Cancer (ကင်ဆာဆိုတဲ့ စကားနှစ်လုံး) (October, 2022)

ကင်ဆာဆိုတဲ့ စကားနှစ်လုံး

ကင်ဆာဆိုတာကြားတာနဲ့ လူနာကလည်း ကြောက်သလို၊ မိသားစု၀င်တွေကလည်း လက်မခံချင်ကြပါဘူး။ နောက်ဆုံးအချိန်အထိ မဖြစ်ဖို့ ဆုတောင်းကြတယ်။ ဒီကင်ဆာရောဂါအကြောင်းကို တစေ့တစောင်းနားလည်စေဖို့ တင်ပြဆွေးနွေး လိုက်ရပါတယ်။

💢အရေးကြီးသော၊ သိစေချင်သော အချက်များ

(၁) ကင်ဆာရောဂါဟာ ကမ္ဘာမှာ သေဆုံးရတဲ့ ထိပ်တန်း အကြောင်းရင်းထဲမှာ ပါပါတယ်။ ၂၀၂၀ မှာ ကင်ဆာကြောင့် လူပေါင်း ၁၀ သန်းအသက်ဆုံးရှုံးခဲ့ရပါတယ်။ တနည်း မြင်လွယ်အောင်ပြောရရင် လူခြောက်ယောက် ဆုံးရင် တစ်ယောက်က ကင်ဆာကြောင့်ပါ။

(၂) အဖြစ်များတဲ့ ကင်ဆာရောဂါတွေကတော့ ရင်သားကင်ဆာ၊ အဆုတ်ကင်ဆာ၊ အူမကြီးကင်ဆာနဲ့ ဆီးကျိတ် ကင်ဆာတို့ပဲ ဖြစ်ပါတယ်။

(၃) ကင်ဆာကြောင့် အသက်ဆုံးရှုံးရတဲ့ အကြောင်းရင်းရဲ့ ၁/၃ ကတော့ ဆေးလိပ်သောက်လို့၊ ၀လို့၊ အရက်သောက်လို့၊ အသီးအရွက် အစားနည်းလို့နဲ့ ကိုယ်လက်လှုပ်ရှားမှု နည်းလို့ ဖြစ်တဲ့ ကင်ဆာရောဂါတွေကြောင့်ဖြစ်ပါတယ်။

(၄) ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တဲ့ကင်ဆာ (ဥပမာ- human papilloma virus-သားအိမ်ခေါင်းကင်ဆာ, viral hepatitis-အသည်းကင်ဆာ) တွေက ဖွံ့ဖြိုးမှု နည်းသေးတဲ့ နိုင်ငံတွေရဲ့ ၃၀% သော ကင်ဆာ ရောဂါသည်တွေမှာ တွေ့ရပါတယ်။

(၅) ကင်ဆာ အများစုက စောစောသိပြီး ထိထိရောက်ရောက် ကုသမှုခံယူရင် ပျောက်ကင်းအောင် ကုသလို့ရပါတယ်။ 🌞

💢 ကင်ဆာဆိုတာ ဘာလဲ?

ကင်ဆာဆိုတာ ခန္ဓာကိုယ် မည်သည့်အစိတ်အပိုင်းမှာမဆို ဖြစ်နိုင်ပါတယ်။ သူ့သဘောက ပွားလွယ်၊ ကြီးလွယ်တယ်။ သူတို့ပုံမှန်ရှိနေကြနေရာကို ကျော်လွန်ပြီး ကြီးနိုင်၊ ပျံ့နိုင်တယ်။ အနီးအနားက အစိတ်အပိုင်းတွေကိုလည်း တွယ်နိုင်သလို၊ အဝေးကအင်္ဂါတွေကိုလည်း ရောက်နိုင်တယ်။ တစ်ဆင့်ပျံ့နေရင်တော့ နောက်ကျတဲ့အဆင့်ဖြစ်နေတာကြောင့် အသက်အန္တရာယ်ရှိပါတယ်။

💢 ကင်ဆာရောဂါ ပြဿနာ

👉၂၀၂၀ ခုနှစ်စစ်တမ်းအရ အဖြစ်အများဆုံးသောကင်ဆာတွေကတော့

– ရင်သားကင်ဆာ (Carcinoma Breast)

– အဆုတ်ကင်ဆာ (Carcinoma Lung)

– အူမကြီးကင်ဆာ (Colon and rectum cancer)

– ဆီးကျိတ်ကင်ဆာ (Carcinoma Prostate)

– အရေပြားကင်ဆာ (Skin cancer)

– အစာအိမ်ကင်ဆာ (Carcinoma stomach) တို့ ဖြစ်ကြပြီး

👉၂၀၂၀ ခုနှစ်စစ်တမ်းအရ သေဆုံးမှုအများဆုံးသောကင်ဆာတွေကတော့

– အဆုတ်ကင်ဆာ (Carcinoma Lung)

– အူမကြီးကင်ဆာ (Colon and rectum cancer)

– အသည်းကင်ဆာ (Hepatocellular carcinoma)

– အစာအိမ်ကင်ဆာ (Carcinoma stomach)

– ရင်သားကင်ဆာ (Carcinoma Breast) တို့ ဖြစ်ကြပါတယ်။

နှစ်စဉ် ကလေးငယ် ၄၀၀,၀၀၀ (လေးသိန်း)လောက်ဟာ ကင်ဆာရောဂါခံစားနေရပါတယ်။ အဖြစ်များတဲ့ ကင်ဆာတွေကတော့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံမတူဘဲ ကွဲပြားတတ်ပြီး သားအိမ်ခေါင်းကင်ဆာကတော့ နိုင်ငံပေါင်း ( ၂၃)နိုင်ငံမှာ အဖြစ်အများဆုံးဖြစ်ပါတယ်။

💢 ဘာကြောင့်ကင်ဆာဖြစ်စေတာလဲ?

ကင်ဆာဆိုတာ ပုံမှန်ဆဲလ်တွေကနေပဲ အဆင့်ဆင့်ပြောင်းလဲပြီး ကင်ဆာ မဖြစ်ခင်အဆင့် ပြီးတော့ ကင်ဆာဆဲလ် စသဖြင့်ကူးပြောင်းသွားတာပါ။ ဘာလို့ပြောင်းလဲသွားလဲဆိုတော့ လူရဲ့မျိုးရိုးဗီဇနဲ့ ပြင်ပ အကြောင်းအရာတွေကြောင့်ပါ။

ဥပမာ-

– ခရမ်းလွန်ရောင်ခြည် (UV rays)နဲ့ ဓာတ်ရောင်ခြည်(Ironizing radiation)

– မီးခံကျောက်ဂွမ်း (asbestos)၊ ဆေးရွက်ကြီးနဲ့ဆေးလိပ်(tobacco smoke)၊ အရက်(alcohol)၊ ငရုတ်သီးမှို(aflatoxin)၊ အာဆင်းနစ်(arsenic)

-အချို့သော ဗိုင်းရပ်စ်(virus)၊ ဘက်တီးရီးယား(bacteria) နဲ့ ပါရာဆိုက်များ(parasites)

ကင်ဆာက အသက်ကြီးလာတာနဲ့အမျှတော့ ဖြစ်နိုင်ချေပိုများလာပါတယ်။ ဖြစ်စေတဲ့အကြောင်းရင်းရှိမှုတွေ ပိုများလာတာရယ် အသက်ကြီးတဲ့အချိန်မှာ ဆဲလ်တွေပျက်စီးပြီး ပြန်ပြုပြင်တာက သိပ်မထိရောက်တာရယ် ပေါင်းစုသွားတာလည်း ပါပါတယ်။

ကင်ဆာဖြစ်စေနိုင်သော အန္တရာယ်များ/အကြောင်းရင်းများကတော့အပေါ်မှာပြောခဲ့တဲ့ ပြင်ပအကြောင်းအရာတွေပါပဲ။

💢 ကင်ဆာမဖြစ်အောင် ကာကွယ်လို့ရပါလား? ဖြစ်ရင် ပျောက်အောင်ကုလို့ရလား?

ကင်ဆာရောဂါတွေရဲ့ ၃၀-၅၀% ဟာ လက်ရှိအနေအထားမှာ ကင်ဆာဖြစ်စေနိုင်သော အန္တရာယ်များ/အကြောင်းရင်းတွေကို ရှောင်ကြဉ်မယ်၊ သက်သေခိုင်လုံတဲ့ ကာကွယ်ရေးနည်းလမ်းတွေကိုကျင့်သုံးမယ်ဆို ကင်ဆာမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ကင်ဆာရောဂါအများစုဟာ စောစောစီးစီးသိမယ်၊ ထိရောက်တဲ့ကုသမှုကို ခံယူမယ်ဆိုရင် ပျောက်ကင်းအောင်ကုသနိုင်ပါတယ်။

💢 ကင်ဆာကို မဖြစ်အောင် ဘယ်လိုကာကွယ်နိုင်ပါသလဲ?

– ဆေးလိပ်မသောက်ပါနဲ့။ ဆေးရွက်ကြီး မသုံးပါနဲ့။

– ကျန်းမာရေးနဲ့ညီညွတ်မျှတတဲ့ ကိုယ်အလေးချိန်မှာပဲ ထိန်းထားပါ

– ကျန်းမာရေးနဲ့ညီညွတ်မျှတအောင်စားပါ။ အသီးအရွက်၊ သစ်သီး။

– ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ပါ။

– အရက်လုံး၀မသောက်ပါနဲ့ (သို့) လျော့သောက်ပါ။

– အသည်းရောင်အသားဝါ ဘီပိုး(HBV}နဲ့ Human papilloma virus (HPV) အတွက် ကာကွယ်ဆေး ထိုးသင့်တဲ့ လူမျိုးဆို ထိုးပါ။

– UV raysထိခြင်း (ဥပမာ-နေရောင်လောင်ခြင်း၊ အသားညိုအောင်လုပ်သော ပစ္စည်းများ)ကိုရှောင်ပါ။ UV raysကာကွယ်သော အကာအကွယ်များသုံးပါ။

– ကျန်းမာရေးစောင့်ရှောက်မှုတွင် ဓါတ်ရောင်ခြည်ကို စိတ်ချရ သင့်တော်လိုအပ်မှသာအသုံးပြုရန်။

– ဓါတ်ရောင်ခြည်ထိတွေ့မှုကို အတတ်နိုင်ဆုံး လျော့ချရန်။

– အိမ်၊ ကျောင်းနှင့် လုပ်ငန်းခွင်အတွင်းနှင့် ပြင်ပ လေထုညစ်ညမ်းမှုကို လျော့ချရန် စသည်တို့ကို လုပ်ဆောင်နိုင်ပါတယ်။

💢 ကင်ဆာရောဂါကို စောစောစီးစီးသိအောင် ဘယ်လိုလုပ်လို့ရပါလဲ၊ ဘာတွေအကျိုးရှိပါလဲ?

စောသိရင် ကုထုံးကို တုန့်ပြန်မှု ပိုကောင်းပါတယ်၊ လူနာ ခံစားရမှုသက်သာပြီး အသက်ရှင်နှုန်း များပါတယ်။ ကုသမှု ကုန်ကျစရိတ်လည်း သက်သာပါတယ်။ ကုသမှုနှောင့်နှေးခြင်း မဖြစ်ပါစေနဲ့။

ရောဂါကို စောသိဖို့ကတော့

– ရောဂါလက္ခဏာ/မူမမှန်တဲ့ဝေဒနာကို စောစောသတိထားမိပြီး ဆရာ၀န်နဲ့ပြသတာ။

– ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်တာ။

– ကုသမှုပေးနိုင်တဲ့ဆီကို အချိန်မှီလွှဲပြောင်းပေးခြင်းပါ။

နောက်တခုကတော့ ရောဂါကို စောသိဖို့အတွက် Screening -အဖြစ်များတဲ့ကင်ဆာရောဂါတွေ ရှိမရှိ ပုံမှန်လူတွေ လက်ခံနိုင်တဲ့နည်းစနစ်တွေနဲ့ စစ်ဆေးခြင်းဖြစ်ပါတယ်။ Screening program တွေက အဓိကကတော့ ဖြစ်လေ့ရှိတဲ့အသက်အရွယ်နဲ့ ဖြစ်စေနိုင်တဲ့အကြောင်းရှိတဲ့သူတွေမှာ ‌အခြေခံပြီး ပြုလုပ်တာပါ။

ဥပမာ- သားအိမ်ခေါင်းကင်ဆာရှိမရှိကို HPV testစစ်ပြီး ရှာခြင်း။

အသက် ၅၀-၆၀ အရွယ်အမျိုးသမီးတွေမှာ ရင်သားကင်ဆာရှိမရှိ ရင်သားဓါတ်မှန် (mammogram)ရိုက်ခြင်းတို့ဖြစ်ပါတယ်။

💢 ကင်ဆာဖြစ်လာရင် ဘယ်လိုကုသရမလဲ?

ကုသဖို့အတွက် မှန်ကန်တဲ့ အဖြေထွက်ပြီဆိုရင် ကင်ဆာရောဂါတစ်ခုချင်းစီအတွက် သက်ဆိုင်ရာ ကုထုံးတွေရှိပြီးသားဖြစ်ပါတယ်။ ကုထုံးတွေကတော့-ခွဲစိတ်ခြင်း၊ ဓာတ်ကင်ခြင်း၊ ကင်ဆာဆေးသွင်းခြင်း၊ ဟော်မုန်းဆေးတိုက်ခြင်းစသည်တို့ပါ၀င်ပါတယ်။

ကုသခြင်းရဲ့အဓိကရည်ရွယ်ချက်ကတော့ ကင်ဆာကို ကုသပြီးသက်တမ်းရှည် နေနိုင်စေဖို့ပဲဖြစ်ပါတယ်။ လူနာရဲ့ လူနေမှုဘ၀ (Quality of life) ကလည်း အရေးကြီးပါတယ်။ ဒါတွေ အဆင်ပြေဖို့ကတော့ လူနာကို ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ စိတ်ဝိဉာဉ် နေကောင်းဖို့စတာတွေ ဂရုစိုက်ပေးရမှာပါ။

အချို့သောအဖြစ်များတဲ့ကင်ဆာ -ဥပမာ-ရင်သား၊ သားအိမ်ခေါင်း၊ အူမကြီး ကင်ဆာတွေဟာ စောစောသိပြီးသေချာကုရင် ပျောက်နိုင်ချေများပါတယ်။

တချို့ကင်ဆာ ဥပမာ- ဝှေးစေ့ကင်ဆာ၊ ကလေးတွေမှာဖြစ်တဲ့ သွေးကင်ဆာနဲ့ Lymphoma တွေကလည်း ခန္ဓာကိုယ်ရဲ့ အခြားအစိတ်အပိုင်းကို ပျံ့နေရင်တောင် စနစ်တကျ သေချာကုရင် ပျောက်နိုင်ပါတယ်။

💢 ကင်ဆာ နောက်ကျမှသိရင်ရော ဘယ်လိုလုပ်ရမလဲ?

အဲလို အဆင့်မြင့်/နောက်ကျမှ သိတဲ့ကင်ဆာတွေဆိုရင်တော့ အပျောက်ကုလို့မရနိုင်တော့ပေမယ့် ခံစားနေရတဲ့ ဝေဒနာတွေ သက်သာအောင်၊ quality of lifeလေး ကောင်းအောင် ကုသပေးလို့ရပါတယ်။ လူနာအတွက်လည်း နေရသခိုက်အ‌ချိန်လေးမှာ သက်တောင့်သက်သာနေနိုင်အောင် ကူညီပေးတာဖြစ်ပြီး ရောဂါအဆင့်မြင့်တဲ့လူနာတွေအတွက် အရေးကြီးပါတယ်။

💢 အချုပ်ဆိုရရင် ကင်ဆာရောဂါကို

၁)မဖြစ်ခင် ကြိုတင်ကာကွယ်ပါ။ (Prevention)

၂)စောစောသိအောင်လုပ်ပါ။ (Early diagnosis)

၃)‌အချိန်မဆွဲပါနဲ့ ထိရောက်တဲ့ကုသမှုကို ခံယူပါ။ (Prompt treatment)လို့ ပြောကြားရင်း လူ့သက်တမ်းတွေရှည်လာနေတာမို့ ကင်ဆာကို နားလည်ဖို့ ရည်ရွယ်တင်ပြလိုက်ရပါတယ်။

Reference 📚
https://www.who.int/news-room/fact-sheets/detail/cancer

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

👉 တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဉ် မနက် ၈နာရီမှ ညနေ၁၀နာရီအထိ )

Ministry of Health,

National Unity Government.

 Published on: 31 October 2022
Last Updated: 31 October 2022