“Benefits of Dry January” (January 2024)

🤔 တစ်လလုံး အရက်ဘီယာ မသောက်ဘဲ နေနိုင်ပါ့မလား။

နေနိုင်သူတွေကတော့ Dry January မှာပါဝင်ရင်း အရက်ဘီယာတွေနဲ့ ဝေးရာမှာ နေကုန်ကြပါပြီ။ 🤗

❓Dry January ဆိုတာ

ဘာပွဲညာပွဲရှိလို့ သောက်လိုက်၊ နယူးရီးယားမှာ သောက်လိုက်နဲ့ တစ်နှစ်ပတ်လုံး အရက်ဘီယာတွေကို အကြောင်းအမျိုးမျိုးနဲ့ တောက်လျှောက်သောက်လာအပြီးမှာ နှစ်သစ်အစ ဇန်နဝါရီတစ်လမှာတော့ လုံးဝမသောက်ဘဲနေမယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်ရတဲ့ စိန်ခေါ်မှု (Challenge) တစ်ခု ဖြစ်ပါတယ်။

တစ်လလုံး မသောက်ဘဲနေရင်း “ငါ ဘာကြောင့် အရက်တွေ အများကြီးသောက်ဖြစ်ခဲ့တယ်၊ ကျန်းမာရေးကို ဘယ်လိုထိခိုက်လာတယ်၊ အခု မသောက်ဘဲနေလိုက်တဲ့အခါ ရုပ်ပိုင်းစိတ်ပိုင်း ဘာတွေကောင်းမွန်လာတယ်” ဆိုတာတွေကို သုံးသပ်ဖို့ပဲ ဖြစ်ပါတယ်။ အရက်ဘီယာဖြတ်မယ်လို့ တွေးထားသူတွေအတွက် အလွန်ကောင်းတဲ့ Challenge ဖြစ်သလို အသောက်အစားကင်းကင်း၊ စိတ်ကြည်ကြည်လင်လင် နေချင်သူတွေအတွက်လည်း လိုက်လုပ်သင့်ပါတယ်နော်။

တစ်လလေး အရက်မသောက်ဘဲ နေလိုက်ရုံနဲ့တော့ တစ်နှစ်လုံးသောက်စားပြီး ထိခိုက်လာသမျှ အုံဖွဆိုပြီး ပျောက်သွားမှာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဘယ်လိုကောင်းကျိုးတွေ ရလာနိုင်လဲဆိုတာ ပြောပြပေးချင်ပါတယ်။

၁။ အရက်နဲ့ကိုယ်၊ ကိုယ်နဲ့အရက် ဘယ်လိုသံသရာလည်နေလဲဆိုတာ သိလာခြင်း

အပေါင်းအသင်းတွေစုံလို့ သောက်လိုက်၊ စိတ်ညစ်လို့၊ ပျော်လို့ သောက်လိုက်ရာကနေ ခဏခဏသောက်ဖြစ်နေပြီး အရက်ဘီယာတွေက ကိုယ့်ကိုလွှမ်းမိုးသွားတဲ့အကြောင်း နားလည်လာပါလိမ့်မယ်။ တကယ့်တကယ် အရက်မသောက်ဘဲလည်း ကိုယ့်ဘဝကို အကောင်းဆုံးနေထိုင်နိုင်ကြောင်း၊ ဒီသံသရာထဲကနေ ရုန်းထွက်နိုင်ကြောင်း ခံစားရပါလိမ့်မယ်။

.

၂။ ပိုပြီး အိပ်ပျော်လာခြင်း

လေ့လာစမ်းသပ်မှုတွေအရ အရက်ဘီယာသောက်သုံးသူတွေဟာ obstructive sleep apnea လို့ခေါ်တဲ့ အိပ်နေစဉ် အသက်ရှူရပ်တဲ့ရောဂါတစ်မျိုး ဖြစ်နိုင်ခြေ (၂၅)% အထိ ပိုမိုများပြားပါတယ်။ ဒါက အယ်လ်ဇိုင်းမားရောဂါ၊ လေဖြတ်ခြင်းတို့နဲ့လည်း ဆက်စပ်နေပါသေးတယ်။

ရေတိုတွေးကြည့်ရင်တောင် အရက်သောက်တဲ့ညတွေမှာ ရင်ပူရင်ဆာဖြစ်ပြီး အိပ်မရကြတာ များပါတယ်နော်။ တစ်လလုံး မသောက်ဘဲနေလိုက်တဲ့အခါ R.E.M လို့ခေါ်တဲ့ နှစ်ခြိုက်စွာအိပ်ပျော်တဲ့အဆင့်ကို ခပ်မြန်မြန်လေး ရောက်နိုင်ပါတယ်။ အိပ်ရေးဝတဲ့အခါ နေ့စဉ်လုပ်ငန်းဆောင်တာတွေလည်း လုပ်ဆောင်ရ ပိုလွယ်ကူလျင်မြန်လာပါလိမ့်မယ်။

.

၃။ နှလုံးကျန်းမာရေး ကောင်းလာခြင်း

အရက်ဘီယာတွေက သွေးထဲမှာ အဆီတွေများစေပြီး နှလုံးထိခိုက်ခြင်းနဲ့ လေဖြတ်ခြင်းကို ဖြစ်စေပါတယ်။ မကောင်းတဲ့ ကိုလက်စထရောနဲ့ သွေးပေါင်ချိန်ကိုလည်း တက်စေတာကြောင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ ဖြစ်လာစေပါတယ်။ နည်းနည်းသောက်သောက်၊ များများသောက်သောက် ထိခိုက်စေတာကြောင့် တစ်လလုံးမသောက်ဘဲနေလိုက်ရင် နှလုံးကျန်းမာရေး သိသိသာသာကောင်းလာတာကို ခံစားရမှာပါ။

.

၄။ ခန္ဓာကိုယ် အဆီကျလှပလာခြင်း

အရက်ဘီယာတွေက လေးမျိုးလေးဖုံ လူကို အဝလွန်စေပါတယ်။ ပထမတစ်မျိုးကတော့ ခန္ဓာကိုယ်ထဲက အဆီချေဖျက်နှုန်းကို နှေးစေပြီး အဆီစုစေပါတယ်။ ဒုတိယအားဖြင့် ကယ်လိုရီမြင့်မားလို့ ဝစေပါတယ်။ တတိယနည်းကတော့ ဗိုက်ဆာစေပြီး အဆီပိုတက်စေတဲ့ အချိုတွေ၊ အငန်တွေကို တောင့်တစေတာပါ။ နောက်ဆုံးအနေနဲ့ အရက်သောက်တဲ့အခါ လေပွလာပြီး ဘီယာဗိုက်လို့ခေါ်တဲ့ ဗိုက်ပူပူလေးတွေ ဖြစ်လာပါတယ်။ ဒါကြောင့် တစ်လလောက် မသောက်ဘူးဆို ကိုယ်တွင်းဇီဝဖြစ်စဉ်လည်း ပုံမှန်ပြန်ဖြစ်လာပြီ ဗိုက်လည်းကျ၊ ခန္ဓာကိုယ်လည်း လှလာမှာပါ။

.

၅။ အသားအရေ ကြည်လင်လာခြင်း

အရက်ဘီယာတွေက အသားအရေရဲ့ရေဓာတ်နဲ့အစိုဓာတ်ကို ခမ်းခြောက်စေတာကြောင့် သောက်ပါများတဲ့အခါ အဆီတွေပြန်၊ ဖောင်းအစ်ပြီး ကြည့်ပျော်ရှုပျော် မရှိနိုင်ပါဘူး။ ဝက်ခြံနဲ့ အဆီဖုတွေလည်း ပိုထွက်လာနိုင်ပါတယ်။ မသောက်တဲ့အခါကျ အသားအရည်က သဘာဝအတိုင်း ကြည်ကြည်စိုစိုလေး ပြန်ဖြစ်လာနိုင်ပါတယ်။

.

၆။ ကိုယ်ခံအားကောင်းလာခြင်း

အရက်ဘီယာတွေ ဆက်တိုက်သောက်သုံးနေခြင်းက ကိုယ်ခံအားနဲ့သက်ဆိုင်တဲ့ ရောဂါတွေ၊ ကူးစက်လွယ်တဲ့ ရောဂါတွေ ဖြစ်နိုင်ခြေကို များပြားစေပါတယ်။ ခန္ဓာကိုယ်ရဲ့ အလိုအလျောက် ကုစားနိုင်စွမ်းနဲ့ ကိုယ်ခံစွမ်းအားတွေကို ကျစေပြီး အခုလိုဆောင်းရာသီဆို ပိုပြီးသိသာနိုင်ပါတယ်။ ရှာဖွေတွေ့ရှိချက်တွေအရ ကိုယ်ခံအားတက်နေချိန်မှာ အရက်ကိုသောက်မိရင် သောက်ပြီးငါးနာရီအတွင်းမှာကို ပြန်ကျသွားနိုင်ပါတယ်။ မသောက်ဘဲနေလိုက်ရင်တော့ ကိုယ်ခံအားတွေ ရှယ်ပလန်နဲ့ကို ပြန်တက်လာမှာပါ။ အာဟာရရှိတဲ့အစားအစာတွေ စားပေးဖို့လည်း လိုတာပေါ့နော်။

.

Dry January မှာပါဝင်ဖို့ တစ်ယောက်တည်း ခက်ခဲနေမယ်လို့ထင်ရင် မိသားစု၊ သူငယ်ချင်း၊ ချစ်သူနဲ့ ပတ်ဝန်းကျင်ရဲ့အကူအညီကို လိုအပ်သလိုယူပါ။ အတူတူပါဝင်ဖို့ ပြောဆိုတိုက်တွန်းပါ။ အိမ်မှာ အရက်ပုလင်းတွေ၊ ဘီယာတွေ လုံးဝ ဝယ်မထားပါနဲ့။ ဘား၊ကလပ်၊ ဘီယာဆိုင်တွေ သွားနေကျအချိန်မှာ အခြား လုပ်စရာရှိတာတွေ လုပ်ပါ။ သူငယ်ချင်းတွေက ချိန်းဆိုရင် ပြတ်ပြတ်သားသား ငြင်းဆန်ပါ။

ဘာတွေ လုံးဝမသောက်ဘဲ နေရမလဲ

ဝိုင်၊ ကော့တေး၊ ဂျင်၊ ရမ်၊ ဗော့ကာ၊ အရက်ဖြူ၊ ဆိုဂျူ၊ ဆိုက်ဒါ၊ ဘီယာ၊ ထန်းရည်၊ ခေါင်ရည်၊ ဝီစကီ၊ မိုရီတို…စသဖြင့် အယ်လ်ကိုဟောပါတာ ဘာဆိုဘာမှ မသောက်ရပါဘူး။

ဘာတွေ အစားထိုးသောက်ရမလဲ

ကော်ဖီ၊ လက်ဖက်ရည်၊ ရာသီပေါ် အသီးအနှံဖျော်ရည်၊ ရေနွေးကြမ်း သောက်လို့ရပါတယ်။ စိတ်လုံးဝမခိုင်သေးရင် ဂတ်စ်ပါတဲ့ အချိုရည်နည်းနည်း၊ Non- Alcohol ဘီယာတွေ သောက်နိုင်ပါတယ်။

ကောင်းမွန်တဲ့ အလေ့အကျင့်တစ်ခုကို မွေးမြူဖို့ (၂၁) ရက်ပဲ လိုပါတယ်တဲ့။ တစ်လလုံး အရက်ဘီယာမသောက်ဘဲ နေဖြစ်သွားတဲ့အခါ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကောင်းမွန်လာတဲ့ ကိုယ့်ကိုယ်ကိုယ်ပြန်ကြည့်ရင်း စိတ်ကျေနပ်မှုရရှိစေမှာပါ။

ဒါပေမယ့့် တစ်နေ့ကို (၃) ခွက်နဲ့အထက်၊ နှစ်ရှည်လများ သောက်လာခဲ့ရင် ရုတ်တရက် မ‌ သောက်ဘဲနေလိုက်တဲ့အတွက် အခန့်မသင့်ရင် အော့အန်ခြင်း၊ မူးဝေခြင်း၊ ခြေတုန်လက်တုန်ဖြစ်ခြင်း၊ ချွေးထွက်များခြင်း၊ ပျို့ခြင်းနဲ့ စိတ်ဓာတ်ကျခြင်းတွေဖြစ်နိုင်ပါတယ်။ ဒီလိုတွေခံစားရတဲ့အခါ အားမလျှော့လိုက်ပဲ နီးစပ်ရာဆေးခန်းကို အမြန်ဆုံးသွားရောက်ပြီး အကူအညီ ရယူနိုင်ပါတယ်။ တယ်လီကျန်းမာကလည်း ကူညီပေးဖို့ အဆင်သင့်ပါပဲ။

Reference : 📚

https://www.prevention.com/health/a46132208/dry-january-benefits/

.

——————————————–

.

👉 တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

Ministry of Health,
National Unity Government.

Published on: January 9, 2024
Last updated: January 9, 2024