နားထဲရေ၀င်ပြီး နားအူခြင်း ၊ နားပြည်ယိုခြင်း နှင့် နားမှိုစွဲခြင်း
ဘယ်အချိန်တွေမှာ (သို့) ဘာလုပ်ရင် ဖြစ်တတ်ပါ သလဲ?
အဓိကကတော့ နားထဲ ပိုး၀င်သွားလို့ပါ။ ဘာကြောင့်ပိုး၀င်လဲဆိုတော့ မသန့်တဲ့ရေတွေ နားထဲ၀င်တာနဲ့ နားကလော် နားကြပ်တာတွေ၊ ရေကူးတဲ့သူတွေ (swimmer’s ear)၊ ရေလွှာလှိုင်းစီးတဲ့သူတွေမှာ ( surfer’s ear) အဖြစ်များပါတယ်။ ကလိုရင်း ခပ်ထားတဲ့ရေက ဆားငံရေထက်နားကို ပိုထိခိုက်စေပါတယ်။ ရာသီဥတု ပူပြီး စိုထိုင်းထိုင်းဆိုရင်လည်း ပိုဖြစ်ပါတယ်။
ဘာလို့ဖြစ်တာပါလဲ?
နားစည်အပြင်ဘက်ခြမ်း နားအတွင်း (external acoustic canal)ထဲ၀င်သွားတဲ့ ရေတွေဟာ ပြန်ထွက်ရမယ့်အပေါက်ကနေ အလွယ်တကူ မထွက်နိုင်တဲ့အခါ ရေ၀ပ်ပြီး ပိုးပေါက်တာ၊ ရောင်တာတွေဖြစ်စေတာပါ။ အဓိကကတော့ ဘက်တီရီးယားပိုးတွေ၊ မှိုတွေ၊ နဖားချေးကလော်တာ နားကြပ်တာကြောင့် ဖြစ်တတ်ပါတယ်။
နားစည်အပြင်ဘက်ခြမ်း (external acoustic canal )ကနေ နားရဲ့ထွက်ပေါက်ဘက် လမ်းကြောင်းကလည်း နဂိုတည်းက မညီညာမချောမွေ့ပါဘူး။ ကိုယ့်လမ်းကြောင်းက ပိုရှည်၊ ပိုကျဉ်းရင် ပိုဖြစ်နိုင်ပါတယ်။
ဘာတွေခံစားရနိုင်ပါသလဲ?
နားကိုက်မယ်၊ နာမယ်၊ ထိရင်နာမယ် ဒါကတော့ ဖြစ်လေ့ရှိပါတယ်။ အရမ်းဆိုးလာရင်တော့ နားကနေ ပြည်ထွက်မယ်၊ သားငန်ရည်ထွက်မယ်၊ ယားမယ်၊ နားအူမယ်၊ အဆိုးဆုံးကတော့ အကြားအာရုံလျော့ / နားပိတ်သွားတာပါပဲ။
ဒါဆို ဖြစ်လာခဲ့ရင် ဘယ်လိုလုပ်ရမလဲ?
အဓိကကတော့ နားကို ခြောက်ပြီး သန့်အောင်ထားဖို့ပါပဲ။ ဖြစ်လာရင် ဆရာ၀န်နဲ့တိုင်ပင်ပြသပါ။ဆရာ၀န်က နားကို သန့်အောင် မျက်စိရှေ့သေချာမြင်အောင် (otoscope or microscope သုံး ပြီး) အထဲက အောင်းနေတဲ့ ပိုးရှိတဲ့အရည်တွေကို ပိုက် (suction or probe) နဲ့ စုပ်ပေးပါလိမ့်မယ်။ ပြီးရင်တော့ နားထဲထည့်ဖို့ဆေးပေးပါလိမ့်မယ်။ ပိုးသတ်ဆေးလည်း လိုအပ်ရင် တိုက်ပါလိမ့်မယ်။ ပိုဆိုးရင်လည်း လိုအပ်သလိုဆရာ၀န်တွေက ဆက်လက်ညွှန်ကြား ကုသပေးပါလိမ့်မယ်။ အရမ်းနာရင်တော့ အကိုက်အခဲပျောက်ဆေး သောက်ဖို့ လိုပါလိမ့်မယ်။
မဖြစ်အောင် ဆင်ခြင်လို့ ရနိုင်မလား ?
ရနိုင်ပါတယ်။ တစ်ခွန်းတည်းပြောဆိုရင်တော့ နားထဲ ရေမ၀င်ပါစေနဲ့။
– နားထဲ ရေမ၀င်ပါစေနဲ့။
– ရေ၀င်ခဲ့ရင် ခေါင်းကိုစောင်းထားပါ။ မရရင်လည်း ရေအငွေ့ပျံပြီးခြောက်သွားပါမယ် (သို့) Aquaear dropချလို့လည်း ရပါတယ်။ နားစည်ပေါက်ဖူးရင်တော့ နားဆရာဝန်နှင့်တိုင်ပင်ပါ။
– ရေကူးရင် နားပေါက်ကို earplug စို့ထားပါ (သို့) ဦးထုပ်ဆောင်းထားပါ။
– ရေချိုးရင်လည်း နားပေါက်ကို earplug စို့ထားပါ (သို့) ဦးထုပ်ဆောင်းထားပါ။
– ခေါင်းလျှော်တဲ့အချိန်မှာလည်း နားပေါက်ကို earplug စို့ထားပါ (သို့) ဦးထုပ်ဆောင်းထားပါ။
– နားထဲကို ဆံညှပ်ကလစ်နဲ့ ထိုးတာတွေ၊ နားကြပ်တံနဲ့ ထိုးတာတွေ ရှောင်ကျဉ်ရမှာ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ နားက နဂိုတည်းက သန့်ပြီးသားပါ။ ဒါကြောင့် မကြာခဏ သန့်ရှင်းရေးလုပ်စရာ မလိုပါဘူး။ တစ်စုံတခုဖြစ်ခဲ့ရင်လည်း နားဟာ အကြားအာရုံအတွက် အရေးကြီးတာမို့ မပေါ့ဆပဲ ဆရာ၀န်နဲ့ တိုင်ပင်ဆွေးနွေးပြီး သေချာကုသကြဖို့ တိုက်တွန်းလိုက်ရပါတယ်။
Reference
Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.264.
NUG, MOH…တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ
တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းများ ပြသရန် ( နေ့စဥ် မနက် ၈နာရီမှ ညနေ၆နာရီအထိ )
ကြိုတင်ဘိုကင်ယူရန်အတွက် ( https://m.me/telehealthmm )ကိုနှိပ်ပါ
ချက်ချင်းဆေးခန်းပြရန်အတွက်( https://t.me/TelehealthMM )ကိုနှိပ်ပါ
လှူဒါန်းရန်-
https://moh.nugmyanmar.org/donate/
Ministry of Health,
National Unity Government.

Published on: 27 April 2022
Last Updated: 27 April 2022