“Claudication” (November 2023)

ခြေ/လက်များ သွေးလုံလောက်စွာ မရရှိသဖြင့် နာကျင်မှု ခံစားရခြင်း (Claudication)

Claudication ဆိုတာကတော့ လေ့ကျင့်ခန်း ပြုလုပ်နေစဥ်အတွင်းမှာ ခြေထောက် (သို့မဟုတ်) လက်မောင်းကြွက်သားတွေမှာ ခံစားရတဲ့နာကျင်မှုကို ဆိုလိုတာ ဖြစ်ပါတယ်။

အကြောင်းအရင်းကတော့ ထိုကြွက်သားတွေကို အထောက်အပံ့ပေးနေတဲ့ သွေးကြောတွေမှာ သွေးလုံလုံလောက်လောက် မစီးဆင်းတဲ့အတွက်ကြောင့်ပါ။ များသောအားဖြင့်တော့ Claudication ကို အချိန်အကြာကြီး လမ်းလျှောက်ပြီးတဲ့အချိန်တွေမှာ ခြေထောက်မှာ ခံစားရလေ့ ရှိပါတယ်။

ဒါပေမယ့် ဒီနာကျင်မှုက တဆက်တည်း မဟုတ်ဘဲ သက်သာသွားတဲ့အချိန်တွေလည်း ရှိတဲ့အတွက်ကြောင့် intermittent claudication လို့လည်း ခေါ်ကြပါသေးတယ်။ လေ့ကျင့်ခန်းစလုပ်တဲ့အချိန်မှာ စနာကျင်တတ်ပြီးတော့ အနားယူလိုက်ရင် သက်သာသွားတတ်ပါတယ်။ ဒါပေမယ့် ‌ဝေဒနာပိုဆိုးလာရင်တော့ နားလိုက်ရင်တောင် မသက်သာတာမျိုး ဖြစ်တတ်ပါတယ်။

Claudication ဟာ ခြေထောက်နဲ့ လက်ကြွက်သားတွေကို ထောက်ပံ့ပေးနေတဲ့ အစွန်အဖျားသွေးကြောတွေကျဥ်းတဲ့ရောဂါ (Peripheral arterial disease) ကြောင့် ခံစားရတာ ဖြစ်ပါတယ်။

🔺ရောဂါလက္ခဏာတွေကတော့…

– ကြွက်သားတွေ အသုံးပြုလိုက်တဲ့ အခါတိုင်းမှာ နာကျင်တာ၊ မောပန်းတာ

– ခြေသလုံး၊ ပေါင်၊ တင်ပါးနဲ့ ခြေထောက်တို့မှာ နာကျင်တာ

– ပခုံး၊ လက်မောင်းကြွက်သားတွေ နာကျင်တာ (ခြေထောက်ထက်တော့ အဖြစ်နည်းလေ့ရှိပါတယ်)

– အနားယူလိုက်တဲ့အခါမှာ နာကျင်မှုသက်သာသွားတာ စတဲ့ လက္ခဏာတွေ ခံစားရလေ့ရှိပါတယ်။

🔺ခြေ/လက်တွေကို အထောက်အပံ့ပေးထားတဲ့ အစွန်အဖျားသွေးကြောတွေ ကျဥ်းတဲ့ရောဂါ (Peripheral artery diseases) စတင် ခံစားရပြီဆိုရင်တော့…

• အရေပြားတွေ အေးတာ

• ပြင်းပြင်းထန်ထန် နာကျင်ရာကနေ ထုံကျဥ်တာတွေအထိ ခံစားရတာ

• အရေပြားမှာ အရောင်ပြောင်းလာတာ

• အနာမကျက်တာ အစရှိတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

🔺ဘာကြောင့် Claudication ခံစားရတာလဲ

Claudication က Peripheral artery disease လို့ခေါ်တဲ့ ရောဂါကြောင့် ခံစားရတာ ဖြစ်ပါတယ်။ ခြေထောက်နဲ့ လက်မောင်းတွေကို သွေးပို့ပေးနေတဲ့ သွေးကြောတွေ (peripheral arteries) တွေ ထိခိုက်တဲ့အတွက်ကြောင့် တစ်နည်းအားဖြင့် လုံလုံလောက်လောက် သွေးမပို့နိုင်တဲ့အတွက်ကြောင့် ဖြစ်တဲ့ ရောဂါ ဖြစ်ပါတယ်။

နားနေတဲ့အချိန်မှသာ သွေးကောင်းကောင်း လုံလောက်ပြီးတော့ လှုပ်ရှားနေတဲ့အချိန်မှာ ကြွက်သားတွေက သွေးကောင်းကောင်းမရနိုင်တဲ့အတွက်ကြောင့် သွေးကသယ်ပေးတဲ့ အောက်စီဂျင်နဲ့ အာဟာရလည်း မလုံလောက်တော့တာတွေ ဖြစ်လာပါတယ်။

ဒီရောဂါကကတော့ အထူးသဖြင့် နှလုံးသွေးကြောကျဥ်းရောဂါကြောင့် ဖြစ်တတ်လေ့ ရှိပါတယ်။ ခြေ/လက်တွေကို အထောက်အပံ့ပေးတဲ့သွေးကြောမှာ အဆီနဲ့ ကိုလက်စထရောတွေ စုပြုံပြီး သွေးကြောပိတ်လာတဲ့အခါမှာ ကြွက်သားတွေဆီကို သွေးလိုအပ်သလောက် မစီးဆင်းနိုင်တော့အတွက် ဖြစ်ပါတယ်။

သွေးကြောပိတ်တဲ့ပမာဏ များလေလေ လှုပ်ရှားမှုနည်းနည်းနဲ့ နာကျင်မှုခံစားရတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

🔺ဘယ်လို လူမျိုးတွေမှာ Peripheral artery disease ဖြစ်နိုင်ခြေရှိလဲ

– မိသားစုထဲမှာ နှလုံးသွေးကြောကျဥ်းရောဂါ၊ peripheral artery disease ရှိတဲ့သူတွေ

‌- ဆေးလိပ်သောက်တတ်တဲ့ ဒါမှမဟုတ် ဆီးချိုရောဂါရှိတဲ့ အသက် (၅၀) နဲ့အထက် လူကြီးတွေ

– အသက် (၇၀) အထက် လူကြီးတွေ

– နာတာရှည်ကျောက်ကပ်ရောဂါ ရှိတဲ့သူတွေ

– သွေတိုးရောဂါရှိသူတွေ

– ကိုလက်စထရောများတဲ့သူတွေ

– အဝလွန်သူတွေနဲ့

– ဆေးလိပ်သောက်တဲ့သူတွေမှာ ဒီရောဂါ ခံစားရနိုင်ခြေ ရှိပါတယ်။

.

နောက်ဆက်တွဲအနေနဲ့…

• အနာမကျက်တဲ့ အရေပြားရောဂါတွေ

• တစ်သျူးတွေ၊ ကြွက်သားတွေမှာ အာဟာရလုံလုံလောက်လောက် မရလို့ ကြွက်သားတွေ သေသွားတာ၊ ပုပ်သွားတာ

• နောက်ဆုံးနောက်ဆက်တွဲအနေနဲ့ ခြေထောက်ဖြတ်ပစ်ရတာတွေအထိ ဖြစ်နိုင်ပါတယ်။

🔹ဘယ်လို ကာကွယ်နိုင်လဲ

– အာဟာရပြည့်ဝတဲ့ အစားအသောက်တွေစားတာ

– လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးတာ

– ဆီးချိုရောဂါရှိသူတွေမှာ သွေးတွင်းသကြားဓာတ်ထိန်းတာ

– ကိုယ်အလေးချိန် ပုံမှန်ဖြစ်အောင်ထိန်းတာ

– ကိုလက်စထရောနဲ့ သွေးပေါင်ချိန်ထိန်းတာ

– ဆေးလိပ်သောက်သူတွေမှာတော့ ဆေးလိပ်ဖြတ်ဖို့ လိုအပ်ပါတယ်။

.

အထက်မှာ ဖော်ပြထားခဲ့တဲ့ ရောဂါအခံရှိတဲ့သူတွေကလည်း ဆရာဝန်နဲ့ စနစ်တကျပြသဖို့ လိုအပ်ပါတယ်။ ရောဂါကို ထိန်းညှိပေးတဲ့ဆေးတွေကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်း စနစ်တကျသောက်သုံးဖို့ လိုသလို၊ ရောဂါအခံမရှိသူတွေကလည်း ဒီလိုရောဂါတွေ မဖြစ်လာအောင် ဖော်ပြပေးထားတဲ့ နည်းလမ်းတွေအတိုင်း လိုက်နာဖို့ လိုအပ်ပါတယ်။

(ကိုးကား) References : 📚 https:// www. mayoclinic. org /diseases-conditions/claudication/symptoms-causes/syc-20370952

https:// www. mayoclinic. org /diseases-conditions/claudication/diagnosis-treatment/drc-20370959

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉 တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

#nugmoh#telehealth#telemedicine

#teleconsultation#တယ်လီကျန်းမာ#Telekyanmar

#claudication

Ministry of Health,
National Unity Government.

Published on: November 13, 2023
Last updated: November 13, 2023