” အလုပ်ခွင်တွင် အနိုင်ကျင့်ခံရခြင်း ( Bullying In Workplace) “
အလုပ်ခွင်မှာ အနိုင်ကျင့်ခံရခြင်းဆိုတာ….
လုပ်သားတစ်ယောက်ရဲ့ အကျိုးခံစားခွင့်တွေ၊ အခွင့်အရေးတွေ၊ ရသင့်ရထိုက်တာတွေမရဘဲ လက်ခံနိုင်ဖွယ်ရာမရှိတဲ့ နည်းအမျိုးမျိုးနဲ့ အဆင်မပြတ် အနိုင်ကျင့်ခံရတာကို ခေါ်ပါတယ်။
မိမိရဲ့ရာထူး ပါဝါကိုသုံးပြီး လက်အောက်ခံ လုပ်သားတစ်ယောက်ကို ကြောက်လန့်အောင် ခြိမ်းခြောက်တာ၊ အန္တရာယ်ရှိအောင်ပြုလုပ်တာ၊ အထီးကျန်ပြီး စိတ်အားငယ်အောင် ပြုလုပ်တာ၊ စိတ်ဒဏ်ရာရအောင်ပြုလုပ်တာ၊ တန်ဖိုးလျော့အောင်ပြုလုပ်တာ၊ မိမိကိုယ်ကို ယုံကြည်ချက်မဲ့အောင် ပြုလုပ်တာ တွေပါပါတယ်။
.
.
အနိုင်ကျင့်ခံရတယ်ဆိုတာ အလုပ်ခွင်အပြင် ဘယ်နေရာတွေမှာ ဖြစ်တတ်သေးလဲ ?
အနိုင်ကျင့်ခံရတာဟာ နေရာမရွေးအချိန်မရွေးဘဲ တစ်ခါတစ်လေ အနိုင်ကျင့်ခံရမှန်းမသိတဲ့အထိ ဖြစ်နိုင်ပါတယ်။
ကလေးအရွယ်မှာဆိုရင် ကျောင်းတွင်း သက်တူရွယ်တူတွေက အနိုင်ကျင့်မှုတွေရှိနိုင်သလို အတန်းကြီးတဲ့သူတွေကလည်း အနိုင်ကျင့်မှုတွေရှိနိုင်ပါတယ်။
အလုပ်မှာဆိုရင် အလုပ်ခွင်ရှိ လုပ်ဖော်ကိုင်ဖက် က အနိုင်ကျင့်တာ၊ ရာထူးကြီးတဲ့ မန်နေဂျာကလည်း အနိုင်ကျင့်တာမျိုးသာမက ဝယ်တဲ့သူဘက်ကလည်း အနိုင်ကျင့်ခံရတာတွေ ရှိလာနိုင်ပါတယ်။
အိမ်တွင်းအကြမ်းဖက်ပြီး အနိုင်ကျင့်တာတွေရှိသလို အဆောင်မှာနေပါကလည်း အဆောင်နေသူ အချင်းချင်း အနိုင်ကျင့်တာ၊ အဆောင်ပိုင်ရှင်က အနိုင်ကျင့်တာတွေရှိလာနိုင်ပါတယ်။
.
.
ဘယ်သူတွေက အနိုင်ကျင့်ခံရနိုင်လဲ ?
အထူးသဖြင့် ရိုးသားတဲ့သူ၊ တိတ်တိတ်ဆိတ်ဆိတ် နေတတ်တဲ့သူ၊ မွေးရာပါ ချို့ယွင်းချက်ပါတဲ့သူတွေမှာ အနိုင်ကျင့်ခံရဖို့ ရာခိုင်နှုန်း များပါတယ်။
.
.
အနိုင်ကျင့်ခံရတာ များလာရင် နောက်ပိုင်းဘာတွေဖြစ်လာနိုင်သလဲ ?
အလုပ်အပေါ် အာရုံစူးစိုက်တာတွေ နည်းလာမယ်
ခေါင်းခဏခဏ ကိုက်တာမျိုး ခံစားရမယ်
တစ်ခုခုဆိုလျှင် စိုးရိမ်စိတ် အရမ်းများလာပြီး စိတ်ဓာတ်ကျလွယ် ၊ မျက်ရည်ကျလွယ်တာတွေ ဖြစ်လာမယ်။
ညဘက် အိပ်ချိန် မမှန်တော့တာ၊ အိပ်မပျော်တော့တာတွေလည်း ဖြစ်လာတတ်ပါတယ်။
ဒါ့အပြင် မိမိကိုယ်ကို မလုံခြုံတော့ဘူးလို့ ခံစားလာရတာမျိုးနဲ့ မိမိကိုယ်ကို ယုံကြည်မှုအားနည်းလာတာတွေအထိ ဖြစ်လာနိုင်ပါတယ်။
အလုပ်ခွင်မှာလည်း လုပ်ဆောင်နိုင်မှု စွမ်းရည်ကျဆင်းလာတာတွေ ခံစားရလာနိုင်ပါတယ်။
.
.
အဲ့လိုတွေဖြစ်လာရင် ဘာဆက်လုပ်ကြမလဲ ?
လူတစ်ဦးတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ ကိုယ်ပိုင် အခွင့်အရေးရှိတယ်ဆိုတာ ပထမဦးဆုံးအနေနဲ့ စိတ်ထဲထည့်ထားစေလိုပါတယ်။
ကိုယ်ဘာတွေဖြစ်နေလဲဆိုတဲ့ အဖြစ်အပျက်တွေကို ကိုယ်ယုံကြည်ရတဲ့ သူငယ်ချင်းကိုဖြစ်ဖြစ်၊ ယုံကြည်ရတဲ့ လုပ်ဖော်ကိုင်ဖက်ကိုဖြစ်ဖြစ်၊ ကိုယ့်မိသားစုကိုဖြစ်ဖြစ် ရင်ဖွင့်ပါ။
အပေါ်ကလက္ခဏာတွေ ခံစားနေရရင် ဆရာဝန်တစ်ဦးဦး (ဒါမှမဟုတ်) အလုပ်ခွင်မှာရှိတဲ့ ကျန်းမာရေး ဝန်ထမ်းတစ်ယောက်ယောက်ဆီမှာ စောစောပြသပါ။
သက်ဆိုင်ရာ ဝန်ကြီးဌာနများကို အကြောင်းကြားပြီး မိမိခံစားနေတဲ့ အခြေအနေတွေကိုတင်ပြဖို့ တိုက်တွန်းပါရစေ။
.
လူတစ်ဦးနဲ့တစ်ဦး ကြီးနိုင်ငယ်ညှဥ်း မပြုလုပ်ကြဘဲ တစ်ယောက်နဲ့တစ်ယောက် အချင်းချင်းရိုင်းပင်းကူညီကြခြင်းဖြင့် ပျော်ရွှင်ဖွယ်ရာနေ့ရက်များကို ပိုင်ဆိုင်နိုင်ပါစေကြောင်းဆုတောင်းလျက်…..
Reference
– Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp. ( page 236 )
Ministry of Health,
National Unity Government.

Published on: 9 January 2023
Last Updated: 9 January 2023