❗ ရေကျောက်ရောဂါ (Chickenpox) (August 2022) ❗
ရေကျောက်ရောဂါ (Chickenpox) သည် ဗိုင်းရပ်စ်ပိုး (Varicella-zoster virus; VZV) ကြောင့် ဖြစ်ပွားပြီး ကူးစက်ပြန့်ပွားနှုန်းမြင့်မားသော ရောဂါ ဖြစ်ပါသည်။
ရေကျောက်ရောဂါသည် ခန္ဓာကိုယ်တွင် ယားယံသည့် အရည်ကြည်ဖုများ ဖြစ်စေပါသည်။ ၎င်းအရည်ကြည်ဖုများသည် ရင်ဘတ်၊ ကျောဘက်နှင့် မျက်နှာတို့တွင် စတင်ပေါ်ပေါက်လာပြီး ခန္ဓာကိုယ်နေရာအနှံ့အပြားသို့ ပျံ့နှံ့သွားပါသည်။ ယားယံသည့် အရည်ကြည်ဖု (၂၅၀) မှ (၅၀၀) ဖုအထိ ဖြစ်ပွားစေနိုင်ပါသည်။
ရေကျောက်ရောဂါသည် ကလေးငယ်များ၊ ဆယ်ကျော်သက်များ၊ အရွယ်ရောက်ပြီးသူများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ခန္ဓာကိုယ်ခုခံအား ကျဆင်းနေသူများတွင် ဖြစ်ပွားပါက ရောဂါပြင်းထန်နိုင်ပါသည်။
🔴 ရောဂါလက္ခဏာများ
ရေကျောက်ရောဂါ မဖြစ်ပွားဖူးသူ (သို့မဟုတ်) ရေကျောက်ရောဂါကာကွယ်ဆေး မထိုးနှံထားသူတိုင်းတွင် ရောဂါကူးစက်ဖြစ်ပွားနိုင်ပါသည်။ ရေကျောက်ရောဂါသည် များသောအားဖြင့် (၄) ရက်မှ (၇) ရက်ခန့် ကြာမြင့်တတ်ပါသည်။
ရေကျောက်ရောဂါ၏ ထင်ရှားသောရောဂါလက္ခဏာမှာ ခန္ဓာကိုယ်တွင် အနီကွက်များဖြစ်လာပြီး ထိုအကွက်များမှ ယားယံသော အရည်ကြည်ဖုများထလာကာ နောက်ဆုံးတွင် အနာဖေးများအဖြစ် ပြောင်းသွားပါသည်။ ရင်ဘတ်၊ ကျောဘက်နှင့် မျက်နှာများတွင် စတင်ဖြစ်ပေါ်လာတတ်ပြီး ပါးစပ်၊ မျက်ခွံနှင့် လိင်အင်္ဂါတစ်ဝိုက်အပါအဝင် ခန္ဓာကိုယ်နေရာအနှံ့အပြားသို့ ပြန့်ပွားသွားတတ်ပါသည်။ အရည်ကြည်ဖုများမှ အနာဖေးများအဖြစ်သို့ ပြောင်းရန်အတွက် အချိန်တစ်ပတ်ခန့် ကြာမြင့်တတ်ပါသည်။
အနီကွက်များ မပေါ်ပေါက်ခင် (၁) ရက်မှ (၂) ရက်အတွင်း ဖြစ်ပေါ်လာတတ်သော အခြားထင်ရှားသည့် လက္ခဏာများမှာ –
🤒 ဖျားခြင်း
🤒 မောပန်းခြင်း
🤒 အစာစားချင်စိတ် မရှိခြင်း
🤒 ခေါင်းကိုက်ခြင်း
🔴 နောက်ဆက်တွဲကျန်းမာရေးပြဿနာများ
ရေကျောက်ရောဂါကူးစက်ခံရပါက နောက်ဆက်တွဲကျန်းမာရေးပြဿနာများ ဖြစ်ပွားတတ်သော်လည်း မူလကျန်းမာရေးကောင်းသူ လူနာများတွင်မူ ဖြစ်ပွားလေ့ မရှိပါ။
ရေကျောက်ရောဂါ ပြင်းထန်စွာခံစားရနိုင်ခြေရှိသူများနှင့် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများ ခံစားရနိုင်ခြေများသူများမှာ –
⚠️ မွေးကင်းစကလေးငယ်များ
⚠️ ဆယ်ကျော်သက်များ
⚠️ အရွယ်ရောက်ပြီးသူများ
⚠️ ကိုယ်ဝန်ဆောင်မိခင်များ
⚠️ ခန္ဓာကိုယ်ခုခံအား ကျဆင်းနေသူများ (ဥပမာ – အိတ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ် ရောဂါလူနာများ၊ ကင်ဆာရောဂါလူနာများ)
⚠️ ခန္ဓာကိုယ်အစိတ်ပိုင်း အစားထိုးကုသထားသူများ
⚠️ ဓာတုကုထုံး ခံယူနေသူများ၊ ခန္ဓာကိုယ်ခုခံအားကို နှိမ့်ချပေးသောဆေးများကို သောက်သုံးနေရသူများ၊ စတီးရွိုက်ဆေး စွဲသောက်နေရသူများ
🔴 ပြင်းထန်သောနောက်ဆက်တွဲကျန်းမာရေးပြဿနာများ
⚠️ ကလေးများတွင် အရေပြားနှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများသို့ ဘက်တ်တီးရီယားပိုးများ ဝင်ရောက်ခြင်း
⚠️ နမိုးနီးယား အဆုတ်ရောင်ရောဂါ (Pneumonia)
⚠️ ဦးနှောက်ပိုးဝင်ခြင်း (သို့မဟုတ်) ဦးနှောက်ရောင်ရောဂါ (Encephalitis, Cerebellar ataxia)
⚠️ ခန္ဓာကိုယ်သွေးယိုခြင်း
⚠️ သွေးဆိပ်တက်ခြင်း (Sepsis)
⚠️ ရေဓာတ် ခန်းခြောက်ခြင်း
ရေကျောက်ရောဂါ၏ ပြင်းထန်သော နောက်ဆက်တွဲကျန်းမာရေးပြဿနာများ ခံစားရသူအချို့တွင် ဆေးရုံတက်ရောက်ကုသမှု ခံယူရနိုင်ပါသည်။ ရောဂါပြင်းထန်ပါက အသက်ဆုံးရှုံးသည်အထိ ဖြစ်ပွားနိုင်ပါသည်။
ယခုအခါတွင် ရေကျောက်ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းများကြောင့် ရေကျောက်ရောဂါကြောင့် အသက်ဆုံးရှုံးမှုမှာ အလွန်နည်းပါးပါသည်။ သို့သော် ကျန်းမာရေးကောင်းမွန်ပြီး ကာကွယ်ဆေး မထိုးနှံရသေးသော ကလေးများနှင့် အရွယ်ရောက်ပြီးသူများတွင် အသက်ဆုံးရှုံးမှုများ ရှိနိုင်ပါသည်။
🔴 ရောဂါကူးစက်ဖြစ်ပွားခြင်း
ရေကျောက်ရောဂါဗိုင်းရပ်စ်ပိုးသည် ရောဂါကူးစက်ခံထားရသူမှတစ်ဆင့် အခြားသော ရေကျောက်ရောဂါမဖြစ်ပွားဖူးသူများနှင့် ရေကျောက်ကာကွယ်ဆေး မထိုးနှံဖူးသူများသို့ လွယ်ကူစွာ ကူးစက်ဖြစ်ပွားစေတတ်ပါသည်။
ရေကျောက်ရောဂါ လူနာတစ်ဦးထံမှ ၎င်းနှင့် ထိတွေ့ဆက်ဆံဖူးပြီး ရောဂါပိုးအပေါ် ခုခံအားမရှိသေးသူများ၏ (၉၀)% သို့ ရောဂါကူးစက်ဖြစ်ပွားစေနိုင်ပါသည်။ ရေကျောက်ရောဂါကူးစက်ခံထားရသူနှင့် အနီးကပ်ထိတွေ့ဆက်ဆံသူများထံသို့ အဓိကကူးစက်ဖြစ်ပွားစေပါသည်။
ရေကျောက်ရောဂါ ကူးစက်ခံထားရသူတွင် အနီကွက်များ/အရည်ကြည်ဖုများ စတင်မဖြစ်ပေါ်မီ (၁) ရက်မှ (၂) ရက်အတွင်းမှစတင်၍ အရေပြားပေါ်ရှိအနာများ အနာဖေးတက်သွားချိန်အထိ အခြားသူများကို ရောဂါကူးစက်ဖြစ်ပွားစေနိုင်ပါသည်။
ရေကျောက်ရောဂါ ကာကွယ်ဆေးထိုးနှံထားသူများတွင် ရောဂါကူးစက်ခံရပါက အရည်ကြည်ဖုများသည် ပေါက်မသွားပါ။ ထိုသူများတွင်မူ အရည်ကြည်ဖုအသစ်များ (၂၄) နာရီကြာအောင် ထပ်မံဖြစ်ပွားလာခြင်း မရှိတော့သည့်အချိန်အထိ ရောဂါကူးစက်ဖြစ်ပွားစေနိုင်ပါသည်။
ရေကျောက်ရောဂါလူနာနှင့် ထိတွေ့မိပြီး ရောဂါကူးစက်ခံရပါက ထိတွေ့မိသည့်နေ့မှစ၍ (၁၀) ရက်မှ (၂၁) ရက်အတွင်း ရောဂါလက္ခဏာများ စတင်ပေါ်ပေါက်လာတတ်ပါသည်။ ရေကျောက်ကာကွယ်ဆေးထိုးနှံထားသူများတွင် ရောဂါဖြစ်ပွားပါကလည်း အခြားသူများသို့ ကူးစက်ဖြစ်ပွားစေနိုင်ပါသည်။
ရေကျောက်ရောဂါ ကူးစက်ဖြစ်ပွားခံရသူ အများစုတွင် ရောဂါအပေါ် ခုခံနိုင်အား တစ်သက်တာရရှိပါသည်။ သို့သော် ရေကျောက်ရောဂါ တစ်ခါဖြစ်ပွားပြီး ထပ်မံကူးစက်ဖြစ်ပွားနိုင်ခြေမှာ နည်းပါးသော်လည်း ရှိတတ်ပါသည်။
🔴 ရောဂါကာကွယ်နိုင်မည့်နည်းလမ်းများ
ရေကျောက်ရောဂါကူးစက်ဖြစ်ပွားခြင်းမှ ကာကွယ်နိုင်မည့် အကောင်းဆုံးနည်းလမ်းမှာ ရေကျောက်ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းဖြစ်ပါသည်။
ရေကျောက်ရောဂါ မဖြစ်ပွားဖူးသူ၊ ကာကွယ်ဆေး မထိုးနှံရသေးသူတိုင်း (ကလေးများ၊ ဆယ်ကျော်သက်များ၊ အရွယ်ရောက်ပြီးသူများအပါအဝင်) သည် ရေကျောက်ရောဂါကာကွယ်ဆေးကို နှစ်ကြိမ် မဖြစ်မနေ ထိုးနှံသင့်ပါသည်။ ရေကျောက်ရောဂါ ကာကွယ်ဆေးသည် ရောဂါကာကွယ်ရာတွင် အလွန်အန္တရာယ်ကင်းပြီး ထိရောက်မှုရှိပါသည်။ ကာကွယ်ဆေးထိုးနှံထားသူအများစုတွင် ရောဂါကူးစက်ဖြစ်ပွားခြင်း မရှိပါ။ ကာကွယ်ဆေး ထိုးနှံထားပြီး ရောဂါကူးစက်ခံရပါကလည်း ရောဂါလက္ခဏာများ မပြင်းထန်နိုင်ပါ။
🔴 ရေကျောက်ရောဂါကူးစက်ဖြစ်ပွားသူ လူနာအနေဖြင့် လိုက်နာရမည့်အချက်များ
(၁) အရည်ကြည်ဖုများ ယားယံခြင်းမှ သက်သာစေရန် Calamine lotion လိမ်းပါ။ ရေအေးအေးကို မုန့်ဖုတ်ဆိုဒါ၊ မချက်ရသေးသော Oatmeal အမှုန့်တို့ဖြင့် ရော၍ စိမ်ချိုးပါ။
(၂) အနီကွက်များ စတင်ပေါ်ပေါက်ပြီးနောက် အနည်းဆုံး ငါးရက်နှင့် အရည်ကြည်ဖုများအားလုံး ခြောက်သွားသည့်အချိန်အထိ အခြားသူများနှင့် နီးကပ်စွာ ထိတွေ့နေထိုင်ခြင်းမှ ရှောင်ကြဉ်ပါ။ အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ကိုယ်ခံအားကျဆင်းနေသော ကလေးငယ်များနှင့် နီးကပ်စွာထိတွေ့နေထိုင်ခြင်းမှ ရှောင်ကြဉ်ပါ။
(၃) မိမိအသုံးပြုသော ပန်းကန်ခွက်ယောက်များကို အခြားသူများနှင့် မျှဝေသုံးစွဲခြင်း မပြုရပါ။
(၄) လက်ကို အနည်းဆုံး စက္ကန့် (၂၀) ကြာအောင် မကြာခဏ ဆေးကြောပါ။
(၅) ချောင်းဆိုး၊ နှာချေတိုင်း ပါးစပ်နှင့် နှာခေါင်းကို လုံအောင် ဖုံးအုပ်ပါ။
(၆) နှာခေါင်းစည်း (Mask) တပ်ပါ။
(၇) လက်သည်းများကို အမြဲညှပ်ထားပါ။
(၈) အရည်ကြည်ဖုနှင့် ယားယံနေသောနေရာများကို မကုတ်ရ။
(၉) အဖျားကျစေရန် ပါရာစီတမော (Paracetamol) သောက်ပါ၊ အက်စ်ပရင် (Aspirin) မသောက်ရ။
🔴 အောက်ဖော်ပြပါလူနာများအနေဖြင့် ရေကျောက်ရောဂါကူးစက်ခံရပါက ကျန်းမာရေးဝန်ထမ်းကို ဆက်သွယ်အကြောင်းကြားရမည်။
⚠️ ရေကျောက်ရောဂါ မဖြစ်ပွားဖူးသူ (သို့မဟုတ်) ရေကျောက်ရောဂါကာကွယ်ဆေး မထိုးနှံထားသူများ
⚠️ ကိုယ်ဝန်ဆောင်မိခင်များ
⚠️ ခန္ဓာကိုယ်ခုခံအား ကျဆင်းနေသူများ
🔴 အောက်ပါလူနာများအနေဖြင့် ရေကျောက်ရောဂါကူးစက်ခံရပါက ပြင်းထန်သော နောက်ဆက်တွဲကျန်းမာရေးပြဿနာများခံစားရနိုင်သောကြောင့် ကျန်းမာရေးဝန်ထမ်းများကို ချက်ချင်းအကြောင်းကြားရမည်။
⚠️ အသက် (၁) နှစ်အောက် ကလေးငယ်များ
⚠️ အသက် (၁၂) အထက် ကလေးများ
⚠️ ခန္ဓာကိုယ်ခုခံအား ကျဆင်းနေသူများ
⚠️ ကိုယ်ဝန်ဆောင်မိခင်များ။
🔴 ထို့အပြင် အောက်ပါရောဂါလက္ခဏာများခံစားရပါက ကျန်းမာရေးဝန်ထမ်းများကို ချက်ချင်းအကြောင်းကြားရမည်ဖြစ်သည်။
🤒 (၄) ရက်ကျော်သည်အထိ ဖျားနေခြင်း
🤒 (၁၀၂) ဒီဂရီ ဖာရင်ဟိုက် (38.9°c) ထက် အဖျားတက်ခြင်း
🤒 ခန္ဓာကိုယ်ပေါ်ရှိ အနီကွက်များ ပိုမိုနီရဲလာခြင်း၊ ပိုပူလာခြင်း (သို့မဟုတ်) နာလာခြင်း (သို့မဟုတ်) ဘတ်တီးရီးယားပိုးဝင်ခြင်းကြောင့် ပြည်များထွက်လာခြင်း
🤒 ထိုင်းမှိုင်းခြင်း (သို့မဟုတ်)ကယောင်ကတမ်းဖြစ်ခြင်း
🤒 လမ်း ကောင်းစွာမလျှောက်နိုင်ခြင်း
🤒 လည်ပင်းတောင့်တင်းခြင်း
🤒 မကြာခဏ အန်ခြင်း
🤒 အသက်ရှူရခက်ခဲခြင်း
🤒 ပြင်းထန်စွာ ချောင်းဆိုးခြင်း
🤒 ပြင်းထန်စွာ ဗိုက်နာခြင်း
🤒 အနီကွက်များမှ သွေးများထွက်လာခြင်း သို့မဟုတ် အညိုအမည်းစွဲလာခြင်း (hemorrhagic rash) တို့ဖြစ်သည်။
ကိုးကား-
1) https://www.cdc.gov/chickenpox/index.html
2) https://www.health.nsw.gov.au/Infectious/factsheets/Pages/chickenpox.aspx
ဝန်ကြီးဌာနသို့ လှူဒါန်းရန်-
https://moh.nugmyanmar.org/donate/
Ministry of Health,
National Unity Government.

Published on: 7 August 2022
Last Updated: 7 August 2022