သားအိမ်ခေါင်းကင်ဆာ ကြိုတင်ကာကွယ်ပါ ( April, 2022 )
===================================
သားအိမ်ခေါင်းကင်ဆာဟာ ၂၀၂၁ခုနှစ် စစ်တမ်းများအရ ကမ္ဘာပေါ်ရှိ အမျိုးသမီးများတွင် တတိယအဖြစ်အများဆုံးသော ကင်ဆာဖြစ်ပြီး ဖွံဖြိုးဆဲနိုင်ငံများတွင် အသေအပျောက်များသော ကင်ဆာများတွင်တစ်ခုအပါအ၀င်ဖြစ်ပါတယ်။
ဆိုရရင် အမျိုးသမီးအားလုံးဟာ သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ခြေရှိပါတယ်။ အသက်၃၀ကျော်လာရင် အဖြစ်ပိုများပါတယ်။
သားအိမ်ခေါင်းကင်ဆာ ဘာလို့ဖြစ်တာပါလဲ?
သားအိမ်ခေါင်းကင်ဆာဟာ Human Papilloma Virus (HPV) လို့ခေါ်တဲ့ virus တစ်မျိုး ကြာရှည်ရှိနေခြင်းကနေ ဖြစ်စေပါတယ်။ အဲဒီ virusဟာ လူတစ်ယောက်ကနေ တယောက်ကို လိင်ဆက်ဆံရာကနေ ကူးစက်နိုင်ပါတယ်။ လိင်ဆက်ဆံမှုများသူများရဲ့ တစ်၀က်လောက်မှာ ပိုးရှိတတ်ပြီး၊ အဲ့ထဲကမှ အမျိုးသမီးတချို့က သားအိမ်ခေါင်းကင်ဆာ ဖြစ်ပြီး၊ အမျိုးသားတွေမှာတော့ လိင်တံထိပ်မှာ ကင်ဆာဖြစ်ပါတယ်။
ဘယ်သူတွေမှာ ဖြစ်နိုင်ပါသလဲ?
ကိုယ်တိုင်က လိင်ဆက်ဆံမှုများရင်ဖြစ်စေ၊ လိင်ဆက်ဆံမှုများသော အဖော်နဲ့ ဆက်ဆံမိရင် ဖြစ်စေပိုး၀င်နိုင်ပါတယ်။ ထိုမှတစ်ဆင့် ပိုး၀င်တာ ကြာလာရင် သားအိမ်ခေါင်းကင်ဆာ ဖြစ်ပါမယ်။
ဒါဆို သားအိမ်ခေါင်းကင်ဆာကို မဖြစ်အောင် ကာကွယ်လို့ရပါသလား?
ရပါတယ်။ ခုခေတ်မှာ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးတွေရှိနေပါပြီ။ ကာကွယ်ဆေးရဲ့ ရလဒ်တွေကလည်းအရမ်းကောင်းပါတယ်။ကောင်းတာကတော့ ပိုးမ၀င်ခင်တည်းက ဆေးထိုးပြီး ကြိုတင်ကာကွယ်တာ အကောင်းဆုံးဖြစ်ပါတယ်။
ဘယ်သူတွေထိုးသင့်သလဲ?
“အသက် ၂၆အထိ အမျိုးသမီးတိုင်း ကာကွယ်ဆေးထိုးသင့်ပါတယ်”
ဒါကြောင့် အသက် (၁၁-၁၂)အရွယ်မှ စတင်ပြီး ပထမဆေးနှင့်ဒုတိယဆေးကို (၆-၁၂)လခြားပြီး နှစ်ကြိမ်ထိုးနှံသင့်ပါတယ်။
အသက်၁၅နှစ်နဲ့အထက်မှ စထိုးမယ်ဆိုရင်တော့ (၆)လခြားပြီး (၃)ကြိမ်ထိုးရန်လိုအပ်ပါတယ်။
၂၆နှစ်ကျော်သွားရင်တော့ လူတိုင်းထိုးလို့ အကျိုးရှိရန် မသေချာတော့ပါ။ ပိုး၀င်ထားပြီးသားဖြစ်ဖို့ များသောကြောင့်ပါ။
၂၆နှစ်နှင့် ၄၅နှစ်ကြားမှာ ကာကွယ်ဆေးထိုးမယ်ဆိုပါက ကာကွယ်ဆေးမထိုးခင် သားအိမ်ခေါင်းကင်ဆာရှိ/မရှိ အရင်စစ်ဆေးဖို့လိုအပ်ပါတယ်။
( Pap testအဖြေကောင်းပါက ကာကွယ်ဆေးထိုးနိုင်ပါတယ် )
*** နောက်ထပ် ငွေအကုန်အကျသက်သာသော ကာကွယ်နည်းတစ်ခုကတော့ လိင်ဆက်ဆံမယ်ဆို အကာအကွယ်ပစ္စည်း အသုံးပြုခြင်း(condom)ပဲဖြစ်ပါတယ်။ HPVတင်မက အသည်းရောင်အသားဝါ B ပိုး၊ C ပိုး၊ HIVပိုးများကိုပါ ကာကွယ်ပေးပါတယ် ***
ကာကွယ်ဆေးထိုးပြီးရင် ဆေးထိုးတဲ့နေရာမှာ အနည်းငယ်နာခြင်း၊ ရောင်ခြင်း၊ မူးခြင်း၊ ပျို့ချင်သလိုလိုဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်း စတဲ့ အနည်းငယ်မျှသော လက္ခဏာသာ ခံစားရနိုင်ပါတယ်။
သားအိမ်ခေါင်းကင်ဆာ ဖြစ်ရင်ရော ဘယ်လိုသိနိုင်ပါသလဲ?
အစောပိုင်းမှာတော့ လက္ခဏာ ပြမှာမဟုတ်ပါဘူး။ ရောဂါရင့်လာရင်တော့ သွေးဆင်းခြင်း(Bleeding per vagina)၊ အဖြူဆင်းခြင်း(vaginal discharge)တို့ဖြစ်လာနိုင်ပါတယ်။
Pap smear testလုပ်ခြင်းကသာလျှင်ရောဂါကို စောစီးစွာသိရှိပြီး သေချာကုသနိုင်မှာ ဖြစ်ပါတယ်။
ဒါကြောင့် သားအိမ်ခေါင်းကင်ဆာ ရှိ/မရှိ စောစောစီးစီးသိနိုင်ဖို့ screening test-Pap smear testကို အသက် ၂၁နှစ်မှ စပြီးဆရာ၀န်ညွှန်ကြားသည့်အတိုင်း ပုံမှန်စစ်ဆေးသင့်ပါတယ်။ စစ်ဆေးချက်အဖြေ ( normal )ပုံမှန်ဆိုပါက (၃)နှစ်နေမှ ပြန်စစ်ဖို့ လိုပါမယ်။
HPV ပိုးရှိ/မရှိ စစ်လို့ရပါကလည်း တစ်ခါတည်း စစ်သင့်ပါတယ်။ Pap testလည်းပုံမှန် ၊ HPVပိုးလည်း မရှိဘူးဆိုရင် ခု testတွေကို (၅)နှစ်ကြာမှ ပြန်စစ်နိုင်ပါတယ်။
သားအိမ်ခေါင်းကင်ဆာရောဂါကို စောစာသိပြီးကုသပါက ရလဒ်အင်မတန်ပင်ကောင်းမွန်ပါတယ်။
အလားတူ ကာကွယ်ခြင်းက ကုသခြင်းထက်ပိုထိရောက်ပါတယ်။
ထို့ကြောင့် ကာကွယ်နိုင်တဲ့အရွယ်မှာ ကာကွယ်ဆေးထိုးကာ ကြိုတင်ကာကွယ်ကြပြီး၊ မမှီသောသူများအနေဖြင့်လည်း စောစောသိရှိဖို့ screening testများကို ဆရာ၀န်ညွှန်ကြားထားသည့်အတိုင်း လိုက်နာဆောင်ရွက်ကြခြင်းဖြင့် အမျိုးသမီးထုကြီး၏ ကျန်းမာရေး အဆင့်အတန်းကို မြှင့်တင်နိုင်မှာ ဖြစ်ပါတယ်။
Reference: cdc.gov/cancer/cervical/basic_info/index.htm
NUG, MOH…တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ
တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းများ ပြသရန် ( နေ့စဥ် မနက် ၈နာရီမှ ညနေ၆နာရီအထိ )
ကြိုတင်ဘိုကင်ယူရန်( https://m.me/telehealthmm )
ချက်ချင်းဆေးခန်းပြရန် ( https://t.me/TelehealthMM )
လှူဒါန်းရန်-
https://moh.nugmyanmar.org/donate/
Ministry of Health,
National Unity Government.

Published on: 25 April 2022
Last Updated: 25 April 2022