COVID-19 ရောဂါ မျိုးရိုးဗီဇသစ် အိုမိုင်ခရွန် (Omicron) ကာကွယ်ထိန်းချုပ်ကုသရေး (၂၂-၁၂-၂၀၂၁)
COVID-19 ရောဂါ ကမ္ဘာ့ကပ်ဘေးကြီးကို ဖြတ်သန်းနေခဲ့ကြတာ (၂) နှစ် ရှိခဲ့ပါပြီ။ ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ မျိုးရိုးဗီဇအသွင် အစဉ်မပြတ်ပြောင်းရင်း Alpha ကနေ Beta၊ Gamma၊ Delta နဲ့ ယခု Omicron အထိ ရောက်လာခဲ့ပါပြီ။
COVID-19 မျိုးရိုးဗီဇသစ် Omicron variant ဟာ တောင်အာဖရိကနိုင်ငံမှာ ကူးစက်ဖြစ်ပွားမှု အမြင့်ဆုံး ရောက်ရှိခဲ့ပြီးနောက် ယခုအခါ ဗြိတိန်နိုင်ငံကို ခြိမ်းခြောက်မွှေနှောက်နေပြီး အမေရိကန်နိုင်ငံကိုလည်း အတားအဆီးမရှိသကဲ့သို့ ဝင်ရောက်လာနေပါပြီ။
လူသားနဲ့ ဗိုင်းရပ်စ်ပိုး ပြိုင်ပွဲမှာ ပြိုင်ဘက် Omicron variant ကို ထိန်းချုပ်အနိုင်ယူဖို့ အရေးကြီးတဲ့ အချက် (၄) ချက်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က ကြေညာခဲ့ပါတယ်။
(၁) Omicron variant ဟာ Delta variant ထက် ပိုပြီးကူးစက်နိုင်ပါသလား။
(၂) COVID-19 ကာကွယ်ဆေးထိုးပြီးသားသူနဲ့ Delta variant ကူးစက်ခံခဲ့ရဖူးသူတွေရော ရောဂါပြန် ဖြစ်နိုင်ပါသလား။
(၃) ရောဂါပြင်းထန်မှုကရော Delta variant ထက် ပိုဆိုးနိုင်မလား။
(၄) Omicron variant ကို ကာကွယ်ထိန်းချုပ်ဖို့ အရေးအကြီးဆုံးအချက်က ဘာလဲ။
(၁) Omicron variant ဟာ Delta variant ထက် ပိုပြီးကူးစက်နိုင်ပါသလား။
♦ ခုအချိန်အထိ တွေ့ရှိချက်တွေအရ Delta variant ထက် (၂) ဆကနေ (၃) ဆအထိ ကူးစက်နှုန်း ပိုမြန်နိုင်ပါတယ်။
(၂) COVID-19 ကာကွယ်ဆေးထိုးပြီးသားသူနဲ့ Delta variant ကူးစက်ခံခဲ့ရဖူးသူတွေရော ရောဂါပြန် ဖြစ်နိုင်ပါသလား။
♦ Delta variant နဲ့ ယှဉ်ရင် (၅) ဆလောက် ရောဂါပြန်ဖြစ်နိုင်ဖို့ ပိုများတယ်လို့ တွေ့ရှိထားပါတယ်၊ အစကနေ ပြန်ရင်ဆိုင်ကြရတော့မှာလားလို့ စိုးရိမ်နေကြပါတယ်။
♦ ကာကွယ်ဆေးထိုးပြီးသားသူတွေပဲ တက်ခွင့်ရတဲ့ နော်ဝေနိုင်ငံ၊ အော်စလိုမြို့က ခရစ်စမတ်ပါတီတစ်ခုမှာ လူပေါင်း (၁၂၀) ကျော်ရဲ့ ဓာတ်ခွဲနမူနာတွေကို ဓာတ်ခွဲစစ်ဆေးခဲ့တဲ့အခါမှာ တစ်ဝက်ကျော်လောက်က Omicron variant ကူးစက်ခံခဲ့ရကြောင်း တွေ့ခဲ့ရပါတယ်။ တစ်ယောက်မှတော့ ဆေးရုံတက်ရတဲ့အထိ ရောဂါ မပြင်းထန်ခဲ့ပါဘူး။
♦ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) အသိအမှတ်ပြု ကာကွယ်ဆေးတိုင်းဟာ ရောဂါပြင်းထန်မှုကို အတိုင်းအတာတစ်ခုထိ ကာကွယ်ပေးနိုင်ပေမဲ့ ရောဂါလုံးဝ မကူးစက်ဖို့ကိုတော့ အာမ မခံနိုင်တဲ့သဘော ရှိနေပါတယ်။
♦ Pfizer နဲ့ Moderna ကာကွယ်ဆေး နှစ်မျိုးကပဲ တတိယအကြိမ် ဆေးထိုးနှံပြီးရင် ရောဂါကူးစက်မှုကို (၇၅)% လောက် ကာကွယ်ပေးနိုင်တယ်ဆိုပြီး တွေ့ရှိလာတဲ့အတွက် တတိယအကြိမ် Booster dose တွေ ထိုးနှံဖို့ အားပေးလာကြပါတယ်။
(၃) ရောဂါပြင်းထန်မှုကရော Delta variant ထက် ပိုဆိုးနိုင်မလား။
♦ အခုထိတော့ ရောဂါပြင်းထန်မှုက Delta variant လောက်မဆိုးဘူးလို့ အများစုက လက်ခံထားကြပါတယ်။ Delta variant ထက် (၆) ဆလောက် ပြင်းထန်မှုနည်းမယ်၊ (၂၅) ဆလောက် သေနှုန်းနည်းမယ်လို့ မှန်းဆကြသူတွေရှိသလို ဒါကိုသဘောမတူကြသူတွေလည်း ရှိကြတယ်။ ဒီတော့ သတိနဲ့ စောင့်ကြည့်ကြဖို့လိုပါတယ်။
(၄) Omicron variant ကို ကာကွယ်ထိန်းချုပ်ဖို့ အရေးအကြီးဆုံးအချက်က ဘာလဲ။
♦ အရေးကြီးဆုံးက ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ မူဝါဒတွေကို ပြည်သူတစ်ရပ်လုံးက ယုံကြည်လက်ခံကျင့်သုံးဖို့ ဖြစ်ပါတယ်။
♦ Omicron variant က Delta variant နဲ့ယှဉ်ရင် ရောဂါပြင်းထန်မှု နည်းနိုင်တယ်ဆိုပေမဲ့ လူအများကြီးတစ်ချိန်တည်းဖြစ်ခဲ့ရင် တိုးတက်ပြည့်စုံနေတဲ့ နိုင်ငံကြီးတွေမှာတောင် ကျန်းမာရေးစနစ်တွေ ပြိုလဲကြရပါတယ်။ ဒါကိုထိန်းချုပ်နိုင်ဖို့ ကျန်းမာရေးဝန်ထမ်းသူရဲကောင်းတွေရဲ့ ကိုယ်စိတ်ကျန်းမာရေး ပိုမိုတောင့်တင်းကောင်းမွန်အောင် အထူးဆောင်ရွက်ပေးကြရပါမယ်။
♦ Omicron variant နဲ့အတူ COVID-19 ရောဂါ စတုတ္ထလှိုင်းရောက်လာခဲ့ရင် ရောဂါဖြစ်တဲ့သူတိုင်းကို မလိုအပ်ဘဲ၊ ရောဂါမပြင်းထန်ဘဲ ဆေးရုံတင်ထားတဲ့မူဝါဒဟာ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဆေးရုံတွေကို ဝန်ပိုပိစေပြီး ဆုံးရှုံးမှုတွေ ပိုများသွားနိုင်ပါတယ်။
♦ ဒါကြောင့် တိုင်းပြည်ရဲ့ အကန့်အသတ်ရှိနေတဲ့ ကျန်းမာရေးဝန်ထမ်းအင်အားနဲ့ ကျန်းမာရေးအသုံးစရိတ်တွေကို –
- ရပ်ရွာတွေထဲမှာ လွယ်လွယ်ကူကူ ရောဂါစစ်ဆေးနိုင်တဲ့စနစ်၊
- ရောဂါကူးစက်မှုကို စောင့်ကြည့်ပြီး စောစောသတိပေးနိုင်တဲ့စနစ်၊
- ပြည်သူတိုင်းကို (တတိယအကြိမ် ထိုးနှံနိုင်မှု အပါအဝင်) COVID-19 ကာကွယ်ဆေး မျှမျှတတ ထိုးပေးနိုင်တဲ့စနစ်
တွေမှာ ဦးစားပေးဖို့ လိုအပ်ပါတယ်။
♦ အခုချိန်မှာ တန်ဖိုးအရှိဆုံး ကျန်းမာရေးဝန်ထမ်းများကို သူတို့ လုပ်ပေးချင်တဲ့၊ လုပ်ပေးနိုင်တဲ့ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေမှာ စိုးရိမ်ကြောင့်ကြမှု မရှိရစေဘဲ ရာနှုန်းပြည့် လုံခြုံစိတ်ချစွာ အလုပ်လုပ်နိုင်အောင် ဖန်တီးပေးဖို့က အရေးအကြီးဆုံး ဖြစ်ပါတယ်။
ကူးစက်ရောဂါဆိုင်ရာ အထူးကုဆရာဝန်ကြီးတစ်ဦး
Ministry of Health,
National Unity Government.
Published on: 22 December 2021
Last Updated: 22 December 2021