COVID-19 New Variant Omicron Update (10.1.2022)

COVID-19 မျိုးရိုးဗီဇသစ် အိုမိုင်ခရွန် (Omicron) နှင့်ပတ်သက်၍ ပြည်သူလူထုကို အသိပေးနှိုးဆော်ခြင်း (၁၀.၁.၂၀၂၂)

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ (၂၄) ရက်တွင် စတင်တွေ့ရှိခဲ့သော COVID-19 မျိုးရိုးဗီဇသစ် အိုမိုင်ခရွန် (Omicron) သည်-

♦ ယခုအခါ ကမ္ဘာ့နိုင်ငံ (၁၅၀) ကျော်တွင် တွေ့ရှိနေရပြီဖြစ်ပြီး အာဆီယံ (ASEAN) နိုင်ငံအားလုံးတွင်လည်း ကူးစက်ဖြစ်ပွားလျက်ရှိသည်။
♦ ကမ္ဘာတစ်ဝှမ်းတွင် ရောဂါကူးစက်ခံရသူစုစုပေါင်း သန်းနှင့်ချီ၍ ရှိနေပြီဖြစ်ပြီး အသက်ဆုံးရှုံးရမှုများလည်း ရာနှင့်ချီ၍ရှိနေပြီဖြစ်ပါသည်။
♦ ယခင် Delta မျိုးကွဲနှင့်နှိုင်းယှဉ်ပါက COVID-19 ကာကွယ်ဆေး ထိုးနှံထားသူများ၌ ရောဂါပြင်းထန်မှုလျော့နည်းသည်ဟု ယူဆရသော်လည်း သာမန်အပျော့စားရောဂါမျိုးကွဲ (Mild) ဟု မသတ်မှတ်သင့်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က (၆.၁.၂၀၂၂) ရက်တွင် ထုတ်ပြန်ထားပါသည်။
♦ ကူးစက်မှုနှုန်း အလွန်မြင့်မားသောကြောင့် ဆေးရုံတက်ရောက်ရသူဦးရေမှာ အဆမတန် များပြားလာနိုင်ခြေရှိသဖြင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ပြင်းထန်စွာ ထိခိုက်မည်ဖြစ်ပါသည်။
♦ မြန်မာနိုင်ငံတွင် COVID-19 ကာကွယ်ဆေးထိုး လွှမ်းခြုံမှုနည်းပါးနေသေးသည့်အတွက် ရောဂါကူးစက်မှု အန္တရာယ် ဆက်လက်မြင့်မားနေမည်ဖြစ်ပါသည်။

♦ ကမ္ဘာ့နေရာအနှံ့အပြားတွင် COVID-19 မျိုးရိုးဗီဇသစ် အိုမိုင်ခရွန် (Omicron) ကူးစက် ဖြစ်ပွားမှုများ လွန်စွာမြန်ဆန်များပြားနေသည့်အလျောက် မြန်မာနိုင်ငံတွင်လည်း များမကြာမီအချိန်အတွင်း COVID-19 လှိုင်းအသစ်တစ်ခုသဖွယ် ကူးစက်ဖြစ်ပွားလာနိုင်ခြေရှိပါသည်။

ပြည်သူလူထုအနေဖြင့် COVID-19 ကာကွယ်ဆေးထိုးနှံခြင်းအပြင် မဖြစ်မနေ လိုက်နာကြရမည့် ရောဂါကာကွယ်ရေးနည်းလမ်းများဖြစ်သည့်-

😷 Mask တပ်ခြင်း၊
🖐️ လက်ဆေးခြင်း၊
🚫 လူစုလူဝေးရှောင်ရှားခြင်း၊
🪟 လေဝင်လေထွက်မကောင်းသောအခန်းများကို ရှောင်ရှားခြင်း
🧍↔️🧍 ၆ ပေအကွာတွင် ခပ်ခွာခွာနေခြင်း
🤧 ချောင်းဆိုး၊ နှာချေတိုင်း ပါးစပ်နှင့် နှာခေါင်းကို လုံခြုံစွာဖုံးအုပ်ခြင်း
🧼 လူနာနှင့် လူအများ မကြာခဏထိတွေ့ကိုင်တွယ်လေ့ရှိသော အရာဝတ္ထု မျက်နှာပြင်များနှင့် နေရာများကို ပိုးသတ်သန့်စင်ခြင်း

အစရှိသည်တို့ကို လိုက်နာဆောင်ရွက်ကြရန် အထူးအရေးကြီးပါသည်။

Ministry of Health,

National Unity Government.

လှူဒါန်းရန်-
https://moh.nugmyanmar.org/donate/

 Published on: 10 January 2022
Last Updated: 10 January 2022