“Cardiac Tamponade” (July 2023)

“နှလုံးအမြှေးပါးအတွင်း သွေး/အရည်ဖုံးခြင်း (Cardiac Tamponade)”

ခန္ဓာကိုယ်အတွင်းမှာ နှလုံးကို pericardium လို့ ခေါ်တဲ့ နှလုံးအမြှေးပါးနဲ့ အိတ်သဖွယ် ဖုံးအုပ်ထားပါတယ်။ Pericardium မှာ အလွှာနှစ်ခုရှိပြီး၊ အလွှာနှစ်လွှာကြားမှာတော့ pericardial fluid လို့ခေါ်တဲ့ အရည်အနည်းငယ် ရှိပါတယ်။

Cardiac tamponade ဆိုတာ pericardium ထဲမှာ သွေး (သို့မဟုတ်) တခြားအရည်တွေ ပုံမှန်ထက်များစွာ ပိုစုပုံလာပြီး နှလုံးကို ဖိအားပေးလာတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒီလို ဖိအားများလာခြင်းက နှလုံးရဲ့ကျုံ့ခြင်း၊ ဆန့်ခြင်းကို အဟန့်အတားဖြစ်လာပြီး နှလုံးအခန်းတွေမှာ သွေး​ပြည့်ဖို့ အဟန့်အတား ဖြစ်စေပါတယ်။

နှလုံးအခန်းတွေထဲမှာ သွေးမပြည့်တဲ့အခါ ခန္ဓာကိုယ်အနှံ့ သွေးပို့လွှတ်မှုပမာဏ နည်းသွားပြီး သွေးဖိအား ကျသွားပါတယ်။ ဒီအခါ ခန္ဓာကိုယ်ကို သွေးများများပို့နိုင်ဖို့ နှလုံးခုန်နှုန်း မြန်လာပါတယ်။

တချို့သော ရောဂါတွေ၊ ကင်ဆာနဲ့ ဒဏ်ရာရတဲ့အခါမျိုးမှာ cardiac tamponade ဖြစ်တတ်ပါတယ်။ ဆေးမကုသဘဲထားရင် အသက်အန္တရာယ် ဖြစ်နိုင်တဲ့အတွက် အရေးပေါ်ဆေးကုဖို့လိုတဲ့ အခြေအနေမျိုးဖြစ်ပါတယ်။
..
..

🔹နှလုံးပြင်ပ အမြှေးပါးနှစ်ခုအတွင်း အရည်ဖုံးခြင်းဟာ Cardiac tamponade နဲ့ Pericardial effusion ဆိုပြီး ၂ မျိုးရှိပါတယ်။

Pericardium ထဲမှာ အရည်ပြည့်လာတာကို pericardial effusion လို့ ခေါ်ပါတယ်။ Effusion မှာ သွေး​ရော တခြားအရည်တွေရော ဖြစ်နိုင်ပါတယ်။ Effusion မှာ Tamponade လောက် မြန်မြန်ဆန်ဆန်မဖြစ်ဘဲ ​ဖြည်းဖြည်းချင်းဖြစ်တာကြောင့် အရည်ပြည့်ဖို့ နေရာပိုရှိပြီး အချိန်လည်းပိုရပါတယ်။ Pericardial effusion မှာ ဘာရောဂါလက္ခဏာမှ မပြတာလည်း ဖြစ်နိုင်ပါတယ်။

Cardiac tamponade မှာတော့ အရည်ဖိအားကြောင့် နှလုံးကောင်းကောင်း မခုန်နိုင်ပါ။ မြန်မြန်ကုသဖို့ ပိုလိုအပ်ပါတယ်။
..
..

🔹Cardiac tamponade မှာ ဘယ်လိုရောဂါလက္ခဏာတွေ ခံစားရလဲ

• Cardiac tamponade အချိန်တိုအတွင်းဖြစ်ရင် အောက်ပါ ရောဂါလက္ခဏာများ ခံစားရတတ်ပါတယ်။

– ရင်ဘတ်အောင့်ခြင်း
(လက်မောင်း၊ နောက်ကျော၊ လည်ပင်းနဲ့ ပခုံးတို့လည်း နာကျင်နိုင်ပါတယ်။ အသက်ပြင်းပြင်းရှူတဲ့အခါ၊ လှဲတဲ့အခါနဲ့ ချောင်းဆိုးတဲ့အခါ ပိုပြီးနာကျင်တတ်ပါတယ်။)

– အသက်ရှူရခက်ခြင်း (သို့မဟုတ်) အသက်ရှူမြန်ခြင်း

– ခေါင်းမူးခြင်း

– အရေပြားအ​ရောင်ပြောင်းခြင်း (အထူးသဖြင့် ဖြူဖပ်ဖြူရော်ဖြစ်ခြင်း၊ မီးခိုးရောင် (သို့မဟုတ်) အပြာရောင်သန်းခြင်း

– ရင်တုန်ခြင်း

– သွေးခုန်နှုန်းမြန်ခြင်း

– သတိမကောင်းခြင်း၊ ကယောင်ကတမ်း‌ဖြစ်ခြင်း
..

• Cardiac tamponade တဖြည်းဖြည်းနဲ့ဖြစ်ရင်တော့ အောက်ပါ ရောဂါလက္ခဏာများ ခံစားရတတ်ပါတယ်။

– အသက်ရှူ မဝခြင်း

– ဝမ်းဗိုက် (သို့မဟုတ်) ခြေထောက်များ ဖောရောင်ခြင်း

– မောပန်းနွမ်းနယ်ခြင်း

– ရင်ဘတ်အောင့်ခြင်း (ရှေ့ကို ကုန်းလိုက်တဲ့အခါ သို့မဟုတ် လှဲနေရာမှ ထိုင်လိုက်တဲ့အခါမှာ သက်သာတတ်ပါတယ်။)
..
..

🔹ဘယ်အကြောင်းအရာတွေက cardiac tamponade ဖြစ်စေလဲ

– ဒဏ်ရာရခြင်း (လဲကျခြင်း၊ ယာဥ်မတော်တဆဖြစ်ခြင်း၊ ဓားထိုးခံရခြင်း)

– နှလုံးသွေးလွှတ်ကြောမကြီးနံရံ စုတ်ပြဲခြင်း (aortic dissection)

– ပြင်းထန်သောကင်ဆာရောဂါ

– နှလုံးသွေးကြော ရုတ်တရက် ပိတ်ဆို့ခြင်း (heart attack)

– တီဘီရောဂါ (tuberculosis)

– နှလုံးကို ဖုံးအုပ်ထားသော အမြှေးပါးအိတ် (pericardium) ရောင်ရမ်းခြင်း

– အရေပြားလေးဖက်နာ (lupus) ၊ သွေးလေးဖက်နာ (rheumatoid arthritis) နဲ့ အရေပြားထူလေးဖက်နာ (scleroderma) လို ကိုယ်ခံအားစနစ်ကြောင့်ဖြစ်တဲ့ နာတာရှည်ရောဂါများ

– နှလုံး (သို့မဟုတ်) ကျောက်ကပ် ပျက်စီးသွားရင်

– Thyroid ဟော်မုန်း နည်းတဲ့အခါတွေမှာ ဖြစ်တတ်ပါတယ်။
..

🔹တစ်ခါတစ်ရံမှာ ဆေးပညာဆိုင်ရာ procedure တွေ လုပ်တဲ့အခါမှာလည်း cardiac tamponade ဖြစ်တတ်ပါတယ်။

ဥပမာ –

– နှလုံးနဲ့ နှလုံးအမြှေးပါးအိတ်အနားမှာလုပ်တဲ့ ခွဲစိတ်မှုတွေ

– နှလုံးနဲ့ နှလုံးသွေးကြောတွေမှာ ပြွန် (catheter) သုံးရတဲ့ procedure တွေ

– နှလုံး pacemaker ထည့်သွင်းတဲ့အခါ

– နှလုံးနဲ့ နှလုံးအမြှေးပါးအိတ်အနီးမှာ ဓာတ်ရောင်ခြည်ကုထုံး လုပ်ပြီးတဲ့အခါ
..
..

🔹Cardiac tamponade ရဲ့ နောက်ဆက်တွဲ အနေနဲ့ ဘာတွေဖြစ်တတ်လဲ

– နှလုံးကောင်းစွာ မညှစ်နိုင်တော့ခြင်းကြောင့် လွန်စွာသွေးပေါင်ကျဆင်းခြင်း (cardiogenic shock)

– နှလုံးအမောဖောက်ခြင်း (heart failure)

– အသက်သေဆုံးခြင်းအထိ ဖြစ်နိုင်ပါတယ်။
..
..

🔹Cardiac tamponade ရှိ/မရှိကို ဘယ်လိုသိရှိနိုင်သလဲ

လူနာကို စစ်ဆေးစမ်းသပ်အပြီး pericardial effusion နဲ့ cardiac tamponade ကို သံသယရှိတဲ့အခါ ရင်ဘတ်ဓာတ်မှန်ရိုက်တာ၊ နှလုံး ECG နဲ့ Echocardiogram တို့ပြုလုပ်ပြီး ရောဂါကို ရှာဖွေစမ်းသပ်နိုင်ပါတယ်။
..
..

🔹Cardiac tamponade ကို ဘယ်လို ကုသလဲ

နှလုံးအမြှေးပါးအိတ်အတွင်းရှိ သွေး/အရည်ပမာဏနဲ့ နှလုံးအပေါ် ဖိအားသက်ရောက်နေပြီလား ဆိုတဲ့အပေါ်မူတည်ပြီး စောင့်ကြည့်ကုသမှုပြုလုပ်ခြင်း (သို့) အမြှေးပါးအိတ်အတွင်းရှိ အရည်ကို စုပ်ထုတ်ခြင်း ပြုလုပ်နိုင်ပါတယ်။

နှလုံးအပေါ် ဖိအားသက်ရောက်နေပြီဖြစ်တဲ့ Cardiac tamponade အတွက်ဆိုရင်တော့ အချိန်မဆိုင်းဘဲ နှလုံးခွဲစိတ်ဆရာဝန်ထံလွှဲပြီး နှလုံးအိတ်အတွင်းမှ အရည်ကို စုပ်ထုတ်ခြင်း (pericardiocentesis) လုပ်ရပါတယ်။

မကြာခဏ ပြန်ပြန်ဖြစ်လေ့ရှိတဲ့ တချို့သော pericardial effusion/cardiac tamponade တွေမှာတော့ ခွဲခန်းထဲ၀င်ပြီး pericardiectomy လို့ခေါ်တဲ့ နှလုံးအမြှေးပါးကို အနည်းငယ်ဖြဲပြီး ပိုက်ထည့်တာမျိုး လုပ်ရပါတယ်။ ပြီးရင်တော့ ဖြစ်ရတဲ့ အကြောင်းအရင်းခံကို ‌ရှာဖွေကုသခြင်း လုပ်ရပါမယ်။
..

Reference: 📚
https :// my. clevelandclinic. org/health/diseases/21906-cardiac-tamponade

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉 တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(https://m.me/telehealthmm)

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ#Telekyanmar
#နှလုံးအမြှေးပါးအတွင်းအရည်ဖုံးခြင်း#Cardiac_Tamponade

Ministry of Health,
National Unity Government.

Published on: 27 July 2023
Last updated: 27 July 2023