Dr. Oakkar’s Message for Telekyanmar 2nd Anniversary (June 2023)

အားလုံးပဲ မင်္ဂလာပါ…

ကျွန်တော့်အနေနဲ့ တကယ့်ကို ဂုဏ်ယူရတဲ့၊ ဝမ်းသာရတဲ့ နေ့တစ်နေ့ ဖြစ်တယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် တကယ့်ကို လေးစားရတဲ့ CDM ရဲဘော်တွေ အားလုံးက အခုအချိန်ထိ တော်လှန်ရေးမှာ မလျှော့တဲ့ ဇွဲလုံ့လ၊ ခိုင်မာတဲ့ ယုံကြည်မှုနဲ့ ကျွန်တော်တို့ ကောက်ရိုးမီး မဟုတ်ဘူး ဆိုတာကို သက်သေပြတဲ့နေ့လည်း ဖြစ်တယ်။ ကျွန်တော်တို့တွေသည် ကျန်းမာရေးဝန်ထမ်းတွေဖြစ်တယ်… နိုင်ငံရေးလုပ်ချင်တဲ့သူတွေ မဟုတ်ဘူးဆိုတာကို သက်သေပြတဲ့နေ့လည်း ဖြစ်တယ်။

ကျွန်တော်တို့ အခုဖော်ဆောင်နေတဲ့ တော်လှန်ရေးက တရားမျှတမှုနဲ့ မတရားမှုကို တွန်းလှန်နေတဲ့ပွဲ … အာဏာရှင် အကြမ်းဖက်စစ်အုပ်စုကို တွန်းလှန်နေတဲ့ပွဲ … လူ့မိစ္ဆာတွေကို တွန်းလှန်နေတဲ့ပွဲ … အဲ့ဒီပွဲမှာ ကျွန်တော်တို့ ကျန်းမာရေးလုပ်သားတွေက ငါတို့တွေသည် စစ်ဖိနပ်အောက်မှာ အာဏာရှင်အောက်မှာ မတရားမှုအောက်မှာတော့ အလုပ်မလုပ်ဘူး။ ငါတို့ရဲ့ မွန်မြတ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေကို ရောက်ရာနေရာ ကျရာနေရာကနေပြီးတော့ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ တိုင်းရင်းသားပြည်သူတွေ အားလုံးအတွက် ဒေသပေါင်းစုံမှာရှိတဲ့ တိုင်းရင်းသားတွေ အားလုံးအတွက် ပေးဆပ်မယ်… ဆက်လက်ပြီးတော့ ကျန်းမာရေးစောင့်ရှောက်မှုတွေပေးမယ် ဆိုတဲ့ မှန်ကန်တဲ့ စိတ်ဇွဲသန်သန်နဲ့ ရည်မှန်းချက်အပြည့်အဝနဲ့ တကယ့်ကို ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနေတာ အခုဆိုရင် (၂) နှစ်ပြည့်ပြီ။

ဒီလိုမျိုး စိတ်ဇွဲသန်သန်နဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ပြည်တွင်းမှာရော ပြည်ပမှာပါ ရှိနေကြတဲ့ မြန်မာတိုင်းရင်းသားတွေအားလုံး၊ မြန်မာပြည်သူလူထုတွေ အားလုံးက ဖော်ဆောင်ပေးနေကြတဲ့ဟာကို မြန်မာပြည်တွင်းမှာသာ မကဘဲနဲ့ နိုင်ငံတကာမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားအားလုံးကလည်း ကျွန်တော်တို့ ယုံကြည်စိတ်ချစွာဖြင့် ဆေးကုသခံယူမှုတွေကို ပြုလုပ်နေကြတယ်ဆိုတာ သိရတဲ့အတွက်လည်း တကယ့်ကို တလေးတစားနဲ့ ဝမ်းသာဂုဏ်ယူမိပါတယ်။

အဲဒီတော့… ကျွန်တော်တို့ လွန်ခဲ့တဲ့ (၂) နှစ်ကနေ ယနေ့ထိကို သုံးသပ်ကြည့်မယ်ဆိုရင် နေ့စဉ်နဲ့အမျှ ကောင်းသော တိုးတက်ခြင်း၊ ပြောင်းလဲခြင်းတွေနဲ့အတူ ဒီတယ်လီကျန်းမာ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု သူရဲကောင်းအဖွဲ့ကြီးဟာ ရှေ့သို့ချီတက်နေတယ်ဆိုတာကို တွေ့ရတယ်။

ပြည်သူတွေကို ကျွန်တော်တို့ ကျန်းမာရေးစောင့်ရှောက်မှုကို အဆင့် (၃) မျိုး ခွဲပြီးတော့ ပေးနေတာကိုလည်း တွေ့ရတယ်။ ပထမဆုံးအဆင့်ကတော့ ကျွန်တော်တို့ ပြည်သူ့ကျန်းမာရေး (Public Health) လို့ခေါ်တဲ့ အခြေခံကျန်းမာရေးစောင့်ရှောက်မှုတွေကို တယ်လီကျန်းမာ Facebook page ကနေပြီးတော့ ပြည်သူတွေနားဝင်အောင် … ပြည်သူတွေစိတ်ထဲမှာ စွဲမှတ်မိနေအောင်လို့ ပုံတိုပတ်စ ရယ်စရာ မောစရာအသွင် ဖန်ဆင်းပြီးတော့လည်း တစ်ဖုံ၊ တကယ့်ကို လေးလေးနက်နက် ပညာပေးခြင်းဖြင့် တစ်နည်း ပညာတွေပေးနေတယ်၊ ကျန်းမာရေးအသိပညာတွေ ပေးနေတယ်ဆိုတာကို ကျွန်တော်တို့ တွေ့ရတယ်။

ပြီးတော့ ကျန်းမာရေးစောင့်ရှောက်မှုကို တကယ်တမ်း လိုအပ်လာပြီဆိုတဲ့ အချိန်ကျတော့ Primary Health Care လို့ ခေါ်တဲ့ ပဏာမအဆင့် ကျန်းမာရေးစောင့်ရှောက်မှုကို ကျွန်တော်တို့ GP လို့ခေါ်တဲ့ ဆရာဝန်တွေ … ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ဆရာဝန်တွေက ထိထိရောက်ရောက် သေသေချာချာနဲ့ ကုသမှုတွေ လမ်းညွှန်မှုတွေ ပြုလုပ်ပေးနေတာကိုလည်း တွေ့ရတယ်။

ဒီထက်ပိုပြီးတော့ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်လာတဲ့ ပြည်သူလူထုကိုကျတော့ Secondary Health Care Level လို့ခေါ်တဲ့ ကျွန်တော်တို့ အထူးကုတွေဆီကို စနစ်တကျ လွှဲပြောင်းပြီးတော့ ဆေးကုသမှုကို ချိတ်ဆက်ပြီးတော့ ဆောင်ရွက်ပေးနေတာကိုလည်း တွေ့ရတယ်။

အဲ့တော့ ကျွန်တော်တို့ ဒီတယ်လီကျန်းမာ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ကြီးဟာ ပြည်သူလူထုရဲ့ ကျန်းမာရေးလိုအပ်မှုကို ဒေသအားလုံးကိုလည်း လွှမ်းခြုံနိုင်အောင် ပေးနိုင်ခဲ့တာ ဖြစ်သလို သူ့အဆင့်အလိုက် လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကိုလည်း စနစ်တကျနဲ့ ပေးနေတာ တွေ့တဲ့အတွက်ကြောင့်မို့လို့ အထူးပဲ ဂုဏ်ယူဝမ်းမြောက်မိတယ်။

ဒီအဖွဲ့မှာ အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ပါဝင်ခွင့်ရတဲ့အတွက်လည်း ကျွန်တော့်ကိုယ် ကျွန်တော် အထူးပဲ ကျေးဇူးတင်ပါတယ်လို့ ပြောရင်းနဲ့ တယ်လီကျန်းမာ (၂) နှစ်ပြည့်မှာ ကျွန်တော်တို့အားလုံး အရေးတော်ပုံကို အောင်အောင်မြင်မြင်နဲ့ တရားသော စစ်ကို အောင်မြင်စွာဖြင့် ဆက်လက်၍ တော်လှန်ရေးကို ဆောင်ရွက်နိုင်ကြပါစေ … ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းတွေကို ဒီ့ထက်မက အရှိန်အဟုန် တိုးမြှင့်ပြီး ဆောင်ရွက်နိုင်ပါစေလို့ ကျွန်တော် ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

အားလုံးကို လေးစားပါတယ် … အရေးတော်ပုံ အောင်ရမည်။

ဒေါက်တာဥက္ကာ
အမြဲတမ်းအတွင်းဝန်
ကျန်းမာရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

(ပေးပို့လာသော အသံဖိုင်ကို စာသား ပြန်စီထားခြင်း ဖြစ်ပါသည်) 

Ministry of Health,
National Unity Government.

Published on: 27 June 2023
Last updated: 27 June 2023