“Cyclical Mastalgia” (August 2023)

ရာသီစက်ဝန်းနှင့်ဆိုင်သော ရင်သားနာကျင်ခြင်း (Cyclical Mastalgia)

ရာသီလာခါနီး ဖြစ်လေ့ရှိတဲ့ ဟော်မုန်းအပြောင်းအလဲ ဖြစ်စဉ်ကြောင့် အမျိုးသမီးအများစုဟာ ရာသီစက်ဝန်းနဲ့ဆိုင်တဲ့ ရင်သားနာကျင်မှုကို ခံစားရလေ့ရှိပါတယ်။

📍 လက္ခဏာတွေကတော့…

ရင်သားနှစ်ဖက်လုံး လေးလံနေ၍ ဆွဲထားသလို ခံစားရခြင်း

– ရင်သားက တင်းပြီး နာကျင်ခြင်း၊ ဆူးစူးနေသကဲ့သို့ တဆစ်ဆစ်ခံစားရခြင်း

– လက်မောင်းရင်းနှင့် ချိုင်းဘက်တွေပါ နာကျင်ကိုက်ခဲခြင်း… တို့ဖြစ်ပြီး များသောအားဖြင့် အသက် (၂၀) ကနေ (၄၀) ကြားအမျိုးသမီးတွေမှာ ပိုတွေ့ရနိုင်ပါတယ်။

ဓမ္မတာမလာခင် (၁) ပတ်အတွင်း ပိုနာကျင်တတ်ပြီး၊ နောက်ပိုင်း ပြန်သက်သာသွားလေ့ ရှိပါတယ်။

နာကျင်မှုက မခံမရပ်နိုင်ဖြစ်ပြီး နေ့စဉ် လုပ်ငန်းဆောင်တာတွေကိုပါ ထိခိုက်လာရင်တော့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

..

..

📍 ရောဂါအဖြေရှာဖွေမှု အနေနဲ့

• ရောဂါရာဇဝင် မေးမြန်းခြင်းနှင့် ရင်သားစမ်းသပ်ခြင်း

• အယ်လ်ထရာဆောင်း (Ultrasound) ရိုက်ခြင်း

• လိုအပ်ပါက ရင်သားပုံရိပ် ရိုက်ကူးခြင်း၊ ရင်သားတစ်သျူး စစ်ဆေးခြင်း စတာတွေ လုပ်ဖို့လိုပါမယ်။

..

..

📍နာကျင်မှုသက်သာစေရန် ဆရာဝန်က…

– စတီးရွိုက်မပါသော အကိုက်အခဲပျောက် သောက်ဆေး/လိမ်းဆေး ပေးခြင်း

– သွေးတွင်းဟော်မုန်းဓာတ် ထိန်းညှိသောဆေးများ ပေးခြင်း

– ဓမ္မတာကြောင့် ခံစားရတဲ့ဝေဒနာတွေ သက်သာစေတဲ့ Primrose oil (နွေဦးပေါက်စ အချိန်တွင် ပွင့်တတ်သည့် အဝါနုရောင်ပန်းတစ်မျိုးမှ ရသောအဆီ) နှင့် ဗီတာမင် E စတဲ့ ဗီတာမင်တွေ ပေးနိုင်ပါတယ်။

သောက်ရမယ့်ဆေးပမာဏနဲ့ ဘေးထွက်ဆိုးကျိုးတွေကိုတော့ ဆရာဝန်နဲ့ သေချာတိုင်ပင်သင့်ပါတယ်။

..

..

📍 အိမ်တွင်း ကုသမှုအနေနဲ့

• မိမိရင်သား အရွယ်အစားနဲ့ ကိုက်ညီသော အတွင်းခံ ရွေးချယ် ဝတ်ဆင်ပါ။

• အိပ်ရာဝင်ချိန်မှာ တင်းကျပ်တဲ့ bra ဝတ်တာမျိုး ရှောင်ကြဉ်ပါ။

• လေ့ကျင့်ခန်းလုပ်ချိန်မှာ ရင်သားအား ကောင်းစွာထောက်ပံ့ပေးနိုင်မယ့် sport bra မျိုး ဝတ်ဆင်ပါ။

• အဆီများသော အစာများ လျှော့စားပါ။

• ကဖင်းဓာတ်ပါဝင်မှုများတဲ့ ကော်ဖီ၊ လက်ဖက်ရည် လျှော့သောက်ပါက နာကျင်မှာကို သက်သာစေတယ်လို့လည်း လေ့လာတွေ့ရှိထားပါတယ်။

..

..

📌 ရင်သားနာကျင်မှုနှင့်တကွ ရင်သားအလုံးအကျိတ်စမ်းမိခြင်း၊ နို့သီးခေါင်းမှ အရည်ကြည်ထွက်ခြင်း စတဲ့ လက္ခဏာတွေ တွဲတွေ့ပါက Fibroadenosis (ကင်ဆာမဟုတ်သော ဟော်မုန်းအပြောင်းအလဲကြောင့် အလုံးအကျိတ် စမ်းမိခြင်း) ဟုတ်/မဟုတ် ပထမဦးစွာအဖြေရှာဖို့လိုပါမယ်။

တစ်နည်းအားဖြင့် Fibrocystic disease လို့လည်း ခေါ်လေ့ရှိပြီး အသက် (၂၅) နဲ့ (၃၅) နှစ်ကြားအရွယ် အမျိုးသမီးတွေမှာ အတွေ့ရများပါတယ်။

Fibroadenosis ကို များသောအားဖြင့် သောက်ဆေး (medical treatment) ပဲ ပေးလေ့ရှိပြီး အထက်ပါ အိမ်တွင်းကုသမှုများ၊ အစားအသောက်နှင့် နေထိုင်မှုပုံစံ ပြောင်းလဲလိုက်ရုံနဲ့ သက်သာတာမျိုးလည်း ရှိပါတယ်။

ရင်သား နာကျင်မှုမခံနိုင်အောင် ပိုဆိုးပြီး လူနာရဲ့စိုးရိမ်သောက များလာတဲ့အခါမျိုးမှာမှ ခွဲစိတ်မှု လို/မလို ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

📖 Reference

https:// www . verywellhealth . com /mastalgia-medical-definition-430288

https:// www . verywellhealth . com /fibrocystic-breast-changes-3520628

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉 တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

#nugmoh#telehealth#telemedicine

#teleconsultation#တယ်လီကျန်းမာ#Telekyanmar

#cyclical_mastalgia

Ministry of Health,
National Unity Government.

Published on: 2 August 2023
Last updated: 2 August 2023