ဗောက်ထခြင်းအကြောင်း သိကောင်းစရာ ( May, 2022 )
ဗောက်ထတယ်ဆိုတာ ဘာလဲ
လူ့ခန္ဓာကိုယ်မှာ epidermis လို့ခေါ်တဲ့ အရေပြားရဲ့ အပေါ်ဆုံးအလွှာက ဆဲလ်အသေ(dead cells)တွေဟာ တစ်လတစ်ခါ ပုံမှန် မသိမသာကွာကျလေ့ရှိပါတယ်။ ဒါက ပုံမှန်ဖြစ်စဉ်တစ်ခုပါ။
ဦးရေပြားမှာလဲ ထိုနည်းတူပါပဲ။ ဒါပေမယ့် ဦးရေပြားက dead cells တွေ ပုံမှန်ထက် ပိုကွာကျလာတဲ့အခါ ဗောက်ထခြင်းဆိုတာ ဖြစ်လာပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ တစ်ဝက်လောက်ဟာ သိသိသာသာ ဗောက်ထတတ်ကြပါတယ်။
ဗောက်ထခြင်းက အန္တရာယ်ရှိသလား
ဗောက်ထခြင်းက အဖြစ်များတဲ့ သာမာန်ဖြစ်စဥ် တစ်ခုဖြစ်ပြီးတော့ ကျန်းမာရေးကို မထိခိုက်နိုင်ပါဘူး ။ လူတိုင်း အတိုင်းအတာတစ်ခုထိ ဗောက်ထတတ်ကြပြီး တစ်ချို့တွေက အနက်ရောင်အဝတ်အစားဝတ်တဲ့အခါ အဝတ်ပေါ်မှာ ဗောက်တွေကျနေတာကို မြင်ပြီးတော့မှ ဗောက်ထနေတာကို သတိထားမိတတ်ကြတာမျိုးပါ။ ဗောက်ထခြင်းက ကူးလည်းမကူးစက်နိုင်သလို ထိပ်ပြောင်ခြင်းကိုလည်း မဖြစ်စေနိုင်ပါဘူး။ ဗောက်ထခြင်းကြောင့် ဦးရေပြားယားယံခြင်းတော့ ဖြစ်တတ်ပါတယ်။
ဘယ်အရာတွေက ဗောက်ထခြင်းကို ပိုဆိုးစေတတ်သလဲ
ဦးရေပြားသန့်ရှင်းမှု အားနည်းတာ (အချိန်အကြာကြီးနေမှ ခေါင်းလျှော်တတ်တာမျိုး)၊ ဦးရေပြားအတွက်သုံးတဲ့ အမျိုးမျိုးသော ဓာတုပစ္စည်းတွေနဲ့ အလှကုန်တွေ၊ ဓာတ်မတည့်ခြင်း၊ စိတ်ဖိစီးမှု စတာတွေက ဗောက်ထခြင်းကို ပိုဆိုးစေတတ်ပါတယ်။
ဘယ်လိုမျိုး ကုသကြမလဲ
ဗောက်ထခြင်း အတွက် သင့်တော်တဲ့ဆေးပါဝင်တဲ့ ခေါင်းလျှော်ရည်တွေ အမြောက်အများ ရှိနေပါပြီ။ ဒီခေါင်းလျှော်ရည်တွေထဲကမှ ဗောက်ထတဲ့ အနေအထားပေါ် မူတည်ပြီး သင့်တော်တာကို ရွေးချယ်နိုင်ပါတယ်။ အကယ်၍ ကိုယ်နဲ့ သင့်တော်တဲ့ ခေါင်းလျှော်ရည်ရှာတွေ့ပြီးရင် အဲ့ဒါကိုပဲ စွဲမြဲသုံးသင့်ပါတယ်။
ဗောက်အရမ်း မထတက်တဲ့ သူတွေအတွက်တော့
-Zinc pyriphione ပါတဲ့ ခေါင်းလျှော်ရည်
-Selenium Sulfide ပါတဲ့ ခေါင်းလျှော်ရည် နဲ့
-သူတို့ ၂ခု အရော ပါတဲ့ ခေါင်းလျှော်ရည်တွေကို အသုံးပြုနိုင်ပါတယ်။
ခေါင်းလျှော်တဲ့အခါ ဦးရေပြားကို ၅ မိနစ်ခန့်နှိပ်နယ်ပေးပြီးတော့ ရေနဲ့ သေချာ ဆေးချရပါမယ်။ တစ်ပတ်ကို ၂ ကြိမ် ၊ ၃ကြိမ် အသုံးပြုနိုင်ပါတယ်။
နောက်ထပ်အသစ် တစ်မျိုးကတော့ Piroctone Olamine 0.5% ပါတဲ့ ခေါင်းလျှော်ရည်တွေပဲ ဖြစ်ပါတယ်။
ဒီလောက်ဆို ဗောက်ထခြင်းနဲ့ ပတ်သက်ပြီး အထိုက်အလျောက် သိသင့်သလောက်သိပြီးပြီးဆိုတော့ ဗောက်မထအောင်ကာကွယ်ရင်း အားလုံးပဲ ကျန်းမာရေး ဂရုစိုက်ကြဖို့ တိုက်တွန်းအပ်ပါတယ်။
Reference
Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.250
NUG, MOH…တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ
တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းများ ပြသရန် ( နေ့စဥ် မနက် ၈နာရီမှ ညနေ၆နာရီအထိ )
ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
ချက်ချင်းဆေးခန်းပြရန်အတွက် ( https://t.me/TelehealthMM )ကို နှိပ်ပါ
လှူဒါန်းရန်-
https://moh.nugmyanmar.org/donate/
Ministry of Health,
National Unity Government.

Published on: 7 May 2022
Last Updated: 7 May 2022