်းမှုအမျိုးအစားတွေဟာ မျိုးရိုးဗီဇနဲ့ အခြားသောအကြောင်းအရာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ မိခင်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ အရာတွေ၊ မိခင်စားသောက်တဲ့အရာတွေနဲ့ အသုံးပြုတဲ့ဆေးဝါးတွေကြောင့်လည်း ဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်။
..
..
Atrial Septal Defect ကို ဘယ်လိုစစ်ဆေးလို့ရလဲ
Atrial septal defect ကို ကိုယ်ဝန်ဆောင်စဉ် (သို့မဟုတ်) မွေးဖွားပြီးနောက်မှာ စစ်ဆေးတွေ့ရှိနိုင်ပါတယ်။ အများစုမှာတော့ အရွယ်ရောက်ပြီးသည်အထိ မသိတာမျိုးလည်း ရှိပါတယ်။
ကိုယ်ဝန်ဆောင်စဉ်မှာ မွေးရာပါချို့ယွင်းမှုနဲ့ အခြားသောအခြေအနေတွေကို စစ်ဆေးတဲ့ ကိုယ်ဝန်ဆောင်စစ်ဆေးမှုတွေ လုပ်နိုင်ပါတယ်။ Ultrasound ရိုက်စဉ်မှာ atrial septal defect ကို တွေ့နိုင်ပေမယ့် အပေါက်ရဲ့အရွယ်အစားနဲ့ တည်နေရာအပေါ် မူတည်ပါတယ်။ တကယ်လို့ atrial septal defect လို့ သံသယရှိရင်တော့ ဆရာဝန်က ရောဂါကိုအတည်ပြုဖို့ လိုအပ်ပါလိမ့်မယ်။
မွေးဖွားပြီးနောက်ပိုင်းအနေနဲ့ဆိုရင် atrial septal defect ဟာ မွေးစမှာ ပါတတ်ပြီး ကလေးအများစုမှာတော့ ဘာလက္ခဏာမှ မတွေ့ရပါဘူး။ အပေါက်ကကြီးတဲ့အခါ (သို့) မကုသဘဲထားတဲ့အခါ အောက်ပါရောဂါလက္ခဏာတွေ ဖြစ်လာနိုင်ပါတယ်…
– မကြာခဏ အသက်ရှူလမ်းကြောင်းနဲ့ အဆုတ်ပိုးဝင်ခြင်း
– အသက်ရှူရခက်ခြင်း
– မွေးကင်းစကလေးငယ်များမှာ အစာကျွေးရခက်ခြင်း
– လေ့ကျင့်ခန်းလုပ်တဲ့အခါ အသက်ရှူကျပ်ခြင်း
– နှလုံးခုန် စည်းချက်မမှန်ခြင်း
– ပုံမှန်မဟုတ်သော နှလုံးခုန်သံ (murmur) ကြားရခြင်း
– ခြေသလုံး၊ ခြေဖဝါးနဲ့ ဗိုက်တို့ ဖောရောင်ခြင်း
– လေဖြတ်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။
အရွယ်ရောက်ချိန်အထိ atrial septal defect ကို စစ်ဆေးရှာဖွေ မတွေ့နိုင်ဘူးဆိုတာ ဖြစ်နိုင်ပါတယ်။ ဒီ atrial septal defect ကို စစ်ဆေးသိရှိနိုင်ဖို့ အဖြစ်များဆုံးနည်းလမ်းကတော့ နှလုံးခုန်သံကို နားကျပ် (stethoscope) နဲ့ နားထောင်ခြင်းပဲ ဖြစ်ပါတယ်။ ပုံမှန်မဟုတ်တဲ့ နှလုံးခုန်သံတွေ ကြားနေရတာ၊ အခြားရောဂါလက္ခဏာတွေ ရှိနေတာဆိုရင်တော့ ရောဂါကို အတည်ပြုဖို့ လိုအပ်တဲ့စမ်းသပ်စစ်ဆေးမှုတွေ လုပ်နိုင်ပါတယ်။ အသုံးများဆုံးကတော့ နှလုံးဓာတ်မှန် (echocardiogram) ဖြစ်ပါတယ်။
..
..
ဒီ atrial septal defect ကို ဘယ်လို ကုသနိုင်သလဲ
Atrial septal defect အတွက် ကုသမှုဟာ ရောဂါစသိတဲ့ အသက်အရွယ်၊ ရောဂါလက္ခဏာတွေရဲ့ ပြင်းထန်မှု၊ အပေါက်အရွယ်အစားနဲ့ အခြားအခြေအနေတွေပေါ် မူတည်ပါတယ်။ တစ်ခါတစ်ရံ အပေါက်ကို ပြုပြင်ခွဲစိတ်ဖို့ လိုအပ်ပါတယ်။ တစ်ခါတစ်ရံမှာ ရောဂါလက္ခဏာတွေကို ကုသဖို့ ဆေးဝါးတွေကို ညွှန်ကြားနိုင်ပါတယ်။ ချို့ယွင်းမှုဖြစ်နေရတဲ့ အပေါက်ကို ပြုပြင်ပိတ်ပေးနိုင်တဲ့ ဆေးဝါးတော့ မရှိပါဘူး။
ကလေးငယ်မှာ atrial septal defect ရှိကြောင်းစစ်ဆေးတွေ့ရှိခဲ့ရင်တော့ အပေါက်ဟာ အလိုအလျောက်ပိတ်သွားခြင်း ရှိ/မရှိကို ဆရာဝန်က ခဏစောင့်ကြည့်နိုင်ပါတယ်။ ဒီစောင့်ကြည့်ကာလမှာ ရောဂါလက္ခဏာတွေ သက်သာဖို့ ဆေးဝါးနဲ့ ကုသတာမျိုး လုပ်နိုင်ပါတယ်။
အပေါက်အရွယ်အစားကြီးတဲ့ ကလေးတွေမှာတော့ ရောဂါလက္ခဏာတွေ မပြင်းထန်သည့်တိုင် အရွယ်ရောက်ပြီးနောက်ပိုင်း ဖြစ်လာနိုင်တဲ့ ရောဂါပြဿနာတွေကို ကာကွယ်ဖို့ ခွဲစိတ်ပြုပြင်မှုလုပ်ဖို့ အကြံပြုနိုင်ပါတယ်။ ရောဂါလက္ခဏာတွေ ပြင်းထန်နေရင်တော့ အရွယ်ရောက်ပြီးသူတွေမှာလည်း ခွဲစိတ်ဖို့ လိုနိုင်ပါတယ်။
အပေါက်ပိတ်တဲ့ ခွဲစိတ်ခြင်းကို နှလုံးသွေးကြောကနေတစ်ဆင့် catheter သွင်းပြီး လုပ်နိုင်သလို၊ နှလုံးဖွင့်ခွဲစိတ်ပြီးလည်း ပြုလုပ်နိုင်ပါတယ်။ ခွဲစိတ်ပြီးတဲ့နောက်မှာတော့ အပေါက်ရဲ့အရွယ်အစား၊ လူနာရဲ့အသက်အရွယ်နဲ့ အခြားမွေးရာပါချို့ယွင်းချက်တွေ ရှိ/မရှိ အပေါ် မူတည်ပြီး နောက်ဆက်တွဲ ကုသမှုတွေ ဆက်လုပ်နိုင်ပါတယ်။
Reference :
Congenital Heart Defects – Facts about Atrial Septal Defects | CDC
NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ
တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ#Telekyanmar
Ministry of Health,
National Unity Government.

Published on: September 26, 2023
Last updated: September 26, 2023