“မြန်မာနိုင်ငံသို့ ဆေးနှင့်ဆေးပစ္စည်း ပေးပို့လှူဒါန်းရန် အမေရိကန်ပြည်ထောင်စု၊ ကိုလိုရာဒိုပြည်နယ်၊ ဒင်းဗားမြို့တော်ရှိ Project C.U.R.E. အပြည်ပြည်ဆိုင်ရာ ဌာနချုပ်ရုံး တာဝန်ရှိသူများနှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး တွေ့ဆုံဆွေးနွေး” (June 2023)

၂၀၂၃ ခုနှစ်၊ ဇွန်လ (၈) ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုးသည် အမေရိကန်ပြည်ထောင်စုသို့ ခေတ္တရောက်ရှိနေစဉ်အတွင်း ဇွန်လ (၅) ရက်နေ့က ကိုလိုရာဒိုပြည်နယ်၊ ဒင်းဗားမြို့တော်ရှိ Project C.U.R.E. အပြည်ပြည်ဆိုင်ရာ ဌာနချုပ်ရုံး၌ Project C.U.R.E. မှ President and CEO ဖြစ်သူ Dr. Doug Jackson၊ Vice President များဖြစ်ကြသည့် Kristofer Anderson နှင့် Deborah Johns တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

Project C.U.R.E အဖွဲ့ကြီးသည် နိုင်ငံပေါင်း (၁၃၅) နိုင်ငံကျော်တွင် ကန့်သတ်အရင်းအမြစ်ရှိသည့် ဒေသများမှ လူနာများအတွက် ဆေးနှင့် ဆေးပစ္စည်းများကို ကူညီဖြန့်ဖြူးလှူဒါန်းလျက်ရှိသည့် ကမ္ဘာ့အကြီးဆုံး အဖွဲ့အစည်းကြီးဖြစ်ပါသည်။

အစည်းဝေးတွင် ပြည်ထောင်စုဝန်ကြီးနှင့် Project C.U.R.E. တာဝန်ရှိသူများအကြား မြန်မာနိုင်ငံသို့ ဆေးနှင့်ဆေးပစ္စည်း ပေးပို့လှူဒါန်းမည့် လုပ်ငန်းစဉ်များကို ပူးပေါင်းဆောင်ရွက်နိုင်ရန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။ အစည်းဝေးအပြီးတွင် Project C.U.R.E. တာဝန်ရှိသူများက Project C.U.R.E. အလုပ်ရုံအဆောက်အအုံနှင့် လုပ်ငန်းစဉ်များကို ပြည်ထောင်စုဝန်ကြီး သိရှိနားလည်နိုင်အောင် လှည့်လည်၍ အသေးစိတ်ရှင်းလင်းပြသခဲ့ပါသည်။

ယခုအချိန်တွင် မြန်မာပြည်ရှိ တိုင်းရင်းသားလူမျိုးနွယ်ပေါင်းစုံ ဒုက္ခဆင်းရဲခြင်းမြောက်မြားစွာ ကြုံတွေ့ခံစားနေရသည်ကို နားလည်ကိုယ်ချင်းစာနာကြောင်းနှင့် Project C.U.R.E. အနေဖြင့် မြန်မာပြည်သူများကို အတတ်နိုင်ဆုံးကူညီဆောင်ရွက်သွားမည်ဟု President and CEO ဖြစ်သူ Dr. Doug Jackson က ပြောကြားခဲ့ရာ ပြည်ထောင်စုဝန်ကြီးက အထူးဝမ်းမြောက်ကျေးဇူးတင်ကြောင်း ပြန်လည်ပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးသည် အစည်းအဝေးတွင် တိုင်ပင်ဆုံးဖြတ်ခဲ့သော လုပ်ငန်းစဉ်များကို ချက်ချင်းအကောင်ထည်ဖော်ဆောင်ရွက်သွားမည်ဟုလည်း ပြောကြားခဲ့ပါသည်။

Ministry of Health,
National Unity Government.

Published on: 8 June 2023
Last updated: 8 June 2023