ဆီးချိုကို စနစ်တကျဘယ်လိုတိုင်းကြမလဲနှင့် ဆီးချို ဘယ်လိုထိန်းကြမလဲ ( May, 2022 )
======================================
ဆီးချိုဆိုတာ အရှင်းပျောက်ကင်းသွားမှာမဟုတ်တဲ့အတွက်
• ဆီးချိုရှိပြီဆိုလိုက်တာနဲ့ ဆီးချိုတိုင်းတဲ့စက်လေးဆောင်ထားသင့်ပါတယ်။
• ဆီးချိုကို ပုံမှန်တိုင်းရမယ့်အပြင် အရမ်းတက်သွားတာ ကျသွားတာမျိုးကို အမြန်သိလိုက်မှသာ အသက်အန္တရာယ်ကိုကာကွယ်နိုင်မှာပါ။
ဒါဆိုဆီးချိုကို ဘယ်လိုတိုင်းကြမလဲ
အိမ်မှာပဲ ဆီးချိုကို အစာ သို့မဟုတ် သောက်ဆေးနဲ့ ပုံမှန်ထိန်းထားနိုင်ရင်တော့
တစ်ပတ် ကို (၃) ရက်ဖောက်ပေးပါ။
– တစ်ရက်ကို မနက်အစားမစားမီ
– နောက်တစ်ရက်ကို နေ့လည်စာ စားပြီး၂နာရီ
– နောက်တစ်ရက်ကို ညစာစားပြီး ၂နာရီ ဖောက်ပြီးစာအုပ်တစ်အုပ်ထဲမှာ နေ့စွဲ ၊ ဖောက်တဲ့အချိန် ၊ ဘယ်လောက်ဂဏန်းရလဲမှတ်ထားပေးပါ။
ဆေးခန်းသွားပြရင်လည်း စာအုပ်ယူဆောင်သွားပါ။
(၇၀အောက်ကျသွားတာ၊၂၀၀ အထက်တက်လာရင်တော့ ဆေးရုံဆေးခန်းကိုသွားပေးပါ)ဆီးချိုတက်နေတဲ့အချိန်၊ အင်ဆူလင်ထိုးရတဲ့သူများဆိုရင်တော့ ဆရာဝန်ညွှန်ကြားချက်အတိုင်းဖောက်စစ်သင့်ပါတယ်။
ဆီးချိုပုံမှန်ထိန်းထားနိုင်လား သိချင်ရင်တော့ Hb A1c ဖောက်စစ်ခြင်းဟာ လွန်ခဲ့တဲ့ (၃)လ အတွင်းဆီးချိုထိန်းထားနိုင်ရဲ့လား သိနိုင်ပါတယ်။
ဆီးချိုမဖြစ်အောင်ဘယ်လိုနေထိုင်ကြမလဲ၊
ဖြစ်ပြီးရင်ကောဘယ်လိုထိန်းကြမလဲ
(၁) ပထမဦးစွာ အရေးကြီးဆုံးဖြစ်တဲ့ နေထိုင်မှုပုံစံကိုပြုပြင်ကြပါစို့….!
တော်တော်များများသိကြတဲ့အတိုင်း ဆီးချိုရှိတဲ့အခါ အချိုရှောင်ရမယ်ဆိုပေမယ့် ၊ ကစီဓာတ်(carbohydrate)( ဆန် ၊ ဂျုံ ၊ ပြောင်းဖူး ၊ အာလူး )ကလည်း ချေဖျက်လိုက်တဲ့အခါမှာ သွေးတွင်းအချိုဓာတ်(glucose)ကိုတက်စေနိုင်ပါတယ်။ ထို့ကြောင့်လျှော့စားရပါမယ်။
ပြည့်ဝဆီများ၊ အငန်များသောအစာများလည်းလျှော့စားရပါမယ်။
ဆေးလိပ်ဖြတ်ပေးပါ ( ဆီးချိုရော ဆေးလိပ်ရောက သွေးကြောကျဥ်းစေတဲ့အတွက်အန္တရာယ်များပါတယ် )
အရက်လျှော့သောက်ပါ။
အမျှင်ဓာတ်များတဲ့ အရွက်အသိီးအနှံများကိုစားပေးရပါမယ်။
ပရိုတင်းဓာတ်ကိုပေးသော ကြက်သား၊ ကြက်ဥ၊ ငါး၊ ပုစွန်၊ ပဲမျိုးစုံကိုစားပေးရပါမယ်။
ထမင်းတစ်ပန်းကန်ကို ဘယ်လိုစားကြမလဲဆိုတဲ့ ဥပမာလေးက လူသိများပါတယ်….
အရင်ဆုံး ထမင်းတစ်ပန်းကန်ကို လေးပုံ ပုံလိုက်ပါ
– တစ်ပုံကို ထမင်းထည့်ပါ
(ထမင်းဖြူအစား အမျှင်ဓာတ်များတဲ့ ဆန်လုံးညိုကိုစားနိုင်ရင်တော့ ပိုကောင်းပါတယ်)
– နောက်တစ်ပုံကို အသားထည့်ပါ
– ကျန်နှစ်ပုံကို အမျှင်ဓာတ်များတဲ့အသီးအရွက် ထည့်စားပေးပါ။
ကိုယ်လက်လှုပ်ရှားအားကစား ပုံမှန်လေးလုပ်ပေးပြီး ကိုယ်အလေးချိန်လျှော့ပါ။
( တစ်ပတ်ကို ၅ ရက်၊ တစ်ရက်ကို နာရီဝက်စီလောက် သိပ်မပြင်းထန်တဲ့အားကစားလုပ်ပေးခြင်းအားဖြင့် ကိုယ်အလေးချိန်၊ သွေးတွင်းအဆီဓာတ်အပြင် ဆီးချိုပါထိန်းညှိပေးပါတယ် )
(၂) ဆီးချိုကျဆေး သောက်နေရတဲ့သူများဆိုရင် ဆရာဝန်မှာထားတဲ့အတိုင်း ပုံမှန်သောက်ပေးပါ။
ဆီးချိုတက်မှ ဆေးသောက်တာမျိုးမလုပ်ရပါ
အင်ဆူလင်ထိုးဆေး ထိုးနေရသူများဟာ ဆရာဝန်ညွှန်ကြားထားတဲ့ ဆေးပမာဏအတိုင်း အတိအကျလိုက်နာဖို့ ပိုလိုအပ်ပါတယ်။ အထူးသဖြင့် သွေးတွင်းသကြားဓါတ် လျော့နည်းသွားရင် ကြုံလာနိုင်မယ့် လက္ခဏာများကို အမြဲသတိပြုနေဖို့ အရေးကြီးပါတယ်။
(၃) ဆီးချိုသမားများဟာ နေ့စဥ်မှန်ကြည့်သလိုမျိုး မိမိတို့ရဲ့ ခြေထောက်ကိုနေ့စဥ် ကြည့်ရှုပေးရပါမယ်။
ဒါဆိုခြေထောက်မှာ ဘာကိုကြည့်ကြမလဲဆိုရင်
– အသားမာရှိလား
– ထိခိုက်မိလို့အနာရှိနေလား
– ခြေစွယ်ငုပ်နေလား ကြည့်ပေးပါ
-ခြေချောင်းကြားလေးတွေပါသေချာကြည့်ပေးပါနေ့စဥ် ခြေထောက်ကို ရေကျက်အေးနဲ့ဆေးပေးပြီး သေချာခြောက်အောင် ခြေချောင်းကြားပါမကျန်အဝတ်နဲ့သုတ်ပေးပါ
ခြေသည်းညှပ်တဲ့အခါမှာလည်း ထောင့်ကိုညှပ်တဲ့အခါ အရမ်းအတွင်းထဲမရောက်အောင် ဂရုစိုက်ပေးပါ။ ချွန်ထွက်နေတဲ့ထောင့်များကိုလည်းသေချာညှပ်ပေးပါ။
(ခြေစွယ်မငုပ်အောင် ဘယ်လိုညှပ်ရမလဲဆိုတာကို အရင်တင်ထားတဲ့ပိုစ့် https://www.facebook.com/101009128903034/posts/287681373569141/ မှာသေချာဖတ်ရှုနိုင်ပါတယ်)ဖိနပ်ရွေးချယ်တဲ့အခါမှာလည်း မကြပ်လွန်းမချောင်လွန်းတာကို ရွေးစီးပါ။
ဖိနပ်မပါဘဲ အပြင်ဘက်မှာလမ်းမလျှောက်သင့်ပါ။
(၄) ဆရာဝန် ရက်ချိန်းကိုလည်းပုံမှန်သွားပေးပါ။ ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲရောဂါများနဲ့ ဆီးချိုဆေးရဲ့ဆိုးကျိုးများရှိခဲ့ရင် အချိန်မီကုသနိုင်အောင်ပါ။
Reference
Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.257-259
NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ
တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းများ ပြသရန် ( နေ့စဥ် မနက် ၈နာရီမှ ညနေ၆နာရီအထိ )
ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
ချက်ချင်းဆေးခန်းပြရန်အတွက် ( https://t.me/TelehealthMM )ကို နှိပ်ပါ
လှူဒါန်းရန်-
https://moh.nugmyanmar.org/donate/
Ministry of Health,
National Unity Government.

Published on: 15 May 2022
Last Updated: 15 May 2022