ကိုဗစ် ကျန်းမာရေးပညာပေး ဖြန့်ဝေရန် တိုက်တွန်းခြင်း

ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးအသိပညာ ဖြန့်ဝေရေး လူထုလှုပ်ရှားမှု ရက်သတ္တပတ် (၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၁၂) ရက်နေ့မှ (၁၈) ရက်နေ့အထိ) ဆောင်ပုဒ် – “ပြည်သူက ပြည်သူကို စောင့်ရှောက်ခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါကို အနိုင်ယူပါ” 

ယခု ရက်သတ္တပတ်တာ လူထုလှုပ်ရှားမှုကို ၁။ မြန်မာနိုင်ငံ၏ နေရာဒေသအနှံ့၌ ကိုဗစ်-၁၉ ရောဂါသည် လျင်မြန်များပြားစွာ ကူးစက်ဖြစ်ပွားလျက်ရှိသည့်အတွက် ပြည်သူများသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေးနည်းလမ်းများကို ပိုမို သိရှိ၊ လိုက်နာ၊ ဖြန့်ဝေကြစေရန်နှင့် ၂။ အထူးသဖြင့် Surgical Mask များ ဝယ်ရခက်ခဲပြီး ဈေးနှုန်းများ မြင့်တက်လာသည့်အတွက် မိမိအိမ်တွင် ချုပ်လုပ်ကြသည့် အဝတ်နှာခေါင်းစည်း (Homemade Fabric / Cloth Mask) များကို ကျယ်ကျယ်ပြန့်ပြန့် ဝတ်ဆင်လာကြစေရန် ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ပါသည်။ 

“ပြည်သူက ပြည်သူကို စောင့်ရှောက်ခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါကို အနိုင်ယူပါ”  ဟူသည့် ဆောင်ပုဒ်အတိုင်း ရောဂါ မကူးစက်၊ မဖြစ်ပွားမီ ကြိုတင်ကာကွယ်ခြင်းကသာ ရောဂါကူးစက်ဖြစ်ပွားပြီးမှ ထိခိုက်ဆုံးရှုံးရခြင်းများကို တားဆီးလျှော့ချနိုင်မည် ဖြစ်ပါသည်။ နှာခေါင်းစည်းတပ်ခြင်း၊ လက်ဆေးခြင်း၊ တစ်ဦးနှင့် တစ်ဦး (၆) ပေအကွာမှာ ခပ်ခွာခွာနေခြင်း၊ မလိုအပ်ဘဲ အိမ်ပြင်မထွက်ဘဲ မိမိအိမ်မှာသာနေထိုင်ခြင်း အစရှိသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများကို ပြည်သူတစ်ဦးချင်းစီက လိုက်နာဆောင်ရွက်ကြရန် လိုအပ်ပါသည်။ သို့မှသာ မိမိကိုယ်တိုင်အပြင် မိမိချစ်ခင်ရသော မိသားစုဝင်များ၊ မိတ်ဆွေအပေါင်းအသင်းများနှင့် အခြားသူများအားလုံးထံ ရောဂါ ပြန့်ပွား ကူးစက်မှုကို လျှော့ချတားဆီးနိုင်မည်ဖြစ်ပါသည်။ 

အထူးသဖြင့် အကြမ်းဖက်စစ်အာဏာရှင်အုပ်စုက တိုင်းပြည်အာဏာကို တရားနည်းလမ်းမကျသော နည်းလမ်းဖြင့် အဓမ္မသိမ်းပိုက်၍ ပြည်သူများအပေါ် အကြမ်းဖက်နေသည့် ယခုအချိန်ကာလတွင် ပြည်သူတစ်ဦးချင်းစီတိုင်းက ကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့် ထိခိုက်ခံစားရမှု မရှိစေရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ရောဂါကာကွယ်ရေးနည်းလမ်းများကို သေချာစွာ လိုက်နာဆောင်ရွက်ကြရန် အထူးလိုအပ်ပါသည်။ 

ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူများ၏ မြေပြင်လိုအပ်ချက်များဖြစ်သော Mask ၊ PPE ၊ ဆေးဝါး၊ အောက်စီဂျင် စသည်များ ရရှိရေးကိုလည်း အခက်အခဲများကို ဖြတ်ကျော်ကာ မြို့နယ်အသီးသီးနှင့် ချိတ်ဆက်ပံ့ပိုးပေးလျက်ရှိပါသည်။ ထို့အပြင် ပြည်သူများအတွက် ကိုဗစ်ကာကွယ်ဆေး ရရှိရန်လည်း အစွမ်းကုန် ကြိုးစားလုပ်ဆောင်လျက်ရှိပါသည်။ 

သို့ဖြစ်ပါ၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားခဲ့သည့်/ ဆက်လက်ထုတ်ပြန်ပေးမည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၁၂) ရက်နေ့မှ (၁၈) ရက်နေ့အထိ ရက်သတ္တပတ် (၁) ပတ်တာ ကာလအတွင်း ပြည်သူတိုင်း၊ ပြည်သူတိုင်းက တစ်ဦးကို တစ်ဦး လက်ဆင့်ကမ်း၍ အသိပေးဖြန့်ဝေပေးကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။

Ministry of Health,

National Unity Government.

ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးပညာပေး ပိုစတာများ၊ လက်ကမ်းစာစောင်များနှင့် ရုပ်သံဗီဒီယိုများကို တစ်စုတစ်စည်းတည်း Download ရယူရန်-

 https://tinyurl.com/c19mohnug 

or

 https://drive.google.com/drive/folders/10jcsTjBu5pKnWylEEl0hNNp_972IqJje?usp=sharing 

or

https://www.mediafire.com/folder/2fiy2hu83esqd/COVID19

 Published on: 12 July 2021
Last Updated: 12 July 2021