Avian (Bird) Influenza (Flu) (February, 2023)

ကြက်ငှက်တုပ်ကွေးရောဂါ “Avian (Bird) Influenza (Flu)”

(၁) လူတို့တွင် ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားခြင်း

လူတို့တွင် ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ်ပိုးများ ကူးစက်ဖြစ်ပွားမှုသည် ရှားပါးသော်လည်း ကူးစက်ဖြစ်ပွားနိုင်ပါသည်။

လူ၏ မျက်လုံး၊ နှာခေါင်း သို့မဟုတ် ပါးစပ်သို့ ဗိုင်းရပ်စ်ပိုးများ ဝင်ရောက်ခြင်းဖြင့်လည်းကောင်း သို့မဟုတ် ဗိုင်းရပ်စ်ပိုးကို ရှူရှိုက်မိခြင်းကြောင့်လည်းကောင်း ကူးစက်ဖြစ်ပွားနိုင်ပါသည်။ ဗိုင်းရပ်စ်ပိုးသည် လေထဲတွင် အစက်အမှုန်များ သို့မဟုတ် ဖုန်မှုန့်များတို့၌ ပါဝင်နေပြီး ၎င်းတို့ကို လူက ရှူရှိုက်မိလျှင် သို့မဟုတ် ဗိုင်းရပ်စ်ပိုး တင်ကျန်နေသော အရာဝတ္ထုမျက်နှာပြင်ကို လူက ထိတွေ့မိပြီး မိမိ၏ ပါးစပ်၊ မျက်လုံး သို့မဟုတ် နှာခေါင်းကို ကိုင်တွယ်မိလျှင် ရောဂါကူးစက်ဖြစ်ပွားနိုင်ပါသည်။ (ပုံကို ကြည့်ပါ)။

လူတို့တွင် ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားခြင်း အများစုသည် ရောဂါကူးစက်ခံထားရသော ကြက်၊ ငှက်၊ ဘဲများ သို့မဟုတ် ရောဂါပိုးတင်ကျန်သော အရာဝတ္ထုမျက်နှာပြင်များနှင့် နီးကပ်စွာ၊ ကြာရှည်စွာနှင့် အကာအကွယ်မပါဘဲ ထိတွေ့မိခြင်းကြောင့် ကူးစက်ဖြစ်ပွားခြင်းဖြစ်ပါသည်။ ကြက်ငှက်တုပ်ကွေးကြောင့် နာမကျန်းဖြစ်ပါက ရာသီတုပ်ကွေးကြောင့် နာမကျန်းဖြစ်သူများတွင် ကုသသည့် ဆေးဝါးများဖြင့်ပင် တူညီစွာ ကုသမှုပေးနိုင်ပါသည်။

ရောဂါကူးစက်ခံထားရသော ကြက်၊ ငှက်၊ ဘဲ သို့မဟုတ် ရောဂါပိုး တင်ကျန်နေသည့် အရာဝတ္ထုမျက်နှာပြင်နှင့် ထိတွေ့မှု မရှိသူများတွင် ရောဂါကူးစက်ဖြစ်ပွားနိုင်ခြေ အလွန်နည်းပါးပါသည်။ ရောဂါကူးစက်ခံထားရသော ကြက်၊ ငှက်၊ ဘဲများ သို့မဟုတ် ရောဂါပိုးရှိနေသော ပတ်ဝန်းကျင်တို့နှင့် နီးကပ်စွာ၊ ကြာရှည်စွာနှင့် အကာအကွယ်မပါဘဲ ထိတွေ့မိသူများတွင် ရောဂါကူးစက်ဖြစ်ပွားနိုင်ခြေ မြင့်မားပါသည်။

ကြက်၊ ငှက်၊ ဘဲ စသည့် အသားများကို လက်အိတ်စသည့် အကာအကွယ်များဖြင့် စနစ်တကျ ကိုင်တွယ်ခြင်း၊ ကြက်၊ ငှက်၊ ဘဲများနှင့် ဥများကို ကျက်အောင် သေချာစွာ ချက်ပြုတ်ပြီးမှ စားသောက်ခြင်းဖြင့် ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပွားနိုင်ပါ။

(၂) ကြက်ငှက်တုပ်ကွေးရောဂါ အကြောင်းသိကောင်းစရာ

ကြက်ငှက်တုပ်ကွေး ရောဂါသည် ကြက်၊ ငှက်၊ ဘဲများတွင် ကူးစက်ပျံ့နှံ့ဖြစ်ပွားတတ်သော တုပ်ကွေးရောဂါတစ်မျိုး ဖြစ်ပါသည်။ လူများတွင်လည်း ရှားရှားပါးပါး ကူးစက်ခံရနိုင်ပါသည်။

ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်မျိုးကွဲ များစွာ ရှိသော်လည်း အများစုသည် လူကို မကူးစက်ပါ။ သို့သော် မကြာသေးမီနှစ်များအတွင်း စိုးရိမ်စရာဖြစ်စေခဲ့သော ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်အမျိုးအစား (၄) မျိုး ရှိသည်။

🦆 H5N1 (၁၉၉၇ ခုနှစ်ကတည်းက)
🦆 H7N9 (၂၀၁၃ ခုနှစ်ကတည်းက)
🦆 H5N6 (၂၀၁၄ ခုနှစ်ကတည်းက)
🦆 H5N8 (၂၀၁၆ ခုနှစ်ကတည်းက)

H5N1၊ H7N9 နှင့် H5N6 တို့သည် လူကို အလွယ်တကူ မကူးစက်နိုင်သော်လည်း၊ အများအားဖြင့် လူမှ လူသို့ ကူးစက်လေ့ မရှိသော်လည်း ကမ္ဘာတစ်ဝှမ်းတွင် လူအများအပြား ကူးစက်ခံရပြီး သေဆုံးမှုများစွာ ရှိစေခဲ့သည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ရုရှား၌ ပထမဆုံးအကြိမ်အဖြစ် လူအနည်းငယ်ကို H5N8 ရောဂါပိုး ကူးစက်ခဲ့ကြောင်း တွေ့ရှိခဲ့သည်။

🐔 လူသို့ ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်ခြင်း

ကြက်ငှက်တုပ်ကွေးရောဂါပိုးရှိသော ကြက်၊ ငှက်၊ ဘဲ တစ်ကောင်ကောင် (အသေဖြစ်စေ၊ သက်ရှိဖြစ်စေ) နှင့် အနီးကပ်ထိတွေ့ခြင်းဖြင့် လူသို့ ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်စေနိုင်ပါသည်။

ဥပမာအားဖြင့်
🐦 ရောဂါပိုးရှိသော ကြက်၊ ငှက်၊ ဘဲများကို ထိတွေ့ခြင်း။
🐦 အညစ်အကြေးများ သို့မဟုတ် ၎င်းတို့၏ ခြံနှင့် နေထိုင်ကျက်စားရာ နေရာအတွင်းမှ အရာဝတ္ထုပစ္စည်းများနှင့် ထိတွေ့ခြင်း။
🐦 ရောဂါပိုးရှိသော ကြက်၊ ငှက်၊ ဘဲများကို ချက်ပြုတ်ရန်အတွက် သတ်ဖြတ်ခြင်း သို့မဟုတ် ပြင်ဆင်ခြင်း။

ကြက်၊ ငှက်၊ ဘဲများကို အရှင်ရောင်းချကြသည့် ဈေးနေရာများသည် ကြက်ငှက်တုပ်ကွေးရောဂါ ပျံ့နှံ့နိုင်သည့် အရင်းအမြစ်နေရာတစ်ခု ဖြစ်နိုင်ပါသည်။ ကြက်ငှက်တုပ်ကွေး ဖြစ်ပွားထားသည့် ဒေသ/နိုင်ငံများသို့ ခရီးသွားမည်ဆိုပါက အဆိုပါဈေးများသို့ သွားရောက်လည်ပတ်ခြင်းကို ရှောင်ကြဉ်ပါ။

ကြက်ငှက်တုပ်ကွေးဖြစ်ပွားနေသည့် ဒေသများတွင် ဖြစ်စေကာမူ ကျက်အောင် သေချာစွာ ချက်ပြုတ်ထားသော အသား သို့မဟုတ် ဥများကို စားသုံးခြင်းဖြင့် ကြက်ငှက်တုပ်ကွေးရောဂါ မကူးစက်နိုင်ပါ။

🐔 ကြက်ငှက်တုပ်ကွေးရောဂါ ကာကွယ်ရန် လုပ်ဆောင်နိုင်သော အရာများ

ရောဂါဖြစ်ပွားနေသော ဒေသ/ နိုင်ငံတစ်ခုသို့ သွားရောက်လည်ပတ်မည် ဆိုပါက

✅ လက်ကို ဆပ်ပြာနှင့် ရေနွေးနွေးဖြင့် မကြာခဏဆေးကြောပါ။ (အထူးသဖြင့် အသားစိမ်းများနှင့် အစားအစာများကို မကိုင်တွယ်ခင်နှင့် ကိုင်တွယ်ပြီးချိန်)
✅ အသားစိမ်းများနှင့် ချက်ပြုတ်ပြီးသော အသားများကို ချက်ပြုတ်ရန် ပြင်ဆင်ရာတွင် မတူညီသော မီးဖိုချောင်ပစ္စည်းများကို အသုံးပြုပါ။
✅ အသားများကို ကျက်အောင် သေချာစွာ ချက်ပြုတ်ပါ။
✅ ကြက်၊ ငှက်၊ ဘဲ အရှင်များနှင့် ထိတွေ့ခြင်းကို ရှောင်ကြဉ်ပါ။

ရှောင်ကြဉ်ရမည့် အရာများ

❌ နာမကျန်းသော/ သေနေသော ကြက်၊ ငှက်၊ ဘဲများ သို့မဟုတ် ၎င်းတို့၏ အညစ်အကြေးများ၏ အနီးနားသို့ မသွားရ/ ၎င်းတို့ကို မထိကိုင်ရ။
❌ ကြက်၊ ငှက်၊ ဘဲ အရှင်ရောင်းချသော ဈေးများ သို့မဟုတ် မွေးမြူရေးခြံများသို့ မသွားရ။
❌ ကြက်၊ ငှက်၊ ဘဲ အရှင်များ သို့မဟုတ် အမွေးအတောင်များကို မသယ်ဆောင်ရ။
❌ ကြက်၊ ငှက်၊ ဘဲ အသားအစိမ်းများ သို့မဟုတ် ကျက်အောင် မချက်ထားသော အသားများကို မစားရ။
❌ ကြက်ဥ၊ ဘဲဥ အစိမ်းများကို မစားရ။

ကြက်ငှက်တုပ်ကွေးရောဂါအတွက် ကာကွယ်ဆေး မရှိပါ။

ရာသီတုပ်ကွေးရောဂါ ကာကွယ်ဆေးသည် ကြက်ငှက်တုပ်ကွေးရောဂါကို မကာကွယ်နိုင်ပါ။

🐔 ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားသူများတွင် တွေ့ရတတ်သော ရောဂါလက္ခဏာများ

ကြက်ငှက်တုပ်ကွေး၏ အဓိကရောဂါလက္ခဏာများမှာ အလွန်လျင်မြန်စွာ ပေါ်လာနိုင်ပြီး ၎င်းလက္ခဏာများတွင်

🤒 အဖျား အလွန်ကြီးခြင်း သို့မဟုတ် ကိုယ်ပူခြင်း သို့မဟုတ် ချမ်းတုန်၍ ဖျားခြင်း
🤒 ကြွက်သားများ နာကျင်ကိုက်ခဲခြင်း
🤒 ခေါင်းကိုက်ခြင်း
🤒 ချောင်းဆိုးခြင်း သို့မဟုတ် အသက်ရှုကျပ်၍ မောခြင်း တို့ ပါဝင်ပါသည်။

အခြားသော အစောပိုင်းလက္ခဏာများ အနေဖြင့်

🤒 ဝမ်းလျှောခြင်း
🤒 မအီမသာဖြစ်ခြင်း
🤒 ဗိုက်အောင့်ခြင်း
🤒 ရင်ဘတ်အောင့်ခြင်း
🤒 နှာခေါင်းသွေးလျှံခြင်း နှင့် သွားဖုံးသွေးယိုခြင်း
🤒 မျက်စိနာခြင်းတို့ ဖြစ်နိုင်ပါသည်။

ရောဂါပိုးကူးစက်ခံရပြီးနောက် ပထမဆုံး ရောဂါလက္ခဏာများ ပေါ်ပေါက်လာရန် ပုံမှန်အားဖြင့် (၃) ရက်မှ (၅) ရက်အထိ ကြာတတ်ပါသည်။

ရောဂါလက္ခဏာများ ပေါ်ပေါက်လာပြီး ရက်ပိုင်းအတွင်း အဆုတ်ရောင်ခြင်းနှင့် ပြင်းထန်သည့် ရုတ်တရက် အသက်ရှူရခက်ခဲခြင်း ရောဂါလက္ခဏာစု တို့ကဲ့သို့ ပိုမိုပြင်းထန်သော နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လာနိုင်သည်။

လျင်မြန်စွာ ကုသမှုခံယူခြင်း၊ ဗိုင်းရပ်စ်ပိုးသတ်ဆေးများ အသုံးပြုခြင်းအားဖြင့် နောက်ဆက်တွဲပြဿနာများကို ကာကွယ်နိုင်ပြီး ပြင်းထန်သော နာမကျန်းမှု ဖြစ်ပွားနိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါသည်။

🐔 မည်သည့်အချိန်တွင် ဆရာဝန်/ကျန်းမာရေးဝန်ထမ်းများနှင့် တိုင်ပင်ဆွေးနွေးရမည်နည်း?

အကယ်၍ လွန်ခဲ့သည့် (၁၀) ရက်အတွင်း ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားသည့် ဒေသသို့ သွားရောက်ခဲ့ဖူးပြီး ကြက်ငှက်တုပ်ကွေးရောဂါ လက္ခဏာများ စတင်ခံစားရလျှင် နီးစပ်ရာ ဆရာဝန်/ကျန်းမာရေးဝန်ထမ်းများနှင့် တိုင်ပင်ဆွေးနွေးပါ။ (ဥပမာ – တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်း https://facebook.com/telehealthmm)

အောက်ပါအကြောင်းအရာများ ကြုံတွေ့ရပါက ဆရာဝန်/ ကျန်းမာရေးဝန်ထမ်းကို အသိပေးပါ။

➡️ မကြာသေးမီ ကာလအတွင်း ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားနေသည့် ဒေသသို့ ခရီးထွက်ပြီး ကြက်၊ ငှက်၊ ဘဲများ (အရှင် သို့မဟုတ် အသေများ) နှင့် (၃) ပေအတွင်း နီးကပ်စွာ ရှိနေခဲ့ခြင်း၊
➡️ ပြင်းထန်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါရှိသူနှင့် နီးကပ်စွာ အတူရှိခဲ့ခြင်း (ထိတွေ့ခြင်း သို့မဟုတ် စကားပြောခဲ့ခြင်း)၊
➡️ ကပ်ရောဂါ ဖြစ်ပွားသည့် ဒေသမှ ပြန်လာခဲ့ပြီးနောက် ရုတ်တရက် သေဆုံးသွားသူ တစ်ဦးဦးနှင့် ထိတွေ့မှု ရှိခဲ့ခြင်း။

ကြက်ငှက်တုပ်ကွေးရောဂါကို အတည်ပြုရန် အောက်ပါစစ်ဆေးမှုများ ပြုလုပ်နိုင်ပါသည်။

🔬 နှာခေါင်းတို့ဖတ်နှင့် လည်ချောင်းတို့ဖတ် ယူ၍ ဗိုင်းရပ်စ်ပိုး ရှိမရှိ ဓာတ်ခွဲစစ်ဆေးခြင်း
🔬 ချောင်းဆိုးသည့် ချွဲသလိပ်ထဲတွင် ဗိုင်းရပ်စ်ပိုး ရှိမရှိ စစ်ဆေးခြင်း
စမ်းသပ်စစ်ဆေးမှုများ၏ အဖြေသည် ပုံမှန်ဖြစ်လျှင် ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်နိုင်ခြေ မရှိပါ။

🐔 ကြက်ငှက်တုပ်ကွေးရောဂါကို ကုသခြင်း

ကြက်ငှက်တုပ်ကွေးရောဂါ လက္ခဏာများ ခံစားနေရသည်ဟု ယူဆပါက အိမ်ထဲတွင်သာ နေထိုင်ရန် အကြံပြုလိုသည်။ သို့မဟုတ်ပါက ဆေးရုံတွင် အခြားလူနာများနှင့် သီးခြားခွဲခြားထားရှိ၍ ကုသမှုခံယူရမည် ဖြစ်သည်။

Oseltamivir (Tamiflu) သို့မဟုတ် Zanamivir (Relenza) ကဲ့သို့သော ဗိုင်းရပ်စ်ပိုးသတ်ဆေးများ ဖြင့်လည်း ကုသမှု ပေးနိုင်ပါသည်။ ဗိုင်းရပ်စ်ပိုးသတ်ဆေးများသည် ရောဂါ၏ ပြင်းထန်မှုကို လျှော့ချရန်၊ နောက်ဆက်တွဲပြဿနာများကို ကာကွယ်ရန်နှင့် အသက်ရှင်နိုင်ခြေကို တိုးတက်စေရန်အတွက် အထောက်အကူ ဖြစ်စေနိုင်ပါသည်။ ၎င်းဆေးများကို ရောဂါကူးစက်ခံထားရသော ကြက်၊ ငှက်၊ ဘဲများနှင့် အနီးကပ် ထိတွေ့ဖူးသူများ (သို့မဟုတ်) ရောဂါပိုးရှိသူများနှင့် ထိတွေ့ဖူးသူများ (ဥပမာ မိသားစုဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများ) အတွက်လည်း ပေးလေ့ရှိပါသည်။

🚨 ကြက်၊ ငှက်၊ ဘဲများတွင် ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားနေသည်ဟု သံသယရှိပါက သတင်းပို့ခြင်း

မွေးမြူရေးလုပ်ငန်းတွင် သို့မဟုတ် ကြက်၊ ငှက်၊ ဘဲများတွင် ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားနေသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ချက်ချင်းသတင်းပို့ပါ။

အထူးသဖြင့် ကြက်၊ ငှက်၊ ဘဲများ
⚠️ ရုတ်တရက် သေဆုံးခြင်း၊
⚠️ ဦးခေါင်း ရောင်ရမ်းခြင်း၊
⚠️ မျက်လုံးများ ပိတ်၍ အရည်ထွက်ခြင်းတို့ ဖြစ်ပွားနေပါက
ယင်းကြက်၊ ငှက်၊ ဘဲသည် ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားနေခြင်း ဖြစ်နိုင်ပါသည်။

တောရိုင်းငှက်များ၊ ဆောင်းခိုငှက်များ သေဆုံးမှုရှိပါကလည်း သတင်းပို့ပါ။

Sources:
1) https://www.cdc.gov/flu/avianflu/avian-in-humans.htm
2) https://www.nhs.uk/conditions/bird-flu/

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

nugmoh #flu #influenza #bird #avian #birdflu #avianflu #birdinfluenza #avianinfluenza #H5N1 #H7N9 #H5N6 #H5N8

Ministry of Health,

National Unity Government.

Published on: 25 February 2023
Last Updated: 25 February 2023