အရောင်ခွဲခြားမြင်နိုင်စွမ်းမဲ့ရောဂါ (Color Blindness)
လူအများ ကြားဖူးနားဝရှိကြတဲ့ Color Blindness ဆိုတာ ဘယ်လိုမျက်စိရောဂါမျိုးလဲ ဒီကနေ့မှာ တင်ဆက်ပေးလိုက်ပါတယ်။
Color Blindness ဆိုတာ အရောင်တွေကို ခွဲခြားဖို့ခက်ခဲတဲ့ မျက်စိရောဂါတစ်ခုပါ။ ဒါဟာ မျိုးရိုးလိုက်တတ်ပြီး၊ အရောင်တွေကို ခွဲခြားဖို့ခက်ခဲလို့ နေ့စဥ်လုပ်ငန်းဆောင်တာတွေမှာ ကြီးကြီးမားမား ထိခိုက်စေတာတော့ မရှိပါဘူးတဲ့။
အရောင်တွေကို ခွဲဖို့ခက်တယ်ဆိုရာမှာ
အနီရောင်နဲ့ အစိမ်းရောင် မကွဲတဲ့ Red-Green Color Blindness
အပြာရောင်နဲ့ အဝါရောင် မကွဲတဲ့ Blue-Yellow Color Blindness
အရောင်တွေကို မြင်နိုင်စွမ်းမရှိဘဲ အဖြူ၊ အမည်းသာ မြင်ရတဲ့ အလွန်ရှားပါးတဲ့ Total Color Blindness ဆိုပြီး အမျိုးအစားတွေ အများအပြား ရှိပါသေးတယ်။
…
…
Color Blindness ရဲ့ လက္ခဏာရပ်တွေ….
အရောင်တွေကို အများပုံမှန်မြင်သလို မဟုတ်ဘဲ တမူကွဲလွဲမြင်တာ…
အရောင်တွေကို ခွဲခြားပြောဆိုဖို့ ခက်တာ။ ဥပမာ – အနီနဲ့ အစိမ်း မကွဲတာ၊ အပြာနဲ့ အဝါ မကွဲတာ…
အရောင်တွေရဲ့ အလင်းအမှောင်၊ အနုအရင့်ကိုလည်း ကြည့်ရခက်တာ… စတာတွေဖြစ်တတ်ပါတယ်။
လက္ခဏာတွေဟာ အများအားဖြင့် အပျော့စား လက္ခဏာတွေသာ ဖြစ်လေ့ရှိပြီး၊ အချို့သော Color Blindness ရှိသူတွေဟာ ကိုယ်တိုင် ရှိနေမှန်းတောင် မသိကြပါဘူးတဲ့။
ပိုဆိုးတဲ့အခြေအနေတွေမှာတော့ အလင်းကို မခံနိုင်တာ (Light Sensitivity) ၊ Nystagmus လို့ဆိုတဲ့ မျက်စိရောဂါတွေဖြစ်တာ စတာတွေ ဖြစ်နိုင်ပါတယ်။
…
…
ဘယ်သူတွေမှာ Color Blindness ပိုအဖြစ်များသလဲ ?
အမျိုးသားတွေဟာ အမျိုးသမီးတွေထက် Colour Blindness ဖြစ်ဖို့ ရာခိုင်နှုန်းပိုတယ် ဆိုပါတယ်။
နောက်ပြီး အာရှနဲ့ ဥရောပသား လူဖြူတွေမှာ ပိုပြီး အဖြစ်များပါတယ်။
မျိုးရိုးလည်း လိုက်တတ်ပါတယ်။
…
…
သင့် ကလေးငယ်ဟာ…
အရောင်တွေကို သင်ယူရခက်ခဲတဲ့အခါ
အတန်းရှေ့က သင်ပုန်းကို ကောင်းစွာမမြင်ရတဲ့အခါ
မီးပွိုင့် ဝါ၊ စိမ်း၊ နီ အချက်ပြမီးတွေကို မခွဲခြားနိုင်တဲ့အခါ…..ဒါတွေဟာ Color Blindness ဖြစ်နိုင်ခြေရှိတာမို့ မျက်စိဆရာဝန်နဲ့ ပြသစစ်ဆေးမှု ခံယူရပါမယ်။
အချို့သူတွေဟာ Color Blindness မွေးရာပါ ပါလာခဲ့ပေမယ့် အရွယ်ရောက်ခါမှ လက္ခဏာပြတတ်ပါတယ်တဲ့။
Color Blindness ဟာ အသက်ကြီးလေ ပိုလို့ လက္ခဏာဆိုးလာတတ်လေ ဖြစ်ပါတယ်တဲ့။
..
..
Color Blindness ရှိမှန်း ဘယ်လိုသိနိုင်သလဲ ?
စက်ဝိုင်းပုံလေးတွေထဲ အရောင်တွေနဲ့ ပြုလုပ်ထားတဲ့ နံပါတ်တွေ၊ စာလုံးတွေ၊ ပုံသဏ္ဍာန်တွေ အမျိုးမျိုးထည့်ပြီး ဆွဲထားတဲ့ Chart လေးတွေကို မျက်စိစမ်းသပ်ခံသူက ဘာပုံ၊ ဘာနံပါတ်၊ ဘာစာလုံး ဆိုတာကို မှန်ကန်အောင် ပြောပြပေးရတာမျိုးပါ။ Color Blindness မရှိတဲ့ ပုံမှန်လူတွေက အလွယ်တကူ ခွဲခြားပြောဆိုနိုင်ပြီး၊ ရှိသူတွေအတွက်တော့ ခက်ခဲပြီး မခွဲခြားနိုင်ဘူး ဖြစ်နေပါမယ်။
…
…
Color Blindness ကို ဘယ်လိုကုသမလဲ ?
ပျောက်ကင်းအောင် ကုသမှုမပြုနိုင်ပေမယ့် Color Blindness ဟာ အများအားဖြင့် နေ့စဥ်လုပ်ငန်းဆောင်တာတွေအပေါ် ကြီးကြီးမားမား သက်ရောက်ထိခိုက်စေတာ မရှိစေဘဲ Color Blindness နဲ့ ဘဝကို လိုက်လျောညီထွေ အဆင်ပြေအောင်နေထိုင်နိုင်ဖို့ နည်းလမ်းတွေအများအပြားရှိပါတယ်။
အရောင်တွေကို ခွဲခြားသိရှိဖို့ အခြားသူတွေဆီက မေးမြန်း အကူအညီရယူပါ။
Color Blindness ရှိတဲ့ ကလေးငယ်တွေအတွက် အရောင်တွေကိုခွဲခြားနိုင်ဖို့ စာသင်ခန်းတွင်း သူငယ်ချင်း၊ ဆရာမိဘတွေရဲ့အကူအညီ လိုအပ်ပါတယ်။
လိုအပ်ရင် အထူးပြုလုပ်ဖန်တီးထားတဲ့ မျက်မှန်တွေ၊ မျက်ကပ်မှန်တွေ အသုံးပြုနိုင်ပါတယ်။
အရောင်တွေရဲ့ အစီအစဥ်ကို မှတ်သားထားပါ။
ဥပမာ- မီးပွိုင့်က အရောင်တွေကို ဝါ၊ စိမ်း၊ နီလို့ အစီအစဥ် မှတ်သားထားလိုက်ရင် မီးပွိုင့်ရဲ့ ဘယ်နေရာက အချက်ပြမီးဟာ ဘာအရောင်လဲဆိုတာကို ခန့်မှန်းသိရှိနိုင်ပါတယ်။
Color Blindness ရှိသူတွေအတွက် နည်းပညာကလည်း အတော့်ကိုအကူအညီပေးတယ်။ (ဥပမာ- Visual Aid App)
စိတ်မကောင်းစရာတစ်ခုကတော့ Color Blindness ရှိသူတွေကို လေယာဥ်ပိုင်းလော့အလုပ်အပါအဝင် အချို့သောအလုပ်ခွင်တွေက လက်မခံပါဘူးတဲ့ခင်ဗျာ။
References :
National Eye Institute: Color Blindness
John’s Murtagh’s Patient Education: Sixth Edition : pg 166 : Color Blindness
NUG, MOH…တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ
တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် (https://m.me/telehealthmm) ကို နှိပ်ပါ
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ#Telekyanmar
Ministry of Health,
National Unity Government.

Published on: 1 June 2023
Last updated: 1 June 2023