“အမေရိကန်ပြည်ထောင်စု၊ အိုကလာဟိုးမား (Oklahoma) ပြည်နယ်၊ Tulsa မြို့၊ လူထုတွေ့ဆုံပွဲသို့ ဒေါက်တာဇော်ဝေစိုး တက်ရောက်” (Dr. Zaw Wai Soe – Tulsa, Oklahoma) (July, 2023)

“အမေရိကန်ပြည်ထောင်စု၊ အိုကလာဟိုးမား (Oklahoma) ပြည်နယ်၊ Tulsa မြို့၊ လူထုတွေ့ဆုံပွဲသို့ ဒေါက်တာဇော်ဝေစိုး တက်ရောက်”

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၄) ရက်

အမေရိကန်ပြည်ထောင်စု၊ အိုကလာဟိုးမား (Oklahoma) ပြည်နယ်၊ Tulsa မြို့တွင် (၂-၇-၂၀၂၃) ရက်နေ့၊ ဒေသစံတော်ချိန် ညနေ (၆) နာရီမှ (၁၀) နာရီကြား၌ ကျင်းပပြုလုပ်သော Tulsa နှင့် အနီးတဝိုက်မှ မြန်မာပြည်သူလူထုနှင့် တွေ့ဆုံပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုးနှင့် ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်တို့ တက်ရောက်ခဲ့ကြပါသည်။

လူထုတွေ့ဆုံပွဲ မတိုင်မီတွင် ပြည်ထောင်စုဝန်ကြီးများသည် အိုကလာဟိုးမားပြည်နယ်၊ အထက်လွှတ်တော် (Oklahoma Senate) မှ Senator Jo Anna Dossett နှင့် အိုကလာဟိုးမား ဒီမိုကရက်တစ်ပါတီ ဥက္ကဌ (Oklahoma Democratic Party Chair) Alicia Andrews တို့နှင့် သီးသန့်တွေ့ဆုံ၍ မြန်မာ့အရေး ဆွေးနွေးခဲ့ကြပါသည်။ Senator နှင့် အိုကလာဟိုးမား ဒီမိုကရက်တစ်ပါတီ ဥက္ကဌတို့က မြန်မာနိုင်ငံတွင် ဒီမိုကရေစီရရှိရေး လှုပ်ရှားမှုများနှင့် ကြိုးပမ်းမှုများကို အသိအမှတ်ပြုကြောင်း၊ Myanmar Community Of Tulsa နှင့် မြန်မာ့အရေးလှုပ်ရှားနေသူများထံ ပြန်လည်ဆက်သွယ်ပြီး ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးနိုင်ရန် ကြိုးစားသွားမည့်အကြောင့်း ပြောကြားခဲ့ပါသည်။

ထို့နောက် Greet and Meet အစီအစဉ်ကို ဆက်လက်ကျင်းပပြုလုပ်ရာ NUG ပြည်ထောင်စုဝန်ကြီးများ၊ Senator နှင့် အိုကလာဟိုးမား ဒီမိုကရက်တစ်ပါတီ ဥက္ကဌတို့က မြန်မာပြည်သူလူထုနှင့် ရင်းနှီးစွာ တွေ့ဆုံ၍ နှုတ်ဆက်အမှာစကားများ အသီးသီးပြောကြားခဲ့ကြပါသည်။ ချင်းတိုင်းရင်းသား နာမည်ကြီး အဆိုတော်များသည့် Benjamin Lianpi နှင့် Shi Bia တို့ကလည်း သီဆိုဖျော်ဖြေခဲ့ကြပြီး Myanmar Community Of Tulsa က အမျိုးသားညီညွတ်ရေးအစိုးရထံ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ပါသည်။

Myanmar Community Of Tulsa အနေဖြင့် လူထုတွေ့ဆုံပွဲသို့ တက်ရောက်လာသော Tulsa နှင့် အနီးတဝိုက်မှ မြန်မာပြည်သူများ၊ ရပ်နီးရပ်ဝေးမှ တိုင်းရင်းသားများ၊ Volunteer များ၊ နွေဦး စားဖိုမှူးများ၊ ပြည်သူချစ် အဆိုတော်များနှင့် တီးဝိုင်းသမားများ၊ Chin Community Of Tulsa မှ ခေါင်းဆောင်းများအားလုံးကို အထူးကျေးဇူးတင်ကြောင်း ၎င်းတို့၏ လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြခဲ့ပါသည်။

Source: Myanmar Community Of Tulsa

Ministry of Health,
National Unity Government.

Published on: 5 July 2023
Last updated: 5 July 2023