Coping with Disaster (May, 2023)

ဘေးအန္တရာယ်နှင့် ကြုံတွေ့ပါက စိတ်ပိုင်းဆိုင်ရာ ရင်ဆိုင်ဖြေရှင်းခြင်း (Coping with Disaster) (မေလ၊ ၂၀၂၃ ခုနှစ်)

ဘေးအန္တရာယ်တစ်ခုနှင့် ကြုံတွေ့နေစဥ်အချိန်နှင့် ရင်ဆိုင်ပြီးချိန်တွင် စိတ်ဖိစီးခြင်း၊ စိုးရိမ်ကြောက်လန့်ခြင်း၊ ဝမ်းနည်းထိတ်လန့်ခြင်းနှင့် ပူပန်သောကတို့ကို ခံစားရတတ်သည်မှာ ဓမ္မတာဖြစ်ပေသည်။ လူတိုင်း၏ တုံ့ပြန်မှုမှာ ကွဲပြားခြားနားမည်ဖြစ်ပြီး သင်၏ ခံစားချက်များသည်လည်း အရေးပေါ်ကာလအတွင်း ပြောင်းလဲနေနိုင်သည်။ သင် မည်ကဲ့သို့ ခံစားရပုံကို သတိပြုပြီး လက်ခံပါ။ အရေးပေါ်အချိန်အတွင်း သင်၏ စိတ်ပိုင်းဆိုင်ရာကျန်းမာရေး (ခံစားချက်) ကို ဂရုတစိုက်ရှိခြင်းသည် သင့်ကို ရှင်းရှင်းလင်းလင်း စဥ်းစားနိုင်စေရန် ကူညီပေးနိုင်ပြီး သင်ကိုယ်တိုင်နှင့် သင်၏ မိသားစုကို အရေးပေါ်အခြေအနေအတွင်း အကာအကွယ်ဖြစ်စေရန် အရေးတကြီး လိုအပ်ချက်များကို တုံ့ပြန်ဆောင်ရွက်နိုင်စေရန်လည်း အကူအညီဖြစ်စေသည်။ အရေးပေါ်ကာလအတွင်း မိမိကိုယ်ကို ဂရုစိုက်ခြင်းသည် ရေရှည်တွင် ခံစားရသည့် စိတ်ပိုင်းဆိုင်ရာအခြေအနေများကို ကုစားရာတွင် အကူအညီဖြစ်စေပါသည်။

🧠 စိတ်ပင်ပန်းဆင်းရဲခြင်း (စိတ်သောကဖြစ်ခြင်း) ၏ အဖြစ်များသော လက္ခဏာများ (Common Signs of Distress)

ဤဖော်ပြပါ အဖြစ်များသော လက္ခဏာများကို သတိထား စောင့်ကြည့်ပါ။

▪️ ခြေဖျားလက်ဖျားအေးခြင်း အပါအဝင် သွေးလန့်သော လက္ခဏာများ ခံစားရခြင်း၊ ခံစားမှု မသိရှိဘဲ ထုံခြင်း၊ မယုံနိုင်ဖြစ်ခြင်း
▪️ စွမ်းဆောင်နိုင်မှု/ တက်ကြွမှုများ အပြောင်းအလဲဖြစ်ခြင်း
▪️ အာရုံစူးစိုက်နိုင်ရန် ခက်ခဲခြင်း
▪️ အစားအသောက်ပုံစံ ပြောင်းလဲခြင်း
▪️ အိပ်စက်ခြင်းဆိုင်ရာ ပြဿနာများ
▪️ အိပ်မက်ဆိုးများ မက်ခြင်း၊ စိတ်အနှောင့်အယှက်ဖြစ်စေသော အတွေးများ၊ ပုံရိပ်များ တွေးခြင်း၊ မြင်ယောင်ခြင်း
▪️ စိုးရိမ်ထိတ်လန့်သော၊ ကြောက်ရွံ့တုန်လှုပ်သော ခံစားချက်များ ခံစားရခြင်း
▪️ ခေါင်းကိုက်ခြင်း၊ ခန္ဓာကိုယ် နာကျင်ကိုက်ခဲခြင်း၊ အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ (လက္ခဏာများ)၊ အရေပြားတွင် အနီစက်၊ အနီကွက်များ ပေါ်ခြင်း စသော ရုပ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုများ
▪️ နာတာရှည်ရောဂါလက္ခဏာများ ပိုမို ဆိုးရွားလာနိုင်ခြင်း
▪️ အရက်၊ ဆေးလိပ်/ဆေးရွက်ကြီး နှင့် အခြားမူးယစ်ဆေးများ သုံးစွဲမှု ပုံစံများ အပြောင်းအလဲဖြစ်ခြင်း
▪️ စိတ်ဆိုးဒေါသထွက်ခြင်း၊ စိတ်ဆတ်ခြင်း၊ စိတ်တိုလွယ်ခြင်း

ဤကဲ့သို့ ခံစားချက်များ (သို့မဟုတ်) အပြုအမူများ ရက်အတော်ကြာ ဆက်တိုက် ခံစားကြုံတွေ့နေရပြီး ပုံမှန်လုပ်နေကျဖြစ်သော အလုပ်တာဝန်များကို လုပ်ဆောင်နိုင်ခြင်းမရှိပါက ကျွမ်းကျင်သူများထံမှ အကူအညီ ရယူပါ။

🧠 ဘေးအန္တရာယ်နှင့် ကြုံတွေ့ပါက စိတ်ပိုင်းဆိုင်ရာ ရင်ဆိုင်ဖြေရှင်းရန် အောက်ပါအဆင့်များကို လုပ်ဆောင်ပါ။

▪️ သတင်းအချက်အလက်များကို မျက်ခြေမပြတ်ပါစေနှင့်

သင် သတင်းအချက်အလက်များကို မရရှိနေဘူးဟု ခံစားနေရပါက သင် စိတ်ဖိစီးမှု ပိုများလာခြင်း (သို့) ပို၍ စိုးရိမ်ပူပန်မှုများ ခံစားလာရနိုင်သည်။ သတင်းအချက်အလက်အသစ်များအတွက် ခိုင်မာယုံကြည်ရသော တရားဝင် သတင်းဌာနများမှ သတင်းများကို ကြည့်ပါ၊ နားထောင်ပါ၊ ဖတ်ရှုပါ။ ဘေးအန္တရာယ် အကျပ်အတည်းကာလအတွင်းတွင် ကောလာဟလ သတင်းအမှားများ ရှိနေနိုင်သည်ကို သတိပြုပါ။ ယုံကြည်စိတ်ချရသော သတင်းအချက်အလက် ရင်းမြစ်များကို အားထားပါ။

▪️ မိမိခန္ဓာကိုယ်ကို ဂရုစိုက်ပါ။

အာဟာရအပြည့်အစုံ ညီညီမျှမျှ ပါဝင်သော အစားအစာများကို စားသောက်ပါ၊ အားကစားလေ့ကျင့်ခန်း ပုံမှန်လုပ်ပါ၊ အိပ်ရေးဝဝ အိပ်ပါ၊ အရက်၊ ဆေးလိပ်/ကွမ်းယာ/ဆေးရွက်ကြီးနှင့် အခြားမူးယစ်ဆေးဝါးများကို ရှောင်ကြဉ်ပါ။ စိတ်ကျန်းမာရေးအတွက် ကျန်းမာရေးသုခဆိုင်ရာ နည်းနာများကို ပိုမို လေ့လာပါ။

▪️ အနားယူပါ

ဖြစ်ပေါ်နေသော ပြင်းထန်သည့်ခံစားချက်များသည် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားမည်ဖြစ်သည်ဟု ကိုယ့်ကိုယ်ကိုယ် သတိပေးရန်၊ စိတ်ဖြေလျှော့ရန် အချိန်ယူပါ။ သတင်းများ ကြည့်ခြင်း၊ ဖတ်ခြင်း၊ နားထောင်ခြင်းများမှ အနားယူပါ။ ထပ်ကာထပ်ကာ ဘေးအန္တရာယ်အကြောင်းများ နားထောင်နေရခြင်းနှင့် သတင်းဓာတ်ပုံများကို မြင်တွေ့နေရခြင်းသည် စိတ်ရှုပ်ထွေးစရာ ဖြစ်နိုင်သည်။ သင့်ပုံမှန်ဘဝကိုပြန်ရရန် သင်ကျေနပ်နှစ်သက်သော အရာများကို ရှာဖွေလုပ်ဆောင်ရန် ကြိုးစားပါ၊ ထိုလုပ်ဆောင်နေမှုများမှ အနားယူချိန်များကြားတွင် သတင်းအချက်အလက်များကို ရှာဖွေပါ။

▪️ အခြားသူများနှင့် ဆက်သွယ်ပါ

သင်၏ စိုးရိမ်ကြောင့်ကြပူပန်မှုများ၊ သင် ခံစားနေရပုံများကို သူငယ်ချင်း (သို့မဟုတ်) မိသားစုဝင်တစ်ဦးနှင့် မျှဝေပြောဆိုပါ။ ကောင်းမွန်ကျန်းမာသော ဆက်ဆံရေးများကို ထိန်းသိမ်းထားပြီး ခိုင်မာသော အကူအညီ ပံ့ပိုးမှုများကို တည်ဆောက်ပါ။

▪️ လိုအပ်ပါက အကူအညီ ရယူပါ။

စိတ်သောကဖြစ်ခြင်းကြောင့် ရက်ပေါင်များစွာ (သို့မဟုတ်) ရက်သတ္တပတ်ပေါင်းများစွာကြာအောင် သင်၏ နေ့စဥ်လုပ်ငန်းဆောင်တာများကို ထိခိုက်နေပါက စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေး ပညာပေးသူ သို့မဟုတ် ဆရာဝန်/ကျန်းမာရေးဝန်ထမ်းကို ဆက်သွယ်စကားပြောပါ။

🧠 စိတ်ဓာတ်ကျခြင်း (သို့မဟုတ်) ကိုယ့်ကိုယ်ကို အဆုံးစီရင်ရန် အတွေးများ ခံစားနေရခြင်း

သဘာဝဘေးအန္တရာယ်တစ်ခုကို ကြုံတွေ့ပြီးနောက်ပိုင်းတွင် ဝမ်းနည်းခြင်း၊ စိတ်ဆိုးဒေါသထွက်ခြင်း၊ အပြစ်ရှိသလို ခံစားရခြင်းများကို ခံစားရသည်မှာ ပုံမှန်ဖြစ်သည်။ သင် အကြီးအကျယ် အမြောက်အများ ဆုံးရှုံးလိုက်ရနိုင်သည်။ ဘေးဒုက္ခ အကျပ်အတည်းကာလအတွင်း စိတ်ဖိစီးမှု အလွန်မြင့်မားသော အခြေအနေများသည် ပြဿနာအခက်အခဲများကို ပုံမှန် ဖြေရှင်းနိုင်မှုကို အကန့်အသတ်ဖြစ်စေပြီး သင်၏ ပြဿနာကို ရင်ဆိုင်ဖြေရှင်းနိုင်စွမ်းများသည် ပြောင်းလဲနိုင်ပါသည်။ မိသားစု၊ သူငယ်ချင်းများနှင့် အဆက်အဆံ မပြတ်ရှိနေပါ၊ အကူအညီအချိတ်အဆက်များကို ရှာဖွေပါ၊ နှစ်သိမ့်ဆွေးနွေး ပညာပေးသူများနှင့် စကားပြောပါ။ အခြားသူများနှင့်အတူ ပါဝင်ပတ်သက်နေခြင်းသည် အကူအညီဖြစ်နိုင်ပါသည်။

သင် (သို့မဟုတ်) သင် သိကျွမ်းသူတစ်ဦး အပြီးတိုင် အရှုံးပေးလိုခြင်း (သို့မဟုတ်) ကိုယ့်ကိုယ်ကို အဆုံးစီရင်ရန် အတွေးများ ရှိနေခြင်းကို ခံစားနေရပါက အကူအညီ ရယူပါ။

🧠 ကလေးများနှင့် လူငယ်များအား ဘေးအန္တရာယ် ရင်ဆိုင်ဖြေရှင်းနိုင်ရန် အကူအညီပေးခြင်း

ကလေးနှင့် လူငယ်များတွင်လည်း အရေးပေါ်အခြေအနေကာလအတွင်းနှင့် ဖြစ်ပြီးသည့်အချိန်တွင် ခက်ခဲသည့် အချိန်တစ်ခု ရှိနေနိုင်ပါသည်။ လူငယ်အချို့သည့် ချက်ချင်း တုံ့ပြန်မှု ပြနိုင်ပြီး အခြားသူများမှာမူ အချိန်ကာလတစ်ခုကြာပြီးနောက်မှသာ အခက်အခဲ ဖြစ်နေသည့် လက္ခဏာများ ပြသနိုင်ပါသည်။ သင်၏ ကလေးများနှင့် ဘေးအန္တရာယ်အကြောင်း ပြောရန် အချိန်ယူပါ၊ ထိုဖြစ်ရပ်ဖြစ်စဥ်နှင့် ပတ်သက်သော သတင်းမီဒီယာများ (ဆိုရှယ်မီဒီယာများ အပါအဝင်) နှင့် ထိတွေ့နိုင်မှုကို ကန့်သတ်ထိန်းချုပ်ပါ၊ ကျန်းမာသော နေ့စဥ်ပုံမှန်ဘဝကို တတ်နိုင်သမျှမြန်မြန် ပြန်လည်ရောက်ရှိရန် ကြိုးစားထိန်းသိမ်းပါ။

ကလေးများသည် ဘေးဒုက္ခ အကျပ်အတည်းကာလအတွင်းတွင် သူတို့ မည်ကဲ့သို့ ခံစားနေရသည်ကို ပြောနိုင်မည် မဟုတ်ပေ။ ဖြစ်ပျက်နေသော အခြေအနေကို ရှင်းပြပါ၊ သူတို့ မေးလာသော မေးခွန်းများကို ပြန်လည်ဖြေဆိုပါ၊ သူတို့ကို ချစ်ကြောင်း၊ ဂရုစိုက်ကြောင်း နှစ်သိမ့်အားပေးပါ။

ကလေးများသည် ၎င်းတို့ စိတ်ဖိစီးမှုခံစားနေရသည်ကို ပြောပြရန် ဖြစ်နိုင်ခြေ နည်းပါသည်။ သို့သော် သူတို့၏ အပြုအမူများမှတစ်ဆင့် လက္ခဏာများကို ပြသနိုင်ပါသည်။ မွေးကင်းစနှင့် ငယ်ရွယ်သော ကလေးများသည် ပုံမှန်ထက် ပို၍ ငိုကြွေးနေခြင်း၊ အချီအပွေ့ကို ပိုမိုလိုချင်ခြင်း၊ မိဘ/ စောင့်ရှောက်သူများနှင့် ခွဲခွာပြီး နေရမည်ကို ကြောက်နေခြင်းများ ဖြစ်နေနိုင်ပါသည်။ ဆယ်ကျော်သက်များနှင့် လူငယ်လူရွယ်များသည် သူတို့ စိတ်အနှောင့်အယှက်ဖြစ်နေသည်ကို ငြင်းဆန်ကောင်း ငြင်းဆန်နိုင်ပြီး ပို၍ အန္တရာယ်များသော အရာများကိုလည်း လုပ်ကောင်း လုပ်နိုင်ပါသည်။

🧠 အောက်ပါအချက်များသည် ကလေးများ ဘေးအန္တရာယ်ကို ရင်ဆိုင်ကျော်ဖြတ်ရာတွင် ကူညီပံ့ပိုးပေးရန် နည်းလမ်းအချို့ဖြစ်ပါသည်။

▪️ စံနမူနာကောင်းတစ်ခု ချမှတ်ပါ။ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းနှင့် ကျန်းမာရေးနှင့် ညီညွတ်သော စားသောက်မှု ပုံစံကို ကျင့်သုံးခြင်းဖြင့် မိဘအုပ်ထိန်းသူများအနေဖြင့် ကိုယ့်ကိုကိုယ် ဂရုစိုက်ပြပါ။
▪️ ကလေးများကို မေးခွန်းများ မေးရန် အားပေးပါ။ ကလေး၏ မျက်စိနှင့် တစ်တန်းတည်း ဖြစ်အောင် နေပြီး သူတို့ နားလည်နိုင်သော စကားလုံးများ အသုံံးပြုကာ တည်ငြိမ်အေးဆေး နူးညံ့သော အသံဖြင့် စကားပြောပါ။
▪️ ကလေးများနှင့် ပြောဆိုဆက်ဆံမှု အချိတ်အဆက် ကောင်းကောင်း တည်ဆောက်ထားပြီး သူတို့ကို ချစ်မြတ်နိုးကြောင်း ပြသပါ။
▪️ ကလေးများ သူတို့၏ ကျောင်းမှာ (သို့မဟုတ်) ဆိုရှယ်မီဒီယာများမှတစ်ဆင့် သိလာ/ ကြားလာသော ကောလာဟလသတင်းများကို နားထောင်ပြီး မှန်ကန်သော သတင်းအချက်အလက်များကို ပြန်လည် ရှင်းပြပြောဆိုပါ။
▪️ သူတို့ စိတ်ကသိကအောက်ဖြစ်ခြင်းသည် ပုံမှန်ဖြစ်ကြောင်း ပြောပြပါ။ သူတို့၏ အပြစ်မဟုတ်ကြောင်းကို သိရှိနားလည်ပါစေ။

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

To Download PDF (178 KB): Click Here

Source:
https://www.cdc.gov/disasters/hurricanes/preparedness_and_messaging.html

nugmoh #coping #cope #disaster #distress #depression #children #youth

Ministry of Health,

National Unity Government.

Published on: 13 May 2023

Last updated: 13 May 2023