” ဦးနှောက်နှင့်အာရုံကြောခွဲစိတ်အထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာခင်မောင်လွင်၏ ကိုယ်ရေးအကျဉ်း “

” ဦးနှောက်နှင့်အာရုံကြောခွဲစိတ်အထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာခင်မောင်လွင်၏ ကိုယ်ရေးအကျဉ်း “

ဒေါက်တာခင်မောင်လွင်သည် ၁၉၈၇ ခုနှစ်တွင် ရန်ကုန်ဆေးတက္ကသိုလ် (၁) မှ M.B,B.S ဘွဲ့ကို ရရှိခဲ့ပြီး ၊ ၁၉၈၉ ခုနှစ်တွင် တပ်မတော်ဆေးတပ်ဖွဲ့၌ ပြန်တမ်းဝင်ဆေးမှူး (ပစဆ-၁၄၇၃) အနေဖြင့် (၃) နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပါသည်။

ထို့နောက် ၁၉၉၂ခုနှစ်တွင် တပ်မတော်ဆေးတပ်ဖွဲ့မှထွက်ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဦးနှောက်နှင့်အာရုံကြောခွဲစိတ်အထူးကုဌာနတွင် လက်ထောက်ဆရာဝန်အဖြစ် အမှုထမ်းခဲ့ပါသည်။

၁၉၉၇ခုနှစ်တွင် ဆေးပညာမဟာသိပ္ပံ (ခွဲစိတ်ကုပညာ) ဘွဲ့ကို ဆေးတက္ကသိုလ်(၁)တွင် တက်ရောက်အောင်မြင်ခဲ့ပါသည်။

၂၀၀၀ခုနှစ်တွင် Royal College of Edinburgh မှ မြန်မာနိုင်ငံတွင် လာရောက်စစ်ဆေးသော F.R.C.S ဘွဲ့ကို ဝင်ရောက်ဖြေဆိုအောင်မြင်ခဲ့ပြီး ၊ ယင်းနှစ် မတ်လတွင် အထူးကုဆရာဝန် (ဦးနှောက်နှင့်အာရုံကြောခွဲစိတ်) အဖြစ် ရာထူးတိုးကာ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ပါသည်။

၂၀၀၅ခုနှစ်တွင် Dr.Med.Sc (Neurosurgery) ဘွဲ့ကို မန္တလေးဆေးတက္ကသိုလ်မှ ရရှိခဲ့ပြီး ၊ ၂၀၀၆ ခုနှစ်တွင် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၌ အထူးကုဆရာဝန်ကြီး (ဦးနှောက်နှင့်အာရုံကြောခွဲစိတ်အထူးကု) အဖြစ်ရာထူးတိုးမြှင့်ခံခဲ့ရပါသည်။

၂၀၀၈ခုနှစ်တွင် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၌ တွဲဖက်ပါမောက္ခ (ဦးနှောက်နှင့်အာရုံကြော ခွဲစိတ်အထူးကုဆရာဝန်ကြီး) အဖြစ်ရာထူးတိုးမြှင့်ခံခဲ့ရပြီး ၊ ၂၀၁၀ ခုနှစ်အရောက်တွင်မူ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၏ ပါမောက္ခ/ဌာနမှူး (ဦးနှောက်နှင့်အာရုံကြော ခွဲစိတ်အထူးကုဆရာဝန်ကြီး) အဖြစ် ထပ်မံရာထူးတိုးမြှင့်ခံခဲ့ရပါသည်။

၂၀၁၃ခုနှစ်တွင် ပြည်သူ့ကျန်းမာရေးတက္ကသိုလ် (ရန်ကုန်) မှ Dip.Med.Ed ဘွဲ့ကို ရရှိခဲ့ပြီး ၊ ၂၀၁၅ခုနှစ်တွင် ဆေးတက္ကသိုလ်(မန္တလေး)တွင် ပါမောက္ခချုပ်ရာထူးဖြင့် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ပါသည်။

COVID-19 ကာလတွင် မန္တလေးတိုင်းအတွင်းရှိ ကိုဗစ်ကာကွယ်ကုသတိုက်ဖျက်ရေးလုပ်ငန်းများတွင် ဆေးတက္ကသိုလ် (မန္တလေး) မှ အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်ခဲ့ပါသည်။ ဧရာဝတီဖောင်ဒေးရှင်း၏ ကိုဗစ်ကုသရေးစင်တာတွင်လည်း တာဝန်ခံဆရာဝန်ကြီးအဖြစ် ဝင်ရောက်ပါဝင်ထမ်းဆောင်ပေးခဲ့ပါသည်။

၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် အကြမ်းဖက်စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖေဖော်ဝါရီလ (၈) ရက်နေ့တွင် ဆေးတက္ကသိုလ် (မန္တလေး) အား CDM တက္ကသိုလ်အဖြစ်ကြေညာပြီး ကျောင်းရှေ့ဝင်းတံခါးတွင် ဗီနိုင်းဖြင့် ချိတ်ဆွဲထားခဲ့ပါသည်။

ဖေဖော်ဝါရီလ (၁၁) ရက် ည (၁) နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပါမောက္ခချုပ်နေအိမ်ခြံဝင်းအတွင်းသို့ ခြံစည်းရိုးကျော်ခွဝင်ရောက်လာပြီး စစ်ဆေးမေးမြန်းရန် လာရောက်ခေါ်ဆောင်ခဲ့သော်လည်း ဇနီးနှင့် သမီး (၂) ဦးတို့၏ အကူအညီဖြင့်လည်းကောင်း၊ ဆေးတက္ကသိုလ် (မန္တလေး) မှ ဆရာ၊ ဆရာမများ ၊ မိသားစုများ၊ ဝန်ထမ်းမိသားစုများ၏ ကူညီစောင့်ရှောက်မှုဖြင့်လည်းကောင်း ခေါ်ဆောင်သွားခြင်း မခံခဲ့ရပါ။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁၁) ရက်ညမှစ၍ ဆေးတက္ကသိုလ် (မန္တလေး) မှ ရှောင်တိမ်းခဲ့ပါသည်။

ယခုအခါတွင် လွတ်မြောက်နယ်မြေတစ်ခုသို့ရောက်ရှိနေပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၏ တာဝန်များကို ထမ်းဆောင်ရင်း တော်လှန်ရေးကြီးအောင်မြင်အောင် အဖက်ဖက်မှ ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။

Nway Oo Clinic

Ministry of Health,

National Unity Government.

Published on: 13 August 2022
Last Updated: 13 August 2022