🦟 ခြင်ကိုက်ခံရခြင်းမှတစ်ဆင့် ကူးစက်ဖြစ်ပွားသော ချီကန်ဂန်ညာ Chikungunya (ဆင်တုပ်ကွေး) ရောဂါ (အောက်တိုဘာလ၊ ၂၀၂၂ ခုနှစ်) 🦟
ချီကန်ဂန်ညာ Chikungunya (ဆင်တုပ်ကွေး) ရောဂါသည် Chikungunya ဗိုင်းရပ်စ်ပိုး (CHIKV) ကြောင့် ဖြစ်ပွားပြီး ခြင်ကျားအကိုက်ခံရရာမှတစ်ဆင့် ကူးစက်တတ်သောရောဂါတစ်မျိုး ဖြစ်ပါသည်။
အာရှ၊ အာဖရိက၊ ဥရောပနှင့် အမေရိကတိုက်တို့ရှိ နိုင်ငံပေါင်း (၆ဝ) ကျော်တွင် ဖြစ်ပွားပါသည်။ အာရှတိုက်၊ အာဖရိကတိုက်နှင့် အိန္ဒိယတိုက်ငယ်တို့တွင် ဖြစ်ပွားမှုအများဆုံး ဖြစ်ပါသည်။
ခြင်ကျားပေါက်ဖွားမှု များပြားသောနေရာများတွင် Chikungunya (ချီကန်ဂန်ညာ/ ဆင်တုပ်ကွေး) ရောဂါဖြစ်ပွားရန် အခွင့်အလမ်း ပိုမိုများပြားပါသည်။
🦟 ရောဂါလက္ခဏာများ
🤒 ရုတ်တရက် ဖျားခြင်း
🤒 ထို့နောက် အဆစ်အမြစ်များ အလွန်နာကျင်ကိုက်ခဲလာခြင်း
🤒 ကြွက်သားများနာကျင်ခြင်း
🤒 အဆစ်အမြစ်များ ရောင်ရမ်းခြင်း
🤒 ခေါင်းကိုက်ခြင်း
🤒 ပျို့အန်ခြင်း
🤒 မောပန်းအားနည်းခြင်း
🤒 အရေပြားပေါ်တွင် အနီစက်/အနီကွက်များ ထွက်ခြင်းတို့ ခံစားရတတ်ပါသည်။
ရောဂါပိုးသယ်ဆောင်သည့် ခြင်ကျား (Aedes aegypti, Aedes albopictus) အကိုက်ခံရပြီး နောက် (၄) ရက်မှ (၈) ရက်အတွင်း သို့မဟုတ် (၂) ရက်မှ (၁၂) ရက်အတွင်း ရောဂါလက္ခဏာများ စတင်ဖြစ်ပွားလေ့ရှိပါသည်။ ဖြစ်တောင့်ဖြစ်ခဲအနေဖြင့် မျက်စိ၊ အာရုံကြော၊ နှလုံးတို့နှင့် ပတ်သက်သော ရောဂါလက္ခဏာများလည်း ခံစားရတတ်ပါသည်။
Chikungunya (ချီကန်ဂန်ညာ/ ဆင်တုပ်ကွေး) ရောဂါ၏ လက္ခဏာများသည် ခြင်ကျား အကိုက်ခံရရာမှတစ်ဆင့် ကူးစက်သည့် အခြားရောဂါများဖြစ်သော သွေးလွန်တုပ်ကွေးရောဂါနှင့် Zika ရောဂါ လက္ခဏာများဖြင့် ဆင်တူပြီး မှားယွင်းနိုင်ပါသည်။
ရောဂါဖြစ်ပွားသူအများစုတွင် ရောဂါပြင်းထန်လေ့မရှိဘဲ ရက်သတ္တပတ် (၁) ပတ်ခန့်အတွင်း ရောဂါလက္ခဏာအားလုံး သက်သာပျောက်ကင်းလေ့ရှိသော်လည်း အချို့တွင် အဆစ်အမြစ်များ နာကျင် ကိုက်ခဲခြင်းကို လများ သို့မဟုတ် နှစ်များနှင့်ချီ၍ ခံစားရနိုင်ပါသည်။
အသက်အရွယ်ကြီးသူများ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါနှင့် နှလုံးရောဂါ အစရှိသည့် နာတာရှည်ရောဂါ အခံရှိသူများတွင် ကူးစက်ခံရပါက ရောဂါပိုမိုပြင်းထန်နိုင်ပါသည်။
ရောဂါဖြစ်ပွားသူများအနေဖြင့် နောက်တစ်ကြိမ် ကူးစက်ဖြစ်ပွားခြင်းအတွက် ကိုယ်ခံအား ခံနိုင်ရည် ရှိနိုင်ပါသည်။
🦟 ရောဂါကူးစက်ပုံ
ချီကန်ဂန်ညာ (ဆင်တုပ်ကွေး) ရောဂါသည် ရောဂါပိုးသယ်ဆောင်ထားသည့် ခြင်ကျားကိုက်ခြင်းမှ ကူးစက်ဖြစ်ပွားပါသည်။ ခြင်ကျားသည် ရေကြည်ရေသန့်တွင် ပေါက်ဖွားပါသည်။ ခြင်ကျားသည် နေအိမ်များရှိ ပန်းအိုးများ၊ ရေသိုလှောင်ထားသော ရေစည်များ၊ တိုင်ကီများ၊ အုတ်ကန်များနှင့် အိုးခွက်များ၊ မိုးရေတင်ကျန်နေသည့် ဘူးခွံများ၊ ခွက်များ၊ တာယာဟောင်းများ၊ ဝါးငုတ်များ၊ သစ်ခေါင်းပေါက်များနှင့် ကျောက်တွင်းပေါက်များ စသည်တို့တွင် ပေါက်ဖွားလေ့ရှိပြီး ခြင်ကျားဥမှတစ်ဆင့် ခြင်ကျားလောက်လန်း၊ ထိုမှတစ်ဆင့် အရွယ်ရောက် ခြင်ကျား ဖြစ်လာပါသည်။ ခြင်ကျားသည် နေ့အချိန်များတွင် ကိုက်လေ့ရှိပြီး မနက်အစောပိုင်းနှင့် နေဝင်ခါနီးအချိန်များတွင် အများဆုံး ကိုက်လေ့ရှိပါသည်။
🦟 ရောဂါကာကွယ်ရေးနည်းလမ်းများ
ချီကန်ဂန်ညာ (ဆင်တုပ်ကွေး) ရောဂါဖြစ်ပွားသည်ဟု သံသယရှိပါက ကျန်းမာရေးဌာနများတွင် စနစ်တကျ စမ်းသပ်စစ်ဆေး၍ ကုသမှုခံယူပါ။ ချီကန်ဂန်ညာ (ဆင်တုပ်ကွေး) ၏ ရောဂါလက္ခဏာများ သက်သာစေရန်အတွက်သာ ကုသမှုပေးနိုင်ပြီး သီးသန့်ကုထုံး မရှိသေးပါ။ ချီကန်ဂန်ညာ (ဆင်တုပ်ကွေး) ၏ ရောဂါလက္ခဏာများသည် မြန်မာနိုင်ငံတွင် အဖြစ်များပြီး ရောဂါပြင်းထန်စွာ ခံစားရနိုင်သည့် သွေးလွန်တုပ်ကွေးရောဂါနှင့် ဆင်တူသဖြင့် ဂရုပြုရန် လိုအပ်ပါသည်။
ချီကန်ဂန်ညာ (ဆင်တုပ်ကွေး) ရောဂါဖြစ်ပွားသူများအနေဖြင့် အခြားသူများထံသို့ ကူးစက်ပြန့်ပွားခြင်း မရှိစေရန်အတွက် ခြင်ကိုက်ခံရခြင်းမှ မိမိကိုယ်ကို ကာကွယ်ပါ။
ရောဂါအတွက် ကာကွယ်ဆေး မရှိသေးသော်လည်း နေအိမ်နှင့် ပတ်ဝန်းကျင်တွင် ခြင်နှင့် ခြင်လောက်လန်းနှိမ်နင်းရေးလုပ်ငန်းများကို သင်ကိုယ်တိုင် ပါဝင်ဆောင်ရွက်ခြင်းဖြင့် သင်နှင့် သင့်မိသားစုတွင် ချီကန်ဂန်ညာ (ဆင်တုပ်ကွေး) ရောဂါဖြစ်ပွားမှုကို ကာကွယ်နိုင်ပါသည်။
ခြင်ကျားပေါက်ဖွားမှုမရှိလျှင် ချီကန်ဂန်ညာ (ဆင်တုပ်ကွေး) ရောဂါသာမက ဇီကာ (Zika) ရောဂါနှင့် အန္တရာယ်များသော သွေးလွန်တုပ်ကွေးရောဂါကိုပါ ကာကွယ်နိုင်ပါသည်။
ခြင်းကျားနှင့် ခြင်ကျားလောက်လန်း နှိမ်နင်းခြင်းလုပ်ငန်းများကို အောက်ပါအတိုင်း ပြုလုပ်နိုင်ပါသည်။
👉 မည်သည့် အိုး၊ ခွက် အတွင်း၌မဆို ခြင်ကျားလောက်လန်း တွေ့ပါက သွန်ပစ်ပါ။ ရေလှယ်ပါ။
👉 ရေစည်၊ ရေအိုးများကို ခြင်မဝင်နိုင်စေရန် လုံခြုံစွာ ဖုံးအုပ်ထားပါ။ တစ်ပတ်လျှင် အနည်းဆုံးတစ်ကြိမ် တိုက်ချွတ်ဆေးကြောပါ။
👉 ဘုရားပန်းအိုး၊ နတ်စင်အိုးနှင့် အိမ်တွင်းအလှပန်းအိုးများကို တစ်ပတ်လျှင် အနည်းဆုံးတစ်ကြိမ် ဆေးကြော လဲလှယ်ပါ။
👉 ရေကပ်တင်ကျန်နိုင်သည့် ပလက်စတစ်ဘူးခွံ၊ ပုလင်းခွံ၊ အိုးခွက်၊ ဘက်ထရီအိုးနှင့် တာယာဟောင်းများကို မြေမြှုပ်၍ စနစ်တကျစွန့်ပစ်ပါ။
👉 တစ်ကိုယ်ရေ ခြင်ကာကွယ်ရေးနည်းလမ်းများဖြစ်သည့် အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည် ဝတ်ဆင်ခြင်းနှင့် ခြင်မကိုက်ဆေး လိမ်းခြင်းတို့ကို ပြုလုပ်ပါ။
👉 သစ်ခေါင်း၊ ဝါးခေါင်းများ၊ ရေအိုင်၊ ဗွက်အိုင်ငယ်များကို ဝိုင်းဝန်း မြေဖို့ပါ။
👉 မည်သည့် အချိန်တွင်မဆို ခြင်ထောင်ဖြင့်သာ အိပ်စက်အနားယူပါ။
#nugmoh #mosquito #Chikungunya #Chikungunyavirus #CHIKV #Aedes #Aedesaegypti #Aedesalbopictus
Ministry of Health,
National Unity Government.

Published on: 5 October 2022
Last Updated: 5 October 2022