“အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် အနာဂတ်ရှေ့လုပ်ငန်းစဥ်များကို ရှင်းလင်းတင်ပြ” (Minister Dr. Zaw Wai Soe Presents about the Work of MOH at Meeting with CRPH) (November 2023)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် အနာဂတ်ရှေ့လုပ်ငန်းစဥ်များကို ရှင်းလင်းတင်ပြ

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက်

နိုဝင်ဘာလ (၁၇) ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပခဲ့သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (Committee Representing Pyidaungsu Hluttaw – CRPH) ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄၇/၂၀၂၃) တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၏ လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ရှေ့ဆက်၍ အကောင်အထည်ဖော်သွားမည့် လုပ်ငန်းစဥ်များကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုးက ရှင်းလင်းတင်ပြခဲ့ပါသည်။

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က အဖွင့်အမှာစကား ပြောကြားရာတွင် မြေပြင်လွှတ်တော်ကိုယ်စားလှယ်များနှင့် ဝန်ကြီးဌာနတို့ ချိတ်ဆက်ဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်း၊ မြေပြင်စိုးမိုးမှု များလာသည်နှင့်အမျှ ဆောင်ရွက်ရန် လုပ်ငန်းများလည်း များပြားလာပါကြောင်း၊ ဝန်ကြီးအနေဖြင့် နိုင်ငံတကာနှင့် ပြည်တွင်းရှိ မျက်မှောက်အခြေအနေများအတွက် ဆောင်ရွက်ထားရှိမှုများကို ကိုယ်စားလှယ်များသိရှိစေရန် မည်သို့စီစဥ်ဆောင်ရွက်နေသည်ကို မျှဝေပေးရန်ဖြစ်ပြီး ထိုသို့သိရှိခြင်းအားဖြင့် မိမိတို့အနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ NUG အနေဖြင့် နိုင်ငံတကာကို မည်သို့ သတင်းစကား ပေးနေသည်နှင့် လွှတ်တော်အနေဖြင့်လည်း မည်သို့ ပူးပေါင်း၍ သတင်းစကားပါးရမည်ကို ဆွေးနွေးစေလိုပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုးက ဝန်ကြီးဌာန၏ လုပ်ငန်းစဥ်များအနေဖြင့် Federal Health Policy ပေါ်ပေါက်လာစေရန် ကြိုးပမ်းနေမှုများ၊ တိုင်းနှင့်ပြည်နယ်များတွင် ကျန်းမာရေးဝန်ထမ်း (၄,၂၃၁) ဦးဖြင့် ဆေးရုံပေါင်း (၇၂) ရုံ၊ အရေးပေါ်ယူနစ် (၃၇၇) ခု၊ Mobile Clinic (၂၅၀) ကျော်တို့အား အကောင်အထည်ဖော်ဆောင်နိုင်ခဲ့ကာ ပြည်နယ်အများစုတွင် အတိုင်ပင်ခံကောင်စီ၊ ကျန်းမာရေးအဖွဲ့များအား လွှဲပေးပြီး တိုင်းများကိုသာ တိုက်ရိုက်ဆောင်ရွက်နေမှုများ၊ ကျန်းမာရေးအသုံးစရိတ် အခြေအနေများ၊ စိတ်ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ၊ ပြည်သူ့ကျန်းမာရေး အသိပညာပေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ၊ ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်များနှင့် သုတေသနဆိုင်ရာလုပ်ငန်းများ၊ ပြည်တွင်း၊ ပြည်ပရှိ နိုင်ငံတကာအဖွဲ့အစည်းများ၊ အသင်းအဖွဲ့များ၊ အလှူရှင်များနှင့် ချိတ်ဆက်မှု ကောင်းစွာ ပူးပေါင်းဆောင်ရွက်နေမှုများ၊ ရှေ့ဆက်လုပ်ငန်းစဥ်များတွင် ကြုံတွေ့လာနိုင်သည့် အခြေအနေများအား ပြည့်စုံစွာ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် ကော်မတီဝင်များက နယ်မြေဒေသအလိုက် လိုအပ်လျက်ရှိသည့် အခြေအနေများအား ဆွေးနွေးမေးမြန်းရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်းဖြေကြား၍ ချိတ်ဆက်လုပ်ဆောင်နိုင်သည့် လုပ်ငန်းများအား ညှိနှိုင်းပြောကြားခဲ့သည်။

ဆက်လက်၍ ရေးရာကော်မတီများအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ တင်ပြဆွေးနွေးရာတွင် NUCC ရေးရာကော်မတီ၊ နိုင်ငံတကာဆက်ဆံရေးကော်မတီနှင့် ဖက်ဒရယ်ရေးရာကော်မတီတို့က ဆောင်ရွက်ထားရှိသည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့ကြသည်။

နိဂုံးချုပ်အနေဖြင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌက ယနေ့ တာဝန်ယူထားရသူ အသီးသီးသည် တသားတည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ကာ ဒီကနေ့ မိမိတို့ ဆောင်ရွက်ချက်များသည် မနက်ဖြန်အတွက် သမိုင်းဖြစ်၍ ဘယ်လောက်ထိ ကြိုးစားပမ်းစား ဆောင်ရွက်နေကြသလဲဆိုတာ နိုင်ငံရေးသီလကို ယုံကြည်လျှင် ပြီးသော်လည်း သိသင့်သည့် လက်ရှိအနေအထား၊ ဆောင်ရွက်ချက်များကိုလည်း ပြည်သူအား မျှဝေပေးရမည် ဖြစ်ပါကြောင်း၊ မိမိတို့ဘက်မှ နယ်မြေကို စိုးမိုးလာနိုင်သည်နှင့်အမျှ စစ်ကောင်စီအနေဖြင့် ပြည်သူကို ပစ်မှတ်ထားလာခြင်းကြောင့် တာဝန်များ ကြီးလာသကဲ့သို့ လူသားချင်းစာနာထောက်ထားမှု အကူအညီများလည်း ပိုမိုလိုအပ်လာပါကြောင်း၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ရန်လည်း လိုအပ်ကြောင်း၊ ပြောင်းလဲလာသည့် နိုင်ငံရေးအခြေအနေများအား မျက်ခြေမပြတ် သိရှိထားရန်နှင့် စွမ်းဆောင်နိုင်မှုများ၊ ကျွမ်းကျင်မှုများအတွက် ဝမ်းစာဖြည့်ထားနိုင်ကြရန် ပြောကြား၍ အစည်းအဝေးကို ၂၁၃၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့သည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီများမှ အဖွဲ့ဝင်များ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

Ministry of Health,
National Unity Government.

Published on: November 20, 2023
Last updated: November 20, 2023