Dr Zaw Wai Soe at the California State Senate (May 2023)

အမေရိကန် ကယ်လီဖိုးနီးယား အထက်လွှတ်တော် (California State Senate) တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးအား ကြိုဆိုကြောင်း တရားဝင်မှတ်တမ်းတင်ဂုဏ်ပြု ၂၀၂၃ ခုနှစ်၊ မေလ (၂၈) ရက် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ် အထက်လွှတ်တော် (California State Senate) တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုးအား ကြိုဆိုကြောင်း တရားဝင်မှတ်တမ်းတင်၍ ဂုဏ်ပြုခဲ့ပါသည်။ မေလ ၂၅ ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုးနှင့် ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်တို့သည် အမေရိကန်၊ ကယ်လီဖိုးနီးယား အထက်လွှတ်တော် (California State Senate) သို့ NUG ကိုယ်စားပြုကာ သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ “မြန်မာနိုင်ငံမှ ဒေါက်တာဇော်ဝေစိုးကို ကယ်လီဖိုးနီးယား အထက်လွှတ်တော်က ကြိုဆိုပါတယ်။ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးဟာ ဒီမိုကရေစီလှုပ်ရှားမှု ခေါင်းဆောင်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါတယ်” ဟုဆိုကာ ကယ်လီဖိုးနီးယား အထက်လွှတ်တော် (California State Senate) က ကြိုဆိုဂုဏ်ပြုခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးများသည် မွန်းလွဲပိုင်းတွင် Senator Benjamin J Allen နှင့် သီးခြားတွေ့ဆုံ၍ မြန်မာပြည်ရေးရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။

Ministry of Health,

National Unity Government.

Published on: May 28, 2023

Last updated: May 28, 2023