“Dextrocardia with situs inversus” (September 2023)

နေရာလွဲနေသော အသည်းနဲ့ နှလုံးသား

(Dextrocardia with situs inversus)

ဓာတ်မှန်အဖြေတစ်ခုမှာ ဓာတ်မှန်ဆရာဝန်ရဲ့ မှတ်ချက်က ‘Dextrocardia due to situs inversus’ တဲ့။

ဆိုလိုတာက နှလုံးသားက ရင်ခေါင်းရဲ့ ဝဲဘက်ခြမ်းမှာ မရှိဘဲ လက်ယာဘက်ကို ရောက်နေသလို၊ အသည်းနဲ့တခြားကလီစာတွေကလည်း နေရာမှားနေတယ်လို့ ဆိုတာပါ။

ပြဿနာက အဲဒီဓာတ်မှန်ဟာ ဓာတ်မှန်အဖြေကိုဖတ်မိတဲ့ Dr. ကိုယ်တိုင်ရဲ့ ဓာတ်မှန်ဖြစ်နေတာပါပဲ၊။

Dextrocardia with situs inversus ဆိုတာဘာလဲ

လူသားတို့ရဲ့ ရင်ခေါင်းနဲ့ဝမ်းဗိုက်အတွင်းရှိ ကလီစာများဟာ ဝဲ/ယာ နှစ်ဘက်မှာ သူ့နေရာနဲ့ သူတည်ရှိကြပါတယ်။

ဥပမာ။ နှလုံးထိပ်ချွန်ပိုင်း၊ သွေးလွှတ်ကြောမကြီး၊ အစာအိမ်၊ ဘေလုံး၊ သရက်ရွက်၊ မစင်အိမ်တို့က ဝဲဘက်ခြမ်းမှာရှိကြပြီး… အသည်း၊ သည်းခြေ၊ သွေးပြန်ကြောမကြီး၊ အူအတက် စသည်တို့ကတော့ ယာဘက်အခြမ်းကို သိမ်းပိုက်ထားပါတယ်။

ဒါပေမယ့် တချို့သော လူသားတို့မှာ (လူတစ်သောင်းမှာ တစ်ယောက်) အဲဒီအင်္ဂါတွေဟာ ဝဲ/ယာ နေရာလွဲပြီး တည်ရှိတတ်ကြပါတယ်။ (Situs inversus)

အဲဒီလိုဖြစ်ရာမှာ နှလုံးထိပ်ချွန်ပိုင်းက ပုံမှန်အတိုင်း ဝဲဘက်မှာရှိပြီး ဝမ်းဗိုက်ထဲက အင်္ဂါတွေပဲ ဝဲ/ယာ မှားတာ (Levocardia with situs inversus) နဲ့ နှလုံးအပါအဝင် ကိုယ်တွင်းအင်္ဂါအားလုံး ဝဲ/ယာ မှားတာ (Dextrocardia with situs inversus) ဆိုပြီး နှစ်မျိုးရှိပါတယ်။

..

..

ဖြစ်ရတဲ့ အကြောင်းရင်း

ဒီလိုဖြစ်ရတာက ရှားပါးတဲ့ မျိုးရိုးဗီဇဖောက်ပြန်တဲ့ ပြဿနာတွေကြောင့်ပါ။ တချို့သူတွေမှာ အဲဒီလို ကလီစာတွေပဲ နေရာလွဲပြီး တခြား ဗီဇဆိုင်ရာရောဂါတွေ မပါရှိကြပေမယ့်၊ တချို့သူတွေမှာတော့ မွေးရာပါနှလုံးရောဂါလို တခြား ဗီဇချို့ယွင်းမှုရောဂါတွေပါ တွဲပြီးရှိတတ်ပါတယ်။

တချို့တွေမှာတော့ အဲဒီလိုချို့ယွင်းချက်ရှိတဲ့ဗီဇက ငုပ်လျှိုးဗီဇအနေနဲ့ နောက်မျိုးဆက်တွေကို ဆက်ပြီး လက်ဆင့်ကမ်း ပါသွားပါတယ်။ မိဘနှစ်ယောက်လုံးမှာ အဲဒီလို ဗီဇပါလာရင် မွေးလာတဲ့ကလေး လေးယောက်မှာတစ်ယောက်က ဒီလို ကလီစာပြောင်းပြန်နဲ့မွေးလာနိုင်ပါတယ်။

– မိဘမှာ မျိုးရိုးဗီဇချို့ယွင်းချက်ရှိသူ (မွေးရာပါနှလုံးရောဂါနဲ့ တခြားမွေးရာပါ ချို့ယွင်းချက်ပါသည့် မိသားစု)

– ဗီဇချို့ယွင်းချက်ဖြစ်ဖို့ အလားအလာများသူ (ဥပမာ ဆီးချိုရောဂါရှိသူမိဘ)၊

– ကိုယ်ဝန်ဆောင်ကာလမှာ မိခင်မှာ ကျန်းမာရေးပြဿနာရှိခြင်း (ကိုယ်ဝန်ဆောင်စဉ် ဆေးလိပ်သောက်ခြင်း၊ တချို့သောဆေးများသောက်သုံးခြင်း)….. စတာတွေကြောင့် မွေးလာတဲ့ကလေးတချို့မှာ ဒီလိုချို့ယွင်းချက်ဖြစ်နိုင်ခြေ ပိုများပါတယ်။

လက္ခဏာများ

တခြားမွေးရာပါချို့ယွင်းချက်များနဲ့ တွဲမလာပါက ကလီစာပြောင်းပြန်ဖြစ်နေသူတွေမှာ ဘာလက္ခဏာမှ ထူးထူးခြားခြားမတွေ့ရပါ။ နှလုံးခုန်သံကို နားထောင်ရင်တော့ ညာဘက်မှာ ပိုကျယ်ကျယ်ကြားရနိုင်ပါတယ်။

အခုလိုဖြစ်တဲ့သူ အတော်များများကိုတော့ တခြားအကြောင်းတစ်ခုခုကြောင့် ဓာတ်မှန်၊ အာထရာဆောင်း၊ စီတီစကင်၊ အီးစီဂျီ စတာတွေလုပ် စစ်ဆေးတော့မှ မထင်မှတ်ဘဲ တွေ့ရတတ်တာမျိုးပါ။

ကုသဖို့လိုသလား

တခြားမွေးရာပါချို့ယွင်းချက်များနဲ့ တွဲမလာပါက ကလီစာပြောင်းပြန်ဖြစ်ခြင်း အခြေအနေတစ်ခုတည်းအတွက် ကုသမှုမလိုအပ်ပါ။

သို့သော် ကာယကံရှင်က သူ့ကလီစာတွေ နေရာပြောင်းပြန်ဖြစ်နေတယ်ဆိုတာကို သိထားဖို့လိုပြီး တစ်ခုခုကြောင့် ကျန်းမာရေးစစ်ဆေးကုသမှု ခံယူရပြီဆိုရင် စစ်ဆေးကုသပေးမယ့်သူကို ပြောပြဖို့လိုပါတယ်။

အဲဒီလိုမပြောမိရင် အီးစီဂျီပြောင်းပြန်ပေါ်တာကိုကြည့်ပြီး နှလုံးရောဂါလို့ ထင်သွားတာ၊ အူအတက်ရောင်ပေမယ့် ယာဘက် ပုံမှန်အူအတက်နေရာမှာ မနာဘဲ ဝဲဘက်မှာနာလို့ မသိလိုက်ဘဲ ပေါက်သွားတာ၊ သည်းခြေအိတ်ရောင်တာက ဘယ်ဘက်မှာနာလို့ အစာအိမ်နာတယ်ဆိုပြီး ကုသမှုပေးတာ စသည်ဖြင့် ကုသမှုမှားယွင်းတဲ့ပြဿနာများ ဖြစ်လာနိုင်ပါတယ်။

သက်တမ်းတိုနိုင်လား

ကလီစာပြောင်းပြန်ဖြစ်ရုံသက်သက်ဆိုရင် သာမန်လူတွေအတိုင်း သက်တမ်းစေ့ နေနိုင်ပါတယ်။ ပုံမှန်အတိုင်း အိမ်ထောင်သားမွေး လုပ်လို့ရပါတယ်။

သူတို့ကမွေးလာတဲ့ ကလေးတချို့မှာတော့ သူတို့လိုချို့ယွင်းတဲ့ ဗီဇတချို့ပါလာနိုင်ပါတယ်။

တစ်သောင်းမှာ တစ်ယောက် ဒီလို ကလီစာပြောင်းပြန် ဖြစ်နိုင်ခြေရှိတယ်ဆိုတော့ လူဦးရေသန်း ၅၀ ကျော်တဲ့မြန်မာပြည်မှာ အဲဒီလိုလူ ငါးထောင်ကျော် ရှိနိုင်ပါတယ်။

ဒီလိုဆိုတော့ အစပိုင်းမှာပြောခဲ့တဲ့ Dr. က အဲဒီ ၅၀၀၀ ထဲက တစ်ယောက်အနေနဲ့ အသည်းနဲ့ နှလုံးသားတွေ နေရာလွဲနေပြီလားဆိုတော့….

သူဟာ အရင်က ဓာတ်မှန်ဆယ်ခါလောက်ရိုက်၊ အာထရာဆောင်းလည်း ရိုက်ဖူးရုံမက အူအတက်ပါ ခွဲထုတ်ခဲ့တာ ကလီစာတွေ နေရာမှားတယ်လို့ ဘယ်တုန်းကမှ ဘယ်သူကမှ မပြောခဲ့။ အူအတက်ခွဲထားတဲ့ အမာရွတ်ကလည်း ယာဘက်မှာ။

အခုကျမှ သူ့ခမျာ နဂါးလည်းမပူး၊ မြေမှာလည်း မလူးပါဘဲ အရင်က နေရာမှန်မှာရှိနေခဲ့တဲ့ ကလီစာတွေ အခုမှ ပတ်ချာလည် နေရာပြောင်းကုန်တယ်ဆိုတာတော့ သိပ်သဘာဝမကျလှ။

ဒါနဲ့ပဲ အဖြေရှာကြည့်တော့…

တကယ်တော့ ဓာတ်မှန်ရိုက်တဲ့အခါ ယာဘက်လို့ အမှတ်အသားလုပ်တဲ့ “R” ဆိုတဲ့ ခဲစာလုံးကို ကပ်တဲ့သူက နေရာမှားကပ်သလား (သို့မဟုတ်) ဖလင်ကို စက်ထဲထည့်စဉ်က ပြောင်းပြန်ထည့်မိလို့ စာလုံးနေရာက ဝဲနဲ့ယာမှားသလား ဒီနှစ်ခုထဲက တစ်ခုသာ ဖြစ်နိုင်ပါတယ်။ ပြောရရင် အမှတ်အသားနေရာ မှားတာသာဖြစ်ပါတယ်။

အဲဒီဒေါက်တာမှာတော့ အသည်းနဲ့ နှလုံးသားတွေ မဖောက်မပြန် နေရာမှန်မှာပဲ ရှိနေဆဲပါ။

ဒါကြောင့် ကလီစာပြောင်းပြန်ဖြစ်တယ်လို့ ဓာတ်မှန်ချပ်မှာပြရုံနဲ့တော့ တပ်အပ်စွပ်စွဲလို့ မရသေးဘဲ နောက်ထပ် စစ်ဆေးချက်တချို့ ထပ်လုပ်ပြီးမှသာ အတည်ပြုသင့်ပါတယ်။

(မှတ်ချက်။ ယခုအတွေ့အကြုံ အဖြစ်အပျက်သည် ပြည်ပနိုင်ငံတစ်ခုတွင် ကြုံခဲ့ရသော အဖြစ်အပျက်တစ်ခုအား အခြေခံ၍ ရေးသားထားခြင်း ဖြစ်ပါသည်)

References : 📖

https://rarediseases.org/rare-diseases/dextrocardia-with-situs-inversus/

https://my. clevelandclinic.org/health/diseases/23486-situs-inversus

Eitler K, Bibok A, Telkes G. Situs Inversus Totalis: A Clinical Review. Int J Gen Med. 2022 Mar 3;15:2437-2449. doi: 10.2147/IJGM.S295444. PMID: 35264880; PMCID: PMC8901252.

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉 တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

#nugmoh#telehealth#telemedicine

#teleconsultation#တယ်လီကျန်းမာ#Telekyanmar

#dextrocardia#situs_inversus

Ministry of Health,
National Unity Government.

Published on: September 14, 2023.
Last updated: September 14, 2023.