Dementia ( သတိမေ့ရောဂါ) ( December, 2022)

ကိုယ့်ရဲ့မိသားစုထဲက အသက်ကြီးကြီး လူကြီးသူမတွေ မှတ်ဉာဏ်မကောင်းတာ၊ မှတ်ဉာဏ်တွေ မေ့လျော့လာတာကို ကြုံဖူး၊တွေ့ဖူးကြမှာပါ။

ဒါဟာ Dementiaရောဂါလက္ခဏာပဲ ဖြစ်ပါတယ်။ ဒီရောဂါဖြစ်တဲ့သူဟာဆိုရင် သူ့ရဲ့ဦးနှောက်က ကောင်းကောင်းအလုပ်မလုပ်တော့ဘဲ စိတ်တွေရှုပ်ထွေးလာမယ်။ မေ့တတ်လာမယ်။ ဒါကြောင့် အပြင်လောကကြီးနဲ့ အဆက်အသွယ်ပြတ်တောက်သွားမယ်။ ဒီရောဂါဟာ အသက် ၆၅နှစ်အောက်မှာ ဖြစ်တတ်တာရှားပြီးတော့ အသက်၈၀နဲ့အထက်တွေမှာ အဖြစ်များပါတယ်။

Dementiaရောဂါဟာ ဖြည်းဖြည်းချင်း အစပျိုးတဲ့ရောဂါ ဖြစ်ပါတယ်။ ဒါကြောင့် ရောဂါအစပျိုးတဲ့ စောစောစီးစီးအဆင့်မှာဆိုရင်‌တော့ လက္ခဏာတွေက မထင်ရှားပါဘူး။ ရောဂါလက္ခဏာတွေ ထင်ထင်ရှားရှားပေါ်လာဖို့ အချိန်တစ်ခုကြာပါတယ်။

ဘာကြောင့်ဖြစ်လာရတယ်ဆိုတာကတော့ မသေချာပါဘူး။ ဒါပေမယ့် ဦးခေါင်းကို ထိခိုက်ဒဏ်ရာရတာ၊ အရက်အလွန်အကျွံသောက်သုံးတာ၊ တချို့သောဆေးဝါးတွေနဲ့ ဦးနှောက်ရဲ့ သွေးကြောတွေကျဥ်းတာတို့ကနေလည်း Dememtiaဖြစ်နိုင်တာတွေ့ရပါတယ်။ တခါတလေမှာတော့ Dememtiaရောဂါဟာ မျိုးရိုးလိုက်တတ်ပါတယ်။

ဆက်ပြီးတော့ အဖြစ်များတဲ့ Dememtia‌ရောဂါအမမျိုးအစားတစ်ခုကို ဖော်ပြပေးကြပါတယ်။ ဒါကတော့ အများခေါ်ဆိုနေကြတဲ့ အယ်ဇိုင်းမား (Alzheimer’s disease)လို့ခေါ်တဲ့ ရောဂါပဲ ဖြစ်ပါတယ်။

ဘာကြောင့်ဖြစ်လဲဆိုတာတော့ ပြောရခက်ပါတယ်။

ဘယ်အသက်အရွယ်မှာမဆို ဖြစ်နိုင်ပေမယ့် အသက်၆၅နှစ်အောက်မှာ ဖြစ်တယ်ဆိုရင်တော့ presenile dementia လို့ခေါ်ပါတယ်။

တခါတရံမှာတော့ မျိုးရိုးလိုက်တတ်ပါတယ်။

ဒီအယ်ဇိုင်းမားရောဂါဟာဆိုရင် Parkinson’s disease, Down’s syndromeတို့လို ရောဂါရှိတဲ့သူတွေမှာ အဖြစ်များတာ တွေ့ရပါတယ်။

နောက်ထပ်အဖြစ်များတဲ့ Dementiaအမျိုးအစားကတော့ vascular dementiaပဲ ဖြစ်ပါတယ်။ ဒီအမျိုးအစားကတော့ ဦးနှောက်ကသွေးကြောလေးတွေမှာဖြစ်တဲ့ ရောဂါကြောင့် ခဏခဏလေဖြန်းရာကနေဖြစ်တဲ့ Dementiaပဲ ဖြစ်ပါတယ်။

ရောဂါလက္ခဏာတွေက ဘာလဲ?

အဓိက လက္ခဏာကတော့ လောလောလတ်လတ် ဖြစ်ပွားနေတဲ့ ကိစ္စတွေကို မမှတ်မိတာပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နာရီပိုင်းအတွင်းက ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကို မမှတ်မိတာမျိုးပါ။ ဒါပေမယ့် ဟိုအရင်အတိတ်က ကိစ္စတွေကိုတော့ မှတ်မိပါတယ်။

ဒါ့အပြင်…

– ဘေးပတ်ဝန်းကျင်ကို စိတ်ပါဝင်စားမှု မရှိတော့တာ

– ပစ္စည်းတွေ နေရာအထားမှားတာ

– အပြောအဆိုတွေ အမှားအယွင်းဖြစ်တာ ( စကားလုံးရွေးချယ်ပြောဆိုနိုင်မှု အားနည်းလာတာ)

– အရင်က လုပ်ကိုင်နေကျ လုပ်ငန်းဆောင်တာတွေလုပ်ဖို့ ခဲယ းလာတာ

– အချိန်၊ နေရာတွေ မသိတော့တာ

– ဆုံးဖြတ်နိုင်စွမ်း လျော့နည်းလာတာ

– အကျင့်စရိုက်တွေတွေ ပြောင်းလဲလာတာ ( ဥပမာ – သံသယဝင်လာတာ၊ ‌‌ဒေါသထွက်လာတာ၊ ဟာသဉာဏ်စွမ်းရည်တွေ လျော့နည်းလာတာ၊ အများသူငါနဲ့ပူးပေါင်းဆောင်ရွက်မှု မလုပ်နိုင်တော့တာ )

– စိတ်ခံစားချက်တွေ၊ အပြုအမူတွေပြောင်းလဲတာ ( ဥပမာ – စိတ်အပြောင်းအလဲမြန်တာ၊ စိတ်ရှုပ်ထွေးတာ၊ ဂနာမငြိမ်တာ)

– တစ်ကိုယ်ရေ သန့်ရှင်းမှုဆိုင်ရာတွေ အားနည်းလာတာ၊ မိမိဘာသာ လုပ်ဆောင်နိုင်စွမ်း မရှိတာ အစရှိတာတွေ ခံစားရနိုင်ပါတယ်။

ရောဂါခံစားရသူဟာ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာရော မတည်ငြိမ်မှုတွေ ခံစားရနိုင်ပါတယ်။ မိသားစုဝင်တွေအနေနဲ့လည်း ကိုယ်ချစ်ရတဲ့ မိသားစုဝင်ရဲ့ တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းလာတာ၊ အပြုအမှုတွေ ရုန့်ရင်းကြမ်းတမ်းလာတာ၊ သူများတွေအပေါ် စိတ်ဝင်စားမှု လျော့နည်းလာတာ စတဲ့လက္ခဏာတွေ ခံစားရတာကြည့်ပြီး တော်‌တော်လေး စိတ်မကောင်း ဖြစ်ရပါတယ်။

Dementiaက ဘယ်လောက် အဖြစ်များလဲ?

လူတစ်ယောက်က အသက်အရွယ်ကြီးရင့်လာပြီဆိုတာနဲ့ dementiaဖြစ်နိုင်ချေ ပိုများလာတာပါပဲ။ အသက် ၆၅နှစ်နဲ့အထက် လူ ၁၀ယောက်မှာ ၁ယောက်၊ အသက် ၈၀အရွယ် လူ၅ယောက်မှာ ၁ယောက်၊ အသက် ၁၀၀အရွယ်မှာ ဆိုရင်တော့ လူ၁၀ယောက်မှာ ၃ယောက်လောက်အထိ အဖြစ်များတဲ့ရောဂါဖြစ်ပါတယ်။

Dementiaရောဂါရှိခြင်းကြောင့် တခြားဘာအန္တရာယ်တွေရှိနိုင်လဲ?

ပတ်ဝန်းကျင်ကို စိတ်ဝင်စားမှုအားနည်းတာ၊ အာရုံမစိုက်နိုင်တာတို့ကြောင့် အိမ်တွင်းမှာဖြစ်နေရင်တောင် မီးအန္တရာယ်၊ ရေနွေးပူလောင်တာ၊ ဓားနဲ့ထိခိုက်မိတာ အစရှိတဲ့ မတော်တဆမှုတွေ ဖြစ်ပွားနိုင်ပါတယ်။

အပြင်ထွက်တာအခါမျိုးတွေမှာဆိုလည်း လမ်းဖြတ်ကူးတာ၊ ကားမောင်းတာ အစရှိတဲ့အချိန်မျိုးတွေမှာ အမြင်အာရုံ၊ အကြားအာရုံ လျော့ကျနေတာကြောင့် အန္တရာယ်ဖြစ်နိုင်ပါတယ်။

ဒါကြောင့် Dementiaရှိတဲ့သူတွေကို မော်တော်ယာဥ်တွေ မမောင်းစေအောင် ဂရုပြုပေးဖို့ လိုအပ်ပါတယ်။

သေချာ အနီးကပ် ဂရုစိုက်ပေးမယ့်သူမရှိရင် ကာယကံရှင်တွေက ကောင်းကောင်းလည်း မစားနိုင်၊ မိမိကိုယ်ကိုယ်လည်း ဂရုမစိုက်နိုင်၊ တစ်ကိုယ်ရေသန့်ရှင်းမှုလည်းမရှိတော့တာကြောင့် အရေပြားရောဂါတွေ၊ ရောဂါပိုးကူးစက်ဝင်ရောက်တာတွေအထိ ဖြစ်တတ်ပါတယ်။

ဘယ်လို ကုသနိုင်လဲ?

ကိုယ့်ရဲ့မိတ်ဆွေ၊ မိသားစုမှာ Dementiaရှိတယ်လို့ သံသယရှိခဲ့ရင် ဒါကို စစ်ဆေးဖို့အတွက် ဆရာဝန်နဲ့ ပြသဖို့ လိုအပ်ပါတယ်။

လုံးဝ ကုသပျောက်ကင်းနိုင်တာတော့ မဟုတ်ပေမယ့် လက္ခဏာတွေကို သက်သာစေတဲ့ ဆေးတွေပေါ်ထွက်နေတာကြောင့် အချိန်တစ်ခုအထိ ဆရာဝန်နဲ့ စနစ်တကျ တိုင်ပင်ပြသဖို့တော့ လိုပါတယ်။

အကောင်းဆုံး ကုသနည်းကတော့ မိသားစုဝင်တွေက ဝေဒနာသည်ကို ကိုယ်တိုင် နွေးနွေးထွေးထွေးနဲ့ အနီးကပ် ဂရုစိုက်ပေးဖို့ပဲ ဖြစ်ပါတယ်။

မိသားစုဖြစ်စေ၊ မိတ်ဆွေသူငယ်ချင်းဖြစ်စေ၊ ရောဂါကုသပေးတဲ့ ဆရာဝန်၊ သူနာပြုတွေရဲ့ ဂရုစိုက်ပေးမှုကို အထူးလိုအပ်လှပါတယ်။

Dementiaဝေဒနာရှင်တွေဟာ သူတို့ရဲ့ကိုယ်ပိုင်အိမ်လိုမျိုး ရင်းနှီးနေကျပတ်ဝန်းကျင်တစ်ခုမှာဆိုရင် ‌လက္ခဏာတွေ သက်သာတာကို တွေ့ရပါတယ်။

သူတို့ရဲ့ နေ့စဥ်လုပ်ငန်းဆောင်တာ၊ ဆေး အစားအသောက်နဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုတွေအပေါ် ဂရုတစိုက် လုပ်ဆောင်ပေးဖို့၊ ကူညီပေးဖို့ အရေးကြီးပါတယ်။

ဒါ့အပြင် မိမိရဲ့ ပတ်ဝန်းကျင်က အယ်ဇိုင်းမား ဝေဒနာရှင်တွေကို ကူညီစောင့်ရှောက်ပေးတဲ့ support groupတွေနဲ့ ဆက်သွယ်ထားဖို့၊ လိုအပ်ရင် အကူအညီယူဖို့လည်း အရေးကြီးပါတယ်။

ဒီလောက်ဆို Dementiaနဲ့ ပတ်သက်ပြီး ဗဟုသုတအချို့ သိရှိပြီးဖြစ်တယ်လို့ ထင်ပါတယ်။ မိမိရဲ့ မိသားစု မိတ်ဆွေဆွေထဲမှာဖြစ်စေ၊ ပတ်ဝန်းကျင်မှာဖြစ်စေ Dementiaရောဂါရှင်များတွေ့ခဲ့ရင် နွေးနွေးထွေးထွေး ကူညီဂရုစိုက်ပေးဖို့ တိုက်တွန်းပါရစေ။

Reference 📚
Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp. 109

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

👉 တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

* ပိတ်ရက်မရှိပါ *
( နေ့စဥ် မနက် ၈နာရီမှ ညနေ၁၀နာရီအထိ )

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ
#dementia#မှတ်ဥာဏ်မေ့လျော့ခြင်

Ministry of Health,

National Unity Government.

Published on: 6 December 2022
Last Updated: 6 December 2022