၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၂၂) ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာဇော်ဝေစိုးသည် စက်တင်ဘာလ (၁၉) ရက်၊ အင်္ဂါနေ့၊ နံနက် (၀၈း၀၀) နာရီတွင် အမေရိကန်ပြည်ထောင်စု၊ New York မြို့၊ The Plaza ဟိုတယ်၌ ကျင်းပပြုလုပ်သော “the launch of first WHO Report on Hypertension” အစီအစဉ်သို့ ပါဝင်တက်ရောက်ခဲ့ပါသည်။
အဆိုပါ အစီအစဉ်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization – WHO)၊ Bloomberg Philanthropies နှင့် Resolve to Save Lives (RTSL) တို့မှ ပူးပေါင်း၍ ကြီးမှူးစီစဉ် ကျင်းပခဲ့ပြီး အဖွင့်အမှာစကားကို WHO ၏ ညွှန်ကြားရေးမှူးချုပ် Dr. Tedros Adhanom Ghebreyesus က လည်းကောင်း၊ High-level remarks များကို Bloomberg Philanthropies တည်ထောင်သူ Mr. Michael Bloomberg နှင့် ဖိလစ်ပိုင်နိုင်ငံမှ ကျန်းမာရေးဝန်ကြီးတို့က လည်းကောင်း အသီးသီး ပြောကြားခဲ့ပါသည်။ ထို့နောက် နိုင်ငံအလိုက် သွေးတိုးရောဂါ ဖြစ်ပွားမှု အခြေအနေနှင့်ပတ်သက်၍ RTSL ၏ ဥက္ကဋ္ဌ Dr. Tom Friden က ရှင်းလင်း ပြောကြားခဲ့ပြီး တွေ့ရှိချက်များကို WHO မှ NCD Director Dr. Bente Mikkeisen က တင်ဆက်ခဲ့ပါသည်။ ထို့အပြင် တြီနီဒတ်နှင့် တိုဗေးဂိုးနိုင်ငံနှင့် ဂါနာနိုင်ငံတို့မှ ကျန်းမာရေးဝန်ကြီးတို့ ကလည်း သွေးတိုးရောဂါ၊ ကူးစက်ရောဂါနှင့် နာတာရှည်ရောဂါတို့ နှင့်စပ်လျဉ်း၍ ၎င်းတို့နိုင်ငံ၏ အတွေ့အကြုံများကို ဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာဇော်ဝေစိုးသည် New York မြို့ရှိ ကုလသမဂ္ဂဌာနချုပ် (United Nations Headquarter) ၌ နံနက် (၁၁း၀၀) နာရီတွင် ကျင်းပပြုလုပ်သည့် “UNGA78 High-Level Side Event on Innovative approach in achieving Universal Health Coverage inclusive of Mental Health and Disabilities” အစီအစဉ်သို့ Chatham House Commission on Universal Health ၏ အဖွဲ့ဝင်အဖြစ် တက်ရောက်ခဲ့ပါသည်။ ဖော်ပြပါ အစီအစဉ်တွင် စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးမျှော်မှန်းချက် (SDG) ၏ Target 3.8 ဖြစ်သော လူတိုင်းလက်လှမ်းမီ လွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှု (Universal Health Coverage – UHC) အား ပြည့်ဝစွာ အကောင်အထည်ဖော်နိုင်ရေးနှင့် ယင်းလုပ်ငန်းစဉ်အတွက် Community-based healthcare model ၏ အရေးပါမှု၊ လူတစ်ဦးတစ်ယောက်ချင်းစီတိုင်း အရည်အသွေး ပြည့်ဝသော ကျန်းမာရေး ဝန်ဆောင်မှုများကို တန်းတူညီမျှ ခံစားခွင့်ရရှိရေးနှင့် ယင်းလုပ်ငန်းစဉ်အတွက် ရင်းနှီးမြှုပ်နှံမှုများ လုံလောက်စွာ ထည့်ဝင်ရေးတို့အတွက် ဆွေးနွေးရန် အဓိကရည်ရွယ်လျက် ကုလသမဂ္ဂဆိုင်ရာ အန်တီဂွာနှင့် ဘာဘူဒါ၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ တရုတ်နှင့် မလေးရှား အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးများနှင့်အတူ Chatham House နှင့် Shuchona Foundation တို့က ပူးပေါင်းကြီးမှူး၍ ကျင်းပခဲ့ပါသည်။
ယင်းအစီအစဉ်တွင် Plenary Session နှင့် Technical Session ဟူ၍ နှစ်ပိုင်းခွဲခြား ကျင်းပခဲ့ပြီး ပထမပိုင်း အစီအစဉ်တွင် စိန့်မာတင်နိုင်ငံမှ ဝန်ကြီးချုပ် H.E. Ms. Silveria Jacobs နှင့် မော်လ်ဒိုက်နိုင်ငံ၊ ကျန်းမာရေးဝန်ကြီး H.E. Ms. Safiyya Mohamed Saeed တို့က အဖွင့် အမှာစကားပြောကြားကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဝန်ကြီးချုပ် H.E. Sheikh Hasina က အပိတ်အမှာစကား ပြောကြားခဲ့ပါသည်။
ဒုတိယပိုင်း အစီအစဉ်တွင် Commission on Universal Health မှ အဖွဲ့ဝင်နှင့် CVF Thematic Ambassador on Vulnerabilities ဖြစ်သူ H. E. Ms. Saima Wazed က အဓိကဆွေးနွေးခဲ့ပြီး မလေးရှားနိုင်ငံ၊ ကျန်းမာရေးဝန်ကြီး Dr. Muhammad Radzi Abu Hassan၊ ဗြိတိန်နိုင်ငံ၊ Foreign, Commonwealth and Development Office မှ Deputy Director Mr. Chris Carter၊ Chatham House Commission on Universal Health ၏ အလုပ်အမှုဆောင် ညွှန်ကြားရေးမှူး Mr. Robert Yates နှင့် WHO မှ Assistant Director-General Dr Jérôme Salomon တို့က Panelist များအဖြစ် ဆွေးနွေးပြောကြားခဲ့ကြပါသည်။
Ministry of Health,
National Unity Government.








Published on: September 22, 2023
Last updated: September 22, 2023