ခြေထောက် သွေးလွှတ်ကြော ပိတ်ခြင်း – Critical Limb Ischaemia (July 2023)

ဆေးခန်းကို လာပြတဲ့ လူနာတစ်ယောက်…

၆၇ နှစ် အမျိုးသမီး…ဘယ်ဖက်ခြေသန်းမှာ အနာဖြစ်တာ ၈ ပတ်ကျော်။ အဲဒီမတိုင်ခင်က အရည်ကြည်ဖုလေးဖြစ်နေတာ။

လမ်းလျှောက်ရင် နာလိုက် ပျောက်လိုက် ဖြစ်နေတာတော့ ကြာ​ပါပြီတဲ့။ ဆီးချိုရှိတာက နှစ် ၂၀… Insulin ထိုးနေတာ ၇ နှစ်…

သွေးတိုးနဲ့ သွေးတွင်းအဆီဓာတ်မကောင်းတာတွေအတွက်လည်း ဆေးသောက်နေပါတယ်တဲ့။

.

ကဲ . . .ခြေထောက်လေးတွေစမ်းကြည့်တော့ ဘယ်ဘက် ခြေဖမိုးလေးတွေခြောက်၊ အရေခွံလေးတွေကွာ… ဘယ်ဖက်ခြေသန်းမှာ အနာရှိပြီး ဘေးပတ်ပတ်လည်မှာ ရောင်နေတယ်။

ဆီးချိုနဲ့မို့ထင်တယ် ထိတာတောင် ခြေချောင်းလေးတွေကို ထိမှန်းမသိပါဘူးတဲ့။

.

ဒီလိုနဲ့ အာထရာဆောင်းရိုက်၊ သွေးကြောဓာတ်မှန်ရိုက်တာလုပ်​လိုက်တော့. . .ဘယ်ဖက်ပေါင်ရင်းက သွေးလွှတ်ကြောမှာ ကျဥ်းနေတာ ၅၀% မက… ဘယ်ဖက်ခြေကျင်းဝတ်နားက သွေးကြောတွေကလည်း တော်တော်များများ ပိတ်နေကြတယ်တဲ့။

..

ဒါနဲ့ပဲ. . လူနာကို ရှင်းပြ ခွင့်ပြုချက်တောင်းပြီး ပေါင်အရင်းက ပိတ်နေတဲ့ သွေးကြောအကြီးရယ်၊ ခြေကျင်းဝတ်က သွေးကြောလေးတွေကို ဘောလုံးနဲ့ ချဲ့လိုက်တယ်။ အောင်မြင်ခဲ့တယ် ဆိုပါတော့. . .

ဒါနဲ့ လူနာအိမ်ပြန်သွား၊ အနာလေးတွေ ဆေးထည့်၊ ဆေးတွေဆက်သောက်ပေါ့။

.

၂ ပတ်အကြာ ပြန်လာပြတဲ့ အခါမှာ..

ခြေသန်းက အနာက ပိုဆိုးလာပါလေရော… အရောင်ပါပြောင်းနေပြီ။ အနာကလည်း တော်တော်ဆိုးနေတယ်။ ပြောရရင် အနာက ကျက်မလာဘူးပေါ့။

.

အဲဒါနဲ့ အာထရာဆောင်းလေး ပြန်ထောက်ကြည့်တော့ ပေါင်အရင်းကစ ခြေဖမိုးအထိ သွေးကြောတွေက သွေးလည်ပတ်မှု တိုးတက်လာတာ တွေ့ရပါတယ်။

ကဲ… ဒါဆိုရင်တော့ သွေးကြောတွေက ပြန်ကောင်းနေပြီ။ ခြေသန်းကအနာကတော့ မကျက်ဘူး ပိုဆိုးလာတယ်။ နောက် ဒါထက်ဆိုးရင် ခက်မယ် . .လူနာကိုခွင့်ပြုချက်တောင်းပြီး အဲ့ခြေသန်းလေးကို စိတ်မကောင်းစွာနဲ့ပဲ ဖယ်လိုက်ရပါတယ်. . .။

နောက်ပိုင်းတော့ ဘာပြဿနာမှ မရှိတော့ဘဲ ရက်ချိန်း လာပြတော့ ဆီးချိုလည်း ထိန်းနိုင်၊ ဖယ်လိုက်ရတဲ့ ခြေသန်းက ခွဲစိတ်ဒဏ်ရာအနာလေးလည်း ကောင်း၊ အာထရာဆောင်းကြည့်တော့လည်း ကျန်သွေးကြောလေးတွေ အကုန်ကောင်းလို့ပါ။

.

အဲဒီအခါကျတော့မှပဲ. . .

တော်သေးတာပေါ့လို့. .

အမယ်လေး… မဟုတ်ရင် ခြေသန်းကစ တစ်ကိုယ်လုံး ပြဿနာတက်တော့မှာလို့ စိတ်ထဲ စိတ်ပူနေမိတာ ခုမှ သက်ပြင်းချနိုင်ပါတော့တယ်။

.

စောစော သတိရှိိရပါမယ်..

ဒီလူနာက ခြေသန်းလေးဆုံရှုံးသွားရတာ ဆေးခန်းလာပြတာ နောက်ကျလို့ပါ။ အဆိုးထဲက အကောင်းပဲ ပြောရမလား ခြေထောက်အပေါ်ကို ဆက်မဖြစ်လာဘူးဆိုတော့လေ။

သူ့ဆီမှာ ရောဂါတွေရှိတာကို ထိန်းသိမ်းဖို့လိုပါတယ်။ ရှေ့ဆက်ပြီးလည်း ပုံမှန်ဆေးသောက်၊ ဆရာဝန်နဲ့ပုံမှန်ပြဖို့ လိုအပ်ပါတယ်…။

အခုအဖြစ်အပျက်ပေါ် မူတည်ပြီး ခြေထောက်သွေးလွှတ်ကြောပိတ်တဲ့ အကြောင်းလေးကိုလည်း ဗဟုသုတအနေနဲ့ သီးခြား ဖော်ပြပေးလိုက်ပါတယ်။

..

.

——————–။ ။——————–

.

“ခြေထောက်ကို ပေးတဲ့ သွေးလွှတ်ကြောတွေမှာ ပြဿနာပေးတဲ့ ကြီးမားတဲ့ရောဂါတစ်ခု Critical Limb Ischemia (CLI) “

.

🔸ဘယ်လိုတွေ ဖြစ်တာကို ပြောတာလဲ

– လမ်းမလျှောက်နိုင်၊ အနားပေးထားလျက်နဲ့ကို ခြေထောက်က နာနေတာ

– ခြေထောက်မှာ အနာတွေ ဖြစ်လာတာ

– ခြေချောင်းလေးတွေ အရောင်ပြောင်းလာ၊ မဲလာတာ

– နောက်ဆုံး ပုပ်တဲ့အခြေအနေထိပါ ဖြစ်နိုင်ပါတယ်။

..

..

🔸ဘာကြောင့်ဖြစ်တာလဲ

– ခြေထောက်ကိုပေးသော သွေးလွှတ်ကြောများ ပိတ်သွားခြင်းကြောင့် ဖြစ်ပါတယ်။

..

..

🔸ဆက်ပြီးတော့ ဘာဖြစ်နိုင်မလဲ

– ခြေထောက် အစိတ်အပိုင်းတစ်ခု ဆုံးရှုံးနိုင်ပါတယ်

– နှလုံးနှင့် သွေးကြောပြဿနာ ဖြစ်ပါမယ်

– အသက်သေဆုံးသည်အထိ ရှိနိုင်ပါတယ်

ရာခိုင်နှုန်းအားဖြင့် ပြောရရင်တော့ ခြေထောက် သွေးလွှတ်ကြော ပိတ်ပြီလို့သိတာနဲ့ ၂၀ % သော လူနာများက ၆ လ အတွင်း၊ ၅၀ % သော လူနာတွေက ၅ နှစ် အတွင်း အသက်သေဆုံးနိုင်ပါတယ်လို့ စာတမ်းတွေအရ တွေ့ရှိရပါတယ်။

..

..

🔸ဘာတွေကြောင့် ဒီလို ဖြစ်ရတာလဲ

– ဆေးလိပ်သောက်တယ်၊ ဆီးချိုမထိန်းဘူး၊ သွေးတိုးလည်း ဆေးပုံမှန်မသောက်၊ သွေးတွင်းမကောင်းတဲ့ အဆီဓာတ်တွေလည်း များနေ၊ ကျောက်ကပ်ကလည်း နာတာရှည်ယိုယွင်းနေတာမျိုး၊ သွေးထဲမှာ သွေးခဲခြင်းကိုဖြစ်စေတဲ့လုပ်ငန်းကို မွေးရာပါ ပုံမှန်မလုပ်ပေးနိုင် တဲ့သူတွေမှာ ဖြစ်တတ်တာပါ။

– ဆီးချိုရောဂါရှိတဲ့သူတွေဆိုရင် သွေးကြောကျဥ်းတာ စဖြစ်ကတည်းက နာတာကိုမသိဘဲ အနာဖြစ်မှ၊ ခြေထောက်အရောင်ပြောင်းမှ သိတာမျိုးလည်း တွေ့ရတတ်ပါတယ်။

..

..

🔸ခြေထောက်သွေးလွှတ်ကြောမှာ သွေးကြောကျဥ်းတာကို စောစောသိနိုင်ပါသလား

စဖြစ်တာကတော့ . . .သွေးကြောလေးတွေ စကျဥ်းတယ်။ အဲဒီအချိန်မှာက လမ်းလျှောက်ရင် နာမယ်၊ နားလိုက်ရင် သက်သာတယ်၊ ပြန်လျှောက်နိုင်တယ်။

တဖြည်းဖြည်းနဲ့…နားလည်း နာတာက မသက်သာတော့ဘူး၊ ကုသမှုလည်း မခံယူဘူးဆိုရင်တော့ အခုလို အခြေနေ ရောက်လာပါလေရော. .

အဲဒီတော့ စဖြစ်ထဲက ကုသမှုခံယူမယ်ဆိုရင် သက်သာလာမှာပါ။

..

🔸ဖြစ်လာပြီဆိုရင်တော့ ကုသမှု ခံယူရတော့မှာပေါ့… ဘယ်လိုလုပ်ရပါ့မလဲ

လူနာရဲ့ ရောဂါဖြစ်တဲ့ခြေထောက် အသုံးပြုလို့ရအောင်၊ ဖြစ်နေတဲ့ဘက်ကို မဆုံးရှုံးရအောင်နဲ့ အသက်သေဆုံးတာကို ကာကွယ်ဖို့အတွက်က အလွန်အရေးကြီးပါတယ်။ ဒီ့အတွက်…

– အနာသက်သာအောင် လုပ်ရမယ်

– ဆေးလိပ်ဖြတ်ရမယ်

– သွေးတွင်းမကောင်းတဲ့ အဆီဓာတ်တွေ လျော့အောင် ဆေးသောက်ရမယ်

– သွေးတိုးအတွက် သွေးပေါင်ကျဆေး မှန်မှန်သောက်ရမယ်

– ဆီးချိုကို ထိန်းဖို့ အလွန်အရေးကြီးတယ်

– သွေးကျဲဆေး လိုအပ်ရင် သောက်ရပါတယ်။

..

..

🔸ဆက်လက်ပြီး ဘာလုပ်မလဲ

– အာထရာဆောင်း ရိုက်ရပါမယ်

– ​သွေးကြောပိတ်နေတဲ့နေရာ အတိအကျသိဖို့ လိုပါတယ်

– သွေးကြောဓာတ်မှန် ရိုက်ရပါမယ်

ဒါဆိုရင်တော့ နေရာအတိအကျ သိရပါပြီ။

..

..

🔸ကုသမှုက ဘယ်လိုလဲ

– Revascularization လို့ခေါ်တဲ့ ကုသမှုက အရေးကြီးဆုံးပါ

– ပိုက်ထည့်ပြီး (Endovascular revascularization) ကုသတဲ့ ကုသမှုကလည်း ခေတ်စားလာတာကို တွေ့ရပါတယ်။ ဒီကုသမှုမှာတော့ ပေါင်ကနေတစ်ဆင့် ပိတ်နေတဲ့သွေးကြောကို ဘောလုံးနဲ့ ချဲ့တာ၊ ပိုက်ထည့်ကုသတာ ပြုလုပ်ကြပါတယ်။

– နောက်တစ်မျိုးက ခွဲစိတ်မှု လုပ်ရပါမယ်။ ပိတ်နေတဲ့ သွေးလွှတ်ကြောကို ဘေးနားက သွေးပြန်ကြောတစ်ချောင်းနဲ့ ပိတ်နေတဲ့နေရာကိုကျော်ပြီး ဆက်ပေးတာ (သို့) သွေးကြောအတုနဲ့ ဆက်ပေးတာဖြစ်ပါတယ်။ ဒါမှ ပိတ်နေတာကိုကျော်ပြီး ခြေထောက်အောက်ဘက်ကို သွေးတွေသွားနိုင်အောင်လို့ပါ။

– ကုသမှုကတော့ လူနာတစ်ယောက်နဲ့တစ်ယောက် ကွဲပြားမှုရှိပါတယ်။ ရောဂါအခြေအနေ၊ တခြားရောဂါအခံ ရှိတာ/မရှိတာ၊ အသက်အရွယ်၊ ဆက်ပေးမယ့် သွေးပြန်ကြောနဲ့ အောက်ဘက်က သွေးလွှတ်ကြောတွေရဲ့အခြေအနေ အစရှိတာတွေအပေါ် မူတည်ပြီး ကွဲပြားပါတယ်။

– တခြားကုသမှု အသစ်တွေလည်း နိုင်ငံတကာမှာ ပေါ်ထွက်နေတာကို တွေ့ရပါတယ်။

..

..

🔸ဒီနည်းလမ်းတွေနဲ့မှ မရဘူးဆိုရင်တော့

ခြေထောက် အစိတ်အပိုင်းတစ်ခု ဖယ်ရှားပစ်ရပါလိမ့်မယ်။ ဒီလိုမှမဟုတ်ရင် တဖြည်းဖြည်း သွေးကြောပိတ်တာ ပိုဆိုးလာပြီး အသက်ဆုံးရှုံးသွားနိုင်လို့ပါ။

ဒါကြောင့် ဒီလိုမဖြစ်ရအောင် ရောဂါကို သိလျင်သိချင်း ကုသမှုခံယူဖို့ လိုပါတယ်..။

*** ခွဲစိတ်မှုတွေ၊ သွေးကြောချဲ့တာတွေ၊ နောက်ဆုံး ခြေထောက်အစိတ်အပိုင်းတစ်ခု ဖယ်ပစ်လိုက်ရတာတွေ ပြုလုပ်ပြီးသွားရင်လည်း အနာကို ဂရုစိုက်ပြီး ကုရပါမယ်။ ရောဂါအခံတွေရှိရင် ထိန်းရမယ်၊ ဆေးတွေ ပုံမှန်သောက်ရမယ်၊ ရက်ချိန်း မှန်မှန်ပြဖို့လိုအပ်တယ် ဆိုတာလည်း မမေ့ပါနဲဦး ***

.

နှလုံးနှင့်သွေးကြော ခွဲစိတ်ဆရာဝန်တစ်ဦး

တယ်လီကျန်းမာ

(ယခုပိုစ့်တွင် ဖော်ပြထားသောပုံမှာ ဆောင်းပါးတွင်ပါဝင်သည့် လူနာ၏ သွေးကြောဓာတ်မှန် မဟုတ်ပါ)

Ministry of Health,
National Unity Government.

Published on: 31 July 2023
Last updated: 31 July 2023