“Cough Relief for Children” (August 2023)

“ကလေးသူငယ်များနဲ့ ချောင်းဆိုးပျောက်ဆေး”

🔷 ကလေးသူငယ်များနဲ့ ချောင်းဆိုးခြင်း

အသက်ရှူလမ်းကြောင်းကို ဒုက္ခပေးတဲ့ ဗိုင်းရပ်စ်တွေနဲ့ ထိတွေ့မှုနည်းနေသေးတဲ့အတွက် ကလေးများဟာ တစ်နှစ်ကို နှာစေးချောင်းဆိုး ၆ ကြိမ်ကနေ ၁၂ ကြိမ်လောက်အထိ ဖြစ်တတ်ကြပါတယ်။

တစ်ခါဖြစ်ရင်လည်း ၅ ရက်/တစ်ပတ်ကနေ နှစ်ပတ်လောက်အထိ ကြာနိုင်ပါတယ်။

အများစုက ဗိုင်းရပ်စ်ကြောင့်ဖြစ်ကြပြီး ဆေးသောက်စရာမလိုဘဲ ၅ ရက်/တစ်ပတ်လောက်မှာ အလိုလို ဖြည်းဖြည်းချင်း သက်သာပျောက်ကင်းသွားတတ်ပါတယ်။

တကယ်လို့ နှာရည်ကျတာ၊ နှာခေါင်းပိတ်တာ၊ ချောင်းဆိုးပြီး မအိပ်နိုင်တာ၊ ကိုယ်ပူတာတို့ ဖြစ်လာရင်တော့ မိမိအိမ်မှာပဲ အောက်ပါအတိုင်း ကုသလို့ရပါတယ်။

..

..

🔷 နှာစေးချောင်းဆိုးဖြစ်ရင် အိမ်မှာဘယ်လို ကုသမလဲ

(၁) အရည်များများတိုက်ပါ၊ နွေးနွေးထွေးထွေးနေပါ။

(၂) နှာရည်တွေစေးပျစ်နေရင် နှာခေါင်းပိတ်သက်သာအောင် Saline နှာခေါင်းအစက်ချဆေး ထည့်ပေးလို့ရပါတယ်။

(၃) သံပုရာသီးတစ်ခြမ်း၊ ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့ ရေနွေးနွေး မတ်ခွက်တစ်ခွက်စာဖျော်ပြီး နွေးနေတုန်းတိုက်ပေးပါ။

(ညအိပ်ရာမဝင်ခင် နာရီဝက်လောက်ကြိုတိုက်ပေးရင် အိပ်တဲ့အခါ အဆင်ပြေစေပါတယ်။ အသက်တစ်နှစ်အောက် ကလေးများကိုတော့ ပျားရည်တိုက်ကျွေးခြင်းရှောင်ကြဉ်ပါ)

(၄) အေးပြီးခြောက်သွေ့တဲ့ ပတ်ဝန်းကျင်မှာ Air Humidifier ဆိုတဲ့ ရေကိုရေငွေ့ထုတ်ပေးတဲ့စက်ကို သုံးလို့ရသလို အခန်းထဲမှာ ရေနွေးငွေ့ရအောင် လုပ်ပေးထားနိုင်ရင်လည်း နှာစေးချောင်းဆိုး သက်သာစေပါတယ်။

(၅) ကိုယ်ပူလာရင် ပါရာစီတမောကို အသက်အရွယ် အလိုက် ပုလင်းရှိဆေးညွှန်းပါအတိုင်း တိုက်လို့ရပါတယ်။

(၆) အတူနေသူများ ရောဂါမကူးအောင် မကြာမကြာ လက်ဆေးခြင်း၊ ချောင်းဆိုးရင် အုပ်/ကာဆိုးခြင်းဖြင့်ကာကွယ်ပါ။

🔷 ဘယ်လို အခြေအနေတွေဆို ဆရာဝန်ပြရမလဲ

• ချောင်းဆိုးတာ သုံးပတ်ထက်ကျော်လျှင်…

• ကလေးက ကိုယ်အရမ်းပူလျှင် (ကိုယ်အပူချိန် 102 ဒီဂရီဖာရင်ဟိုက်ကျော်လျှင်/အသက် ၂ နှစ်အောက်ကလေးများ ဖြစ်ပါကအပူချိန် 100.4 F ကျော်လျှင်)

• ချမ်းတုန်ဖျားလျှင်

• အရည်၊ အစာ ကောင်းကောင်းမဝင်လျှင်

• အသက်ရှူကျပ်လျှင်၊ အသက်ရှူမြန်လျှင်၊ နှုတ်ခမ်းပြာလျှင်

• ကလေးက တချိန်လုံးနုံးခွေနေလျှင်

• နား တချိန်လုံးကိုက်နေလျှင်

• လက္ခဏာများ ပိုပိုဆိုးလာလျှင်… နီးစပ်ရာ ဆေးရုံ ဆေးခန်းမှာ ပြသဖို့လိုပါတယ်။

🔷 နှာစေး/ချောင်းဆိုး ပျောက်ဆေးများ

ဆေးဆိုင်တွေမှာ ဆရာဝန်ရဲ့ ဆေးလက်မှတ်မပါဘဲ မိမိဘာသာဝယ်သောက်လို့ရတဲ့ ချောင်းဆိုးပျောက်ဆေးမျိုးစုံ ရှိပါတယ်။

အဲဒီဆေးတွေထဲမှာ အများစုကတော့ အောက်ပါဆေးတွေထဲက တစ်ခုခု (သို့မဟုတ်) တစ်ခုမကကို ရောစပ်ထားကြတာ များပါတယ်။

တကယ်တော့ အဲဒီဆေးတွေက ရောဂါကို ပျောက်ကင်းစေတာမဟုတ်ဘဲ ခံစားနေရတဲ့ရောဂါလက္ခဏာကို သက်သာဖို့သာ ကူညီပေးပါတယ်။

🔺ဓာတ်မတည့်မှု (allergy) သက်သာဆေး

Chlorpheniramine, diphenhydramine, hydroxyzine

🔺ကိုယ်ပူကျဆေး

Acetaminophen, ibuprofen

🔺ချောင်းဆိုးပျောက်ဆေး

Dextromethorphan

🔺နှာစေး၊ နှာပိတ်သက်သာဆေး

Pseudoephedrine, phenylpropanolamine, phenylephrine

🔺ချွဲပျော်ဆေး

Guaifenesin, Carbocysteine, Bromhexine

🔷 ချောင်းဆိုးပျောက်ဆေးကို ကလေးငယ်တွေကိုတိုက်လို့ရလား

မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံတချို့မှာ ကလေးငယ်တွေကို ချောင်းဆိုးပျောက်ဆေးတိုက်တာ ထုံးစံဖြစ်နေပေမယ့် ဆေးသိပ္ပံသုတေသန အဖြေတွေကတော့ မတိုက်ဖို့ အကြံပေးထားပါတယ်။

အဲဒီဆေးတွေဟာ ကလေးငယ်တွေရဲ့ နှာစေးချောင်းဆိုးလက္ခဏာတွေကို တကယ်သက်သာပျောက်ကင်းစေတယ်ဆိုတဲ့ အထောက်အထား မရှိပါဘူးလို့ ဆိုပါတယ်။

ဒါပေမယ့် ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကိုတော့ ကလေးတွေ ခံစားရနိုင်ပါတယ်။ အထူးသဖြင့် အသက် ၂ နှစ်အောက်ကလေးတွေမှာ အဲဒီဆေးတွေ လိုတာထက်ပိုတိုက်ကျွေးမိရင် အသက်အန္တရာယ်ပါ ထိခိုက်နိုင်ပါတယ်။

ဒါကြောင့် ယူကေ၊ ကနေဒါ၊ ဥရောပ၊ ဩစတေးလျ စတဲ့နိုင်ငံတွေမှာ ကလေးချောင်းဆိုးပျောက်ဆေးတွေကို အသက် ၆ နှစ်နဲ့အထက်အတွက်သာ သုံးဖို့ ဆေးပုလင်းမှာ သေချာရေးထားပါတယ်။ ယူအက်စ်မှာတော့ အသက်လေးနှစ်အောက် ကလေးတွေကို မတိုက်ဖို့ ဆေးဘူးတွေမှာ ရေးထားပါတယ်။

ဒါကြောင့် ကလေးငယ်ငယ်တွေ ချောင်းဆိုးရင် ဆေးဆိုင်က စပ်ဆေးများဝယ်တိုက်ခြင်းမှ ရှောင်ကြဉ်ဖို့ အထူးသတိပြုစေလိုပါတယ်။

References : 📚

https://www.fda.gov/consumers/consumer-updates/should-you-give-kids-medicine-coughs-and-colds

https://www.drugoffice.gov.hk /eps/do/en/consumer/news_informations/dm_36.html

https://www.rch.org.au/kidsinfo/fact_sheets/cough/

https://www.mayoclinic.org/healthy-lifestyle/childrens-health/in-depth/cold-medicines/art-20047855

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉 တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

#nugmoh#telehealth#telemedicine

#teleconsultation#တယ်လီကျန်းမာ#Telekyanmar

#ချောင်းဆိုးပျောက်ဆေး#cough_relieve

Ministry of Health,
National Unity Government.

Published on: August 14, 2023
Last updated: August 14, 2023