ဒေါက်တာဇော်ဝေစိုး – မီးပိတ်သပိတ် လူထုလှုပ်ရှားမှု (Video)(၂၈-၁၀-၂၀၂၂)

❏ ဖားကန့်-အနန့်ပါမှသည် တိုင်းရင်းသား လူမျိုးပေါင်းစုံ သွေးစည်းညီညွတ်ရေးကို ဖော်ညွှန်း‌သည့် အောက်ပါ လူထုတိုက်ပွဲလှုပ်ရှားမှုကြီးကို လူထုအားလုံး တညီတညွတ်တည်း ဖော်ဆောင်၊ ဆင်နွှဲကြပါစို့။

ဖားကန့် – အနန့်ပါ လေကြောင်းတိုက်ခိုက်မှု စစ်ရာဇဝတ်မှုကြီးအတွက် မိမိတို့ စိတ်ထဲကနေ ဝမ်းနည်း၊ ကြေကွဲ၊ နာကြည်းနေရုံမျှနဲ့ တင်းတိမ်မနေကြသင့်။

ဒီဝမ်းနည်းနာကြည်းစိတ်ကို တော်လှန်ရေးခွန်အားအဖြစ် လက်တွေ့ကျကျ ပြောင်းလဲဖော်ဆောင်ကြရမယ်။

ဒီအတွက် ပြည်သူလူထုတစ်ရပ်လုံး၊ တစ်နိုင်ငံလုံး ပါဝင်ဆင်နွှဲနိုင်မယ့် “လူထုတိုက်ပွဲ လှုပ်ရှားမှု” ကြီးတစ်ရပ် ဖော်ဆောင်ကြပါစို့။

#မီးပိတ်သပိတ်_လူထုလှုပ်ရှားမှု

ဖားကန့် – အနန့်ပါ လေကြောင်းတိုက်ခိုက်မှု စစ်ရာဇဝတ်မှုကြီးမှာ ကျဆုံး၊ ထိခိုက်ဒဏ်ရာရသူများ အပါအဝင် နွေဦးတော်လှန်ရေးနဲ့ တော်လှန်ရေးအဆက်ဆက်မှာ ကျဆုံးရသူများအတွက် ဝမ်းနည်းကြေကွဲခြင်း၊ ဂုဏ်ပြုဦးညွှတ်ခြင်းအားဖြင့် မိမိတို့ပြည်သူအားလုံးက “မီးပိတ်သပိတ် လူထုလှုပ်ရှားမှု” ကြီး ဆင်နွှဲကြဖို့ ဖြစ်ပါတယ်။

☗ နေ့ရက် – ၂၈ ရက်၊ အောက်တိုဘာလ၊ ၂၀၂၂ ခုနှစ် (သောကြာနေ့)

☗ အချိန် – ည (၈:၃၀) နာရီ (ဖားကန့်-အနန့်ပါ လေကြောင်း တိုက်ခိုက်ခံရသည့် အချိန်)

☗ မီးပိတ်မှု ကြာချိန် – ၁၀ မိနစ်

ဒီသတ်မှတ် နေ့ရက်နဲ့ အချိန်မှာ မိမိတို့ အိမ်များ၊ လမ်းများ၊ အဆောက်အဦများက လျှပ်စစ်မီးအပါအဝင် မီးအားလုံးကို ပိတ်၊ အမှောင်ချထားကြဖို့ ဖြစ်ပါတယ်။

အဲ့ဒီညမှာ မီးပိတ်သပိတ် လှုပ်ရှားမှုအပြင် ကျဆုံးပုဂ္ဂိုလ်များအတွက် မိမိတို့ ယုံကြည်မှု ဘာသာတရားအလိုက် ဆုတောင်းမှုများ၊ ကချင်လူထုနဲ့ အတူရပ်တည်ကြောင်း ရည်ညွှန်းသရုပ်ဖော် လှုပ်ရှားမှုများကိုလည်း တစ်ပါတည်း ဖော်ဆောင်ကြဖို့ ဖြစ်ပါတယ်။

ကချင်မြေကို ထိရင် ငါတို့အားလုံးနဲ့ ငြိတာပဲ။ ဖက်ဒရယ်ပြည်ထောင်စုရဲ့ ဘယ်နေရာကို ထိထိ ငါတို့ ပြည်သူအားလုံးနဲ့ သေချာပေါက် ငြိတာပါပဲ။ လူမျိုးပေါင်းစုံ၊ တိုင်းရင်းသားပေါင်းစုံ သွေးစည်းညီညွတ်ရေးမှသည် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီသို့ . . .

ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်။

အရေးတော်ပုံ အောင်ရမည်။

Ministry of Health,

National Unity Government.

 Published on: 28 October 2022
Last Updated: 28 October 2022