Down Syndrome ( July, 2022 )

Down Syndrome

ဒေါင်းစင်ဒရုန်း (Down syndrome) ဆိုတဲ့ အခေါ်အဝေါ်နဲ့ ပတ်သက်ပြီး အရပ်ထဲ မကြာခဏကြားဖူးကြမှာပါ။ ဒီရောဂါက အဖြစ်များတဲ့ ရောဂါတစ်မျိုးလည်း ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ဒေါင်းစင်ဒရုန်းရောဂါဟာ ဘာကြောင့်ဖြစ်တာလဲ ဘယ်သူတွေမှာ ဖြစ်တာလဲဆိုတာတွေကို ဗဟုသုတ ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။

❓Down Syndrome ဆိုတာ ဘာလဲ

• ပုံမှန်ဆိုရင် လူတစ်ယောက်မှာ အဖေနဲ့ အမေဆီကနေ chromosomeလို့ခေါ်တဲ့ မျိုးရိုဗီဇသယ်အမျှင်လေးတွေ (၂၃)စုံ စုစုပေါင်းအားဖြင့်ဖြင့် (၄၆)ခု လက်ခံရရှိပါတယ်။
• ဒါပေမယ့် Down Syndromeဖြစ်တဲ့ ကလးတွေမှာဆိုရင်တော့ (၂၁)စုံမြောက် chromosome အတွဲမှာ chromosome အမျှင်အမျှင် (၂)ခုရှိရမယ့်အစား တစ်ခုပိုနေပြီး chromosome ၃ခုဖြစ်သွားပါတော့တယ်။ ဒါကြောင့် ဒီကလေးတွေမှာ သာမာန်လူတွေလို chromosome အရေအတွက်က (၄၆)ခုမဟုတ်ဘဲ (၄၇)ခု ဖြစ်လို့နေပါတယ်။
• (၂၁)စုံမြောက် chromosome မှာ ၂မျှင်အစား ၃မျှင်ဖြစ်နေတဲ့အတွက် နောက်တမျိုးအနေနဲ့ Trisomy 21 လို့လည်း ခေါ်ကြပါသေးတယ်။

❓Down Syndrome ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ

• Down Syndrome ကလေးမှန်း ထင်ထင်ရှားရှားသိနိုင်တာကတော့ သူတို့ရဲ့ မျက်နှာသွင်ပြင်လက္ခဏာတွေကြောင့်ပဲ ဖြစ်ပါတယ်။

မျက်နှာနှင့် ဦးခေါင်းတွင်ရှိသော လက္ခဏာများ
• ခေါင်းသေးခြင်း၊ ခေါင်းပြားခြင်း
• မျက်နှာပြားခြင်း
• မျက်လုံးထောင့်များ အပေါ်ဘက်သို့ စွေနေခြင်း
• နှာခေါင်းသေးပြီး နှာရိုးပြားခြင်း
• ပါးစပ်သေးခြင်း
• လျှာ အပြင်ထွက်ပြီး အက်ကွဲနေခြင်း
• မျက်ဆံတွင် အဖြူအပြောက်လေးရှိနေခြင်း

ခြေလက်တွင် တွေ့ရသော လက္ခဏာများ
• လက်တိုခြင်း
• လက်သန်းကွေးနေခြင်း
• ခြေညှိုးနှင့် ခြေခလယ်ကြား အကွာအဝေးကျဲနေခြင်း

အခြားသော လက္ခဏာများ
• ဉာဏ်ရည်ဖွံ့ဖြိုးမှူ နောက်ကျခြင်း
• လက္ခဏာ တစ်ကြောင်းတည်းပါခြင်း
• ကြွက်သားများ ပျော့နေခြင်း
• ကိုယ်ခန္ဓာဖွံ့ဖြိုးမှု နောက်ကျခြင်း
• မွေးရာပါရောဂါများ ပါလာခြင်း အစရှိသည်တို့ ဖြစ်နိုင်ပါတယ်။

❓Down syndrome ဟာ ဘယ်လို ကျန်းမာရေးအန္တ ရာယ်တွေကို ဖြစ်စေနိုင်သလဲ

• မွေးရာပါ နှလုံးရောဂါ ၊ အူလမ်းကြောင်းရောဂါ ၊ သိုင်းရွိုက်ရောဂါ ၊ နားမကြားခြင်း ၊ အတွင်းတိမ်နှင့် သွေးကင်ဆာ လက္ခဏာများနှင့်လည်း ဒွန်တွဲ တွေ့ရှိနိုင်ပါတယ် ။

❓Down Syndrome ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ

• Down Syndrome ဟာ အဖြစ်အများဆုံး မျိုးရိုးဗီဇရောဂါတစ်ခုဖြစ်ပြီးတော့ လူမျိုး အားလုံးမှာ ဖြစ်ပွားနိုင်ပါတယ်။
• အရှင်မွေးတဲ့ ကလေး အယောက် ၈၀၀ မှာ ၁ယောက်ဖြစ်နိုင်ပါတယ် ။
• အမေက အသက် (၄၀) ကျော်ရင် ဒါမှမဟုတ် အဖေနဲ့ အမေ တစ်ယောက်ယောက်မှာ Chromosome ရောဂါ တစ်ခုခုရှိခဲ့ရင် မွေးလာတဲ့ ကလေးက Down syndrome ဖြစ်နိုင်ဖြေ အလွန် များပြားပါတယ် ။
• အသက် (၄၅)နှစ်အရွယ် အမျိုးသမီးတွေရဲ့ အယောက်၃၀မှာ တစ်ယောက်ဟာ Down syndrome ကလေး မွေးဖွားနိုင်​ချေရှိပါတယ်။

❓မိခင်ကိုယ်ဝန်ဆောင်ချိန်မှာ သန္ဓေသားမှာDown syndrome ဘယ်လို စမ်းသပ်သိရှိနိုင်မလဲ

• အသက်ကြီးသော မိခင်တွေမှာ မမွေးခင် Down Syndrome ဖြစ်နိုင်သော ကလေး မွေးနိုင်ခြေကို စစ်ဆေးကြည့်နိုင်ပါတယ် ။
• ကိုယ်ဝန် ၁၀ ပတ်မှ ၁၃ပတ်အတွင်း ရောက်တဲ့ အခါ သွေးဖောက်ပြီး ဒါမှမဟုတ် ultrasound ရိုက်ပြီး စစ်ဆေးသိရှိနိုင်ပါတယ် ။

❓မွေးလာတဲ့ ကလေးတစ်ယောက်မှာ Down syndrome ရောဂါကို ဘယ်လိုစစ်ဆေးသိရှိနိုင်လဲ

အဓိကအားဖြင့်တော့ (၃)နည်းနဲ့ စစ်ဆေးသိရှိနိုင်ပါတယ်။
• ကလေးရဲ့ လက္ခဏာတွေကို စစ်ဆေးကြည့်ခြင်း
• သွေးဖြူဥ ဆဲလ်များမှတဆင့် karyotyping ဟုခေါ်သော chromosome စစ်ဆေးခြင်း
• မျိုးဗီဇ စစ်ဆေးခြင်း (DNA analysis) နည်းတို့နဲ့ စစ်ဆေးသိရှိနိုင်ပါတယ်။

❓Down syndrome ကလေးတစ်ယောက်မှာဆိုရင် သူရဲ့သက်တမ်းတစ်လျှောက်မှာ ဘယ်လိုအချက်တွေ တွေ့ရှိရနိုင်လဲ

• ဒေါင်းကလေးတွေဟာ ဖွံ့ဖြိုးမှုနောက်ကျတတ်တဲ့အပြင် သင်ယူနိုင်မှုစွမ်းရည်တွေလည်း နှေးကွေးပါတယ်။
• ဒါပေမယ့် သင်ကြားရေးစွမ်းရည်တွေက တစ်ယောက်နဲ့တစ်ယောက် ကွာတတ်ပါတယ်။
• အဓိကအားဖြင့် စကားပြောရာမှာ အခက်အခဲရှိတတ်သလို ဘာသာစကားသင်ယူနိုင်မှု အပိုင်းမှာလည်း နှောင့်နှေးတတ်ပါတယ်။
• တခြားသောကလေးတွေလိုပဲ ဝမ်းလျားမှောက်ခြင်း၊ ပြုံးခြင်း၊ လမ်းလျှောက်ခြင်းတို့ လုပ်နိုင်ပေမယ့် နှေးကွေးပါတယ်။
• ဒါပေမယ့် သူတို့လေးတွေက အကျင့်ကောင်းမွန်တဲ့အပြင် အလွယ်တကူ ဒေါသထွက်လွယ်တဲ့သူတွေ မဟုတ်တာကြောင့် မိသားစုနဲ့ အံဝင်ခွင်ကျ သဟဇာတဖြစ်တဲ့သူတွေလည်း ဖြစ်ပါတယ်။
• ဒါကြောင့် ဒီကလေးတွေကို နွေးနွေးထွေးထွေးဆက်ဆံပြီး စနစ်တကျ ပြုစုပျိုးထောင်ပေးဖို့လညိး လိုအပ်ပါတယ်။
• ဒါ့အပြင် Down syndrome ကလေးလေးတွေအတွက် အပြည်ပြည်ဆိုင်ရာ Down syndrome dayလို့ သတ်မှတ်ထားတဲ့နေ့ ရှိပါတယ်။ အဲ့ဒီနေ့ကတော့ မတ်လ (၂၁)ရက်နေ့ပဲ ဖြစ်ပါတယ်။

❓Down syndrome ကို ကုသလို့ရနိုင်လား

• ကုသလို့ မရနိုင်ပါဘူး။ သို့သော်လည်း လိုအပ်တဲ့ စောင့်ရှောက်မှုတွေ ပေးနိုင်ရင်၊ ဘေးကနေ ကူညီဖေးမနိုင်ရင် မိမိဘာသာရပ်တည်နေထိုင်ရင်း အခက်အခဲမရှိ နေထိုင်သွားနိုင်တဲ့ ‌ရောဂါပဲ ဖြစ်ပါတယ်။
• စကားပြောကုထုံးတွေအပြင် ပညာရေးနဲ့ အသက်မွေးဝမ်းကြောင်းတို့အတွက် လိုအပ်တဲ့ အထူးလေ့ကျင့်ခန်းတွေ ပြုလုပ်ပေးနိုင်ပါတယ်။
• Down syndrome နဲ့အတူ တခြားသောမွေးရာပါရောဂါတွေ ရှိနေနိုင်တဲ့အတွက် ပုံမှန် ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ဖို့လိုအပ်ပါတယ်။
• မိဘတွေအနေနဲ့လည်း ကလေးအတွက် ကျွမ်းကျင်ဆရာဝန်ကြီးများ ပညာရှင်များနဲ့ တိုင်ပင်ပြီး စနစ်တကျ ပြုစုပျိုးထောင်ပေးဖို့ လိုအပ်ပါတယ်။
• ဒါဆိုရင် Down syndrome ကလေးတွေက တခြားသောကလေးများလိုပဲ မူလတန်း အလယ်တန်း အထက်တန်းပြီးဆုံးသည်အထိ အတန်းပညာကို သင်ယူသွားနိုင်ပါတယ်။
• ဒါ့အပြင် ကျောင်းပြီးသွားတဲ့ အချိန်မှာလည်း Down syndrome လေးတွေအတွက် သီးသန့်လေ့ကျင့်သင်ကြားပေးတဲ့ special school တွေနဲ့ workshop တို့မှာလည်း တက်ရောက်သင်ကြားနိုင်ပါသေးတယ်။
• မိသားစုတွေကနေတစ်ဆင့် နွေးထွေးတဲ့ လုံခြုံမှုနဲ့ စနစ်တကျလေ့ကျင့်သင်ကြားမှုတွေ၊ ဂရုစိုက်မှုတွေ ပေးနိုင်ရင် Down syndrome ကလေးတွေက ကြီးပြင်းလာတဲ့ အခါမှာလည်း မိမိကိုယ်တိုင်အတွက် အကျိုးရှိအောင် နေထိုင်နိုင်ရုံမကဘဲ ပတ်ဝန်းကျင်အတွက်ပါ တန်ဖိုးရှိတဲ့ လူတစ်ယောက် ဖြစ်လာနိုင်ပါတယ်။

❓ဒါဆို Down syndrome အပါအဝင် တခြားသောမျိုးဗီဇရောဂါတွေ မဖြစ်ပွားအောင် ဘယ်လို ကာကွယ်ကြမလဲ

(၁) Genetic Counselling
• ကျွမ်းကျင်တဲ့ ဆရာဝန်တွေ၊ ပညာရှင်တွေနဲ့ တွေ့ဆုံပြီး ဒီမျိုးဗီဇရောဂါတွေက မိမိနဲ့ မိမိရဲ့မိသားစုကို ဘယ်လိုအကျိုးသက်ရောက်ကြောင်း ဆွေးနွေးမှု ခံယူတာပဲ ဖြစ်ပါတယ်။

ဘယ်လိုလူမျိုးတွေက genetic counselling ခံယူသင့်လဲဆိုရင်တော့…

• မိမိကိုယ်တိုင် ဒါမှမဟုတ် မိသားစုမှာ မျိုးဗီဇရောဂါရှိခဲ့ရင်
• အရင်မွေးခဲ့တဲ့ကလေးမှာ မွေးရာပါရောဂါတွေရှိခဲ့ရင် (ပထမကလေးမှာ Down syndrome ရောဂါဖြစ်ခဲ့ရင် ဒုတိယကလေးမှာလည်း Down syndromeဖြစ်ဖို့ ၁၀%လောက် ဖြစ်နိုင်ချေရှိပါတယ်။)
• ကိုယ်ဝန်လွယ်ထားချိန်မှာ ultrasound စစ်ဆေးချက်အရ မူမမှန်ခြင်းတစ်ခုခု တွေ့ရှိခဲ့ရင် genetic counselling ခံယူဖို့ သင့်ပါတယ်။

(၂) Antenatal Diagnosis
• ကိုယ်ဝန်လွယ်ထားရချိန်မှာ အမေ့ဆီမှ သွေးဖောက်စစ်ခြင်း၊ ကလေးရဲ့ ရေမြွှာရည်စစ်ဆေးခြင်းတို့ဖြင့် မွေးလာမယ့်ကလေးမှာ Down syndrome ရောဂါရှိမရှိ ကြိုတင်သိရှိနိုင်ပါတယ်။

ဒီလောက်ဆို Down syndrome ရောဂါနဲ့ ပတ်သက်လို့ ဗဟုသုတ စုံလင်စွာ ရရှိလောက်ပြီလို့ ထင်ပါတယ်။ မိမိမိသားစုမှာဖြစ်စေ၊ ပတ်ဝန်းကျင်မှာဖြစ်စေ Down syndrome ကလေးတွေကို တွေ့တဲ့အခါ စိတ်ဓာတ်မကျဘဲ လိုအပ်တဲ့ အကူအညီများပေးပြီး ဖေးမပေးသွားနိုင်ဖို့ မျှော်လင့်ပါတယ်။

Reference 📚
Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.28

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

👉 တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***
( နေ့စဉ် မနက် ၈နာရီမှ ညနေ၆နာရီအထိ )

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

ချက်ချင်း တန်းစီ၍ ဆေးခန်းပြရန်အတွက် ( https://t.me/TelehealthMM )ကို နှိပ်ပါ

Ministry of Health,

National Unity Government.

Published on: 15 July 2022
Last Updated: 15 July 2022