Child Accident Prevention at Home

ကလေးသူငယ်တွေကို အိမ်မှာ အနာတရ မဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ ?

( Child Accident Prevention at Home )

🚩ကလေးသူငယ်တွေဟာ မိဘမျက်စိရှေ့ကနေ လွတ်ရင်လွတ်သလ်ို ဆော့တတ်တဲ့အရွယ် ဖြစ်ပါတယ်။ ဒါကြောင့်လည်း တစ်ခါတစ်ရံ မလိုအပ်တဲ့ပြဿနာလေးတွေဖြစ်ပေါ်လာတဲ့အခါ ကလေးအတွက်လည်း အနာတရဖြစ် ၊ မိဘတွေအတွက်လည်း စိတ်မကောင်းဖြစ်ရတဲ့ ဒုက္ခတွေကြုံတွေ့လာရတတ်ပါတယ်။ အခုပြောပြပေးမှာကတော့ ကလေးသူငယ်တွေ အိမ်မှာ ထိခိုက်ဒဏ်ရာမရအောင် ဘယ်လို ကာကွယ်ကြမလဲ ဆိုတာပဲ ဖြစ်ပါတယ်။

.

🚩(၁) မီးဖိုချောင်မှာ

မီးဖိုချောင်ဟာ ကလေးတွေ အတွက် အင်မတန်အန္တရာယ်များတဲ့နေရာတစ်ခုလို့ပြောရင် မှားမယ် မထင်ပါ။

မီးဖိုချောင်သန့်ရှင်းရေးလုပ်တဲ့ ဆပ်ပြာရည်၊ ရေနံဆီ၊ ပိုးသတ်ဆေးရည်၊ ကြွက်သတ်ဆေး စတာတွေကို ကလေးတွေ လက်လှမ်းမမှီနိုင်တဲ့နေရာမှာ ထားပါ (သို့မဟုတ်) ကလေးတွေ အလွယ်တကူမဖွင့်နိုင်တဲ့ကြောင်အိမ်မှာ ထားနိုင်ပါတယ်။

ကလေးချီထားရင် လျှပ်စစ်ပလပ်ပေါက် ၊ လျှပ်စစ်ကြိုးနားတွေ မသွားတာ အကောင်းဆုံးပါ။

ကလေးချီထားလျက်နဲ့ ရေနွေးပူပူ စတာတွေ မသောက်သင့်ပါ ၊ ကလေးပေါ်ဖိတ်စင်တဲ့အခါ လူကြီး အတွက် ရေနွေးဖြစ်ပေမယ့် နုနယ်သေးတဲ့ ကလေးအတွက် အတော်ပူတဲ့အရာဖြစ်ပါတယ်။

ပူသောဟင်းခွက်ပန်းကန် စတာတွေကို ထမင်းစားပွဲရဲ့ အလယ်တွင်ပဲထားပါ။

ကျောင်းမတက်ခင် အရွယ်ကလေးတွေဟာ အလွယ်တကူ အစာနင်နိုင်တဲ့အတွက် မာသောအစားအစာများ၊ မြေပဲ စသော အစေ့ပါတဲ့အစားအစာတွေ မကျွေးသင့်ပါ ။

ကလေးငယ်လေးတွေရဲ့ အကျင့်အရ ပါးစပ်ထဲသို့လျှောက်ထည့်တတ်တဲ့အတွက် ဘက်ထရီဓာတ်ခဲများကိုလည်း သေချာစွာသိမ်းဆည်းထားပါ။

.

🚩(၂) ရေချိုးခန်းနှင့် အိမ်သာ

ကလေးများကို ကလေးကိုယ်အမြင့်လောက်ရှိသော (သို့) ကလေးကိုယ်ထက်မြင့်သော ပုံးများတွင်ထည့်၍ ရေချိုးပေးတာမျိုးကို ရှောင်ကြဉ်ပါ ၊ အခန့်မသင့်ရင် ကလေးရေမွန်းနိုင်ပါတယ်။

အေးသောနေရာတွေမှာ ရေပူနဲ့စပ်ချိုးပါက ကလေးကိုရေမချိုးပေးခင် ရေပူ၊ မပူကို သေချာစစ်ကြည့်ပေးပါ။ ကလေးအရေပြားအတွက် လက်ခံနိုင်လောက်တဲ့ အပူပမာဏလောက်သာထား၍ ချိုးပေးစေလိုပါတယ်။

ကလေးကို ရေချိုးခန်းထဲ တစ်ယောက်တည်း ဘယ်တော့မှ ချန်မထားခဲ့သင့်ပါ။

အိမ်သာသန့်ရှင်းသည့် ဆေးရည် ၊ ကြွေချေးချွတ်ဆေး ၊ အိမ်သာအမွှေးခဲ အမွှေးရည် စတာတွေကို ကလေးနဲ့ လက်လှမ်းမှီသောနေရာတွင် မထားသင့်ပါ။

.

🚩(၃) ကလေး ဆော့တဲ့အခါ

ကလေးကို အကြွေစေ့အရွယ်လောက်ရှိတဲ့ ပစ္စည်းတွေ၊ ဂေါ်လီလုံး စတာတွေနဲ့ ဆော့ကစားစေတာမျိုး မလုပ်ပါနဲ့။

ကလေးအရုပ်၊ ကလေးအင်္ကျီ တို့တွင် ပင်အပ်များ ထိုးထာတာမျိုးရှောင်ကြဉ်ပါ ။ ပင်အပ်ထိုးမည့်အစား တစ်ခုခု နှင့်သာ ချည်ထားပါ ။

.

🚩(၄) အိပ်ရာထဲ

ကလေးကို အကာအရံမရှိသော အိပ်ရာထဲတွင်တစ်ယောက်တည်း မထားခဲ့သင့်ပါ။

ကလေးအိပ်ရာကို နူးညံ့ပျော့ပျောင်းသည့်အရာနှင့်သာ ပြုလုပ်ထားပါ။

.

🚩(၅) ခြံတွင်း

ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ ခြံပစ္စည်းကိရိယာ စတာတွေကို ကလေးလက်လှမ်းမမှီသည့်နေရာတွင် တစ်ခုခုထဲ ထည့်၍သေချာစွာသိမ်းဆည်းထားပါ။

ကလေးများ ခြံထဲဆော့တဲ့အခါ ဆော့မယ့်နေရာမှာရှိတဲ့ သစ်ကိုင်း၊ အုတ်အကျိုး၊ ရေညှိ ၊ နွယ်ပင်တွေနဲ့ ကလေးခလုတ်တိုက်စေနိုင်တဲ့ အရာတွေအားလုံးကို ရှင်းလင်းထားပါ။

.

🚩(၆) ကားစီးတဲ့အခါ

ကိုယ်ပိုင်ကားစီးတဲ့အခါ ကလေးကို သင့်တော်သော ကလေးထိုင်ခုံတွင်ထိုင်စေ၍ ခါးပတ်အရင်ပတ်ပေးပြီးမှ မိဘက ကားပေါ်တွင်နေရာယူပါ။

ဘက်စ် ( Bus ) ကားစီးတဲ့အခါတွင် ကလေးကို မိမိရင်ခွင်တွင် သေချာချီ၍ ကလေးကို သေချာပိုက်ထားစေလိုပါတယ်။ နေရာရသည့်အခါတွင်လည်း ကလေးကို ဒီတိုင်းမထားပဲ မိမိပေါင်ပေါ် (သို့) မိမိရဲ့ အကာအကွယ်အောက်တွင်သာ ထားပါ ။

.

🚩(၇) ကလေးကို မိဘဆွေမျိုး မောင်နှမများနှင့် အပ်ခဲ့ရသည့်အခါတွင်လည်း အပေါ်ကအချက်များကို သေချာမှာထားခဲ့သင့်ပါတယ်။

.

🚩 နိဂုံးအနေနဲ့ “ကာကွယ်ခြင်းသည် ကုသခြင်းထက်ကောင်းသည်” ဆိုသကဲ့သို့ မိမိတို့ရဲ့ကလေးတွေ အန္တရာယ်မကျရောက်စေရန် ဆောင်သင့်တာဆောင် ရှောင်သင့်တာရှောင်ပြီး ကျန်းမာပါစေကြောင်း ဆုတောင်းအပ်ပါတယ်။

Reference 📚

Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp. ( page 23 )

Ministry of Heath,

National Unity Government.

Published on: 5 January 2023
Last Updated: 5 January 2023